အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ရဲ့ အလှအပ

blank

လွန်ခဲ့တဲ့သုံးနှစ်ကပဲ ကျွန်တော် ကျွန်တော့်ဇနီးနဲ့ကွာရှင်းခဲ့တယ်။ အိမ်ပြန်ရောက်တိုင်း သူမရဲ့  ပုံပန်းပန်းပျက်ခန္ဓာကိုယ်နဲ့ ဆီပြန်နေတဲ့ မျက်နှာက ကျွန်တော့်ရဲ့ နှလုံးသားကို ဆိတ်ငြိမ်စေလာတာရယ် အရင်ကလိုမဟုတ်တော့ဘဲ ပြောင်းလဲလာတဲ့သူမရဲ့ စရိုက်တွေကြောင့် ကျွန်တော်သူမကို လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်က ရုပ်ဝါဒီသမားတစ်ယောက်မဟုတ်ပေမဲ့ ကြင်နာမှုလေးတွေ၊ တီတီတာတာပြောတာလေးတွေကို လိုချင်တာပေါ့ဗျာ။ အခုတော့ ကျွန်တော့မိန်းမက ကျွန်တော့်ကို ဂရုမှမစိုက်တာ။ အဲဒါကြောင့် အသက်ငယ်၊ အချွဲကောင်းပြီး ပြုစုယုယတတ်တဲ့ ဒေစီဆိုတဲ့ကောင်မလေးနဲ့ပဲ ကျန်ရှိတဲ့ဘဝရဲ့ အစိတ်အပိုင်းတွေကို ကျော်ဖြတ်ချင်တော့တာကြောင့် ကျွန်တော့်မိန်းမနဲ့ကွာရှင်းခဲ့တာပေါ့။

လွန်ခဲ့တဲ့နှစ်ရက်လောက်က ကျွန်တော့်ဇနီးဟောင်းလေးကို ရှော့ပင်းစင်တာတစ်ခုမှာ တွေ့တယ်ဗျ။ သူမပုံစံက အပျိုဘဝတုန်းကလိုပဲ လှပလင်းလက်လို့။ ပန်းနုရောင်နှုတ်ခမ်းလေးပေါ်က အပြုံးလေးက ကျွန်တော်နဲ့ပေါင်းသင်းနေထိုင်တဲ့နေ့တွေမှာတုန်းက ဘယ်ကိုများပျောက်ဆုံးနေခဲ့တာပါလိမ့်။ သူမရဲ့လှပစွာအရောင်တင်ထားတဲ့ မျက်ဝန်းလေးတွေကတော့ လွန်ခဲ့တဲ့နှစ်က ကြေကွဲခြင်းတွေကို မေ့ပစ်လိုက်ပုံရတယ်။ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေက ကျွန်တော့်ဇနီးဟောင်းများ ဟုတ်ပါလေစလို့ တွေးမိတဲ့အထိ လှပနေတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမကိုတွြေ့ပီးတဲ့နောက်မှာ ကျွန်တော် အတွေးပေါင်းများစွာနဲ့ ကျန်ခဲ့တော့တယ်။ တကယ်တော့ ကျွန်တော်နဲ့ပေါင်းသင်းနေထိုင်တဲ့ကာလမှာ ကျွန်တော့်ဇနီးသည်မလှမပ မပြင်နိုင်မဆင်နိုင်ဖြစ်နေခဲ့တာ ဘာကြောင့်လဲဆိုတာ ကျွန်တော်တစ်ချက်ကလေးတောင်တွေးကြည့်ဖို့ မစဉ်းစားခဲ့ဘူး။

ကျွန်တော့်အတွက် သမီးလေးတစ်ယောက်မွေးပေးခဲ့တဲ့အတွက် သူမဗိုက်ပူခါးတုတ်ဖြစ်သွားခဲ့တာ…

ကျွန်တော့်သားသမီးတွေရဲ့ ဝေယျာဝစ္စ၊ ကျွန်တော့်ဝေယျာဝစ္စတွေကို လုပ်ပေးနေတာကြောင့် အလှအပတွေကို သူမမေ့ပစ်ခဲ့တာ…

အိမ်မှုကိစ္စတွေနဲ့ လုံးပန်းရင်း ကျွန်တော်ပြန်လာတဲ့အခိုက်လေးမှာ ကယုကယင်စကားလေးတွေ မပြောနိုင်တော့တာတွေ အားလုံးကို ကျွန်တော်မြင်ယောင်လာခဲ့တယ်။

ကျွန်တော်တို့အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ ကျွန်တော်ကိုယ်စားတဲ့ပန်းကန်တောင် ကိုယ်မဆေးခဲ့ရဘူး။  ညညကလေးငိုတဲ့အခါ ကျွန်တော်အိပ်ပျက်မှာ စိုးရိမ်ပြီးကလေးကို အပြင်ဘက်ခေါ်သွားပြီးသိပ်ခဲ့တဲ့ သူမရဲ့မျက်ကွင်းညိုညိုတွေကို ကျွန်တော်လျစ်လျူရှုခဲ့တယ်။ အလုပ်နားရက်ကလေးမှာတောင် သူမနဲ့အတူရှိမပေးဘဲ သူငယ်ချင်းတွေနဲ့ လျှောက်သွားခဲ့တယ်။ သူမဘာတွေဖြစ်နေလဲ၊ ဘာတွေခံစားနေရလဲဆိုတာကို နားလည်ဖို့ကျွန်တော်မစဉ်းစားခဲ့ဘူး။ သူမအရယ်အပြုံးနည်းလာတာ ဘယ်လိုအခက်အခဲတွေကြောင့်လဲဆိုတာ ကျွန်တော်မမေးခဲ့ဘူး။ အိမ်ထောင်ရှင်ယောက်ျားတစ်ယောက်ရဲ့ တာဝန်ဟာ ငွေရှာပေးတာတစ်ခုတည်းနဲ့ လုံလောက်ပြီလို့ သဘောထားခဲ့တယ်။ ကျွန်တော့်ကို ပြုစုယုယမှုတွေမပေးနိုင်တာဟာ အိမ်ထောင့်တာဝန်မကျေပွန်တဲ့ အိမ်ရှင်မအဖြစ်သဘောထားပြီး သူမတစ်ယောက်တည်းကိုထားပြီး ပစ်ထားခဲ့မိတယ်။

အခုတော့ သူမဟာ အတိတ်နွံထဲက ရုန်းထနိုင်ပြီး အလှပဆုံးလျှောက်လှမ်းနေခဲ့ပြီ။ သူမအတွက် သူမစဉ်းစားပြီး ဘဝကိုတက်ကြွစွာပြန်လည်လျှောက်လှမ်းနေပြီ။ သူမကိုကြည့်ပြီး သူမကိုမလှပအောင် ဖန်တီးနေခဲ့တဲ့အရာတွေက ဘာတွေလည်းဆိုတာကို ကျွန်တော်ကောင်းကောင်း သဘောပေါက်လာခဲ့တယ်။ ကျွန်တော်နဲ့ လက်ထပ်ပေါင်းသင်းနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လှခြင်းမလှခြင်း၊ ပျော်ရွှင်မပျော်ရွှင်ခြင်းဆိုတာ ကျွန်တော်နဲ့ အများကြီး သက်ဆိုင်တယ်ဆိုတာကိုလည်း နားလည်လာခဲ့တယ်။

ကျွန်တော်လေ..ဖြစ်နိုင်ရင် သူမကိုပျော်ရွှင်လှပအောင် ထားတဲ့အခွင့်အရေးလေး ပြန်ရချင်တယ်။

ဒါပေမဲ့ဗျာ…. အချိန်ဆိုတာ နောက်ပြန်ဆုတ်လို့မှ မရတာ…