မေမေ့သားလေး ချစ်သူရလာတဲ့အချိန်ကျရင် ဒီစာလေးကို ဖတ်ဖြစ်အောင်ဖတ်ပါ

blank

ချစ်ရတဲ့ မေမေ့သားလေးရေ…

မိခင်တစ်ယောက်အနေနဲ့ သားလေးကို မှာကြားချင်တာတွေကတော့ အများကြီးပါပဲကွယ်။ သားလေးကအခု ငယ်သေးတယ်ဆိုပေမဲ့ မဝေးတော့တဲ့အနာဂတ်မှာ ရင့်ကျက်တဲ့ အမျိုးကောင်းသားတစ်ယောက်ဖြစ်လာမှာပါ။ သားလေးအတောင်အလက်စုံလာလို့ ပျံသန်းချိန်ရောက်လာရင် မေမေတို့က ကိုယ့်သားသမီးကို လောကကောင်းကင်ကြီးထဲ ပျံသန်းခွင့်ပေးရမှာပါပဲ။ မေမေတို့ တားပိုင်ခွင့်မရှိဘူးလေ။ ဒါပေမဲ့ မေမေတို့လုပ်နိုင်တာ တစ်ခုရှိတယ်။ အဲဒါကတော့ လောကကောင်းကင်ကျယ်မှာ လှလှပပနဲ့ မြင့်မြင့်ပျံဖို့ ပျံပုံပျံနည်းတွေ သင်ပေးဖို့ပါပဲ။

သားသိလား။ မိဘမျိုးရိုးကောင်းက ဆင်းသက်လာတိုင်း အမျိုးကောင်းသားဖြစ်မလာနိုင်ဘူး။ ယောက်ျားပီသတဲ့ အမျိုးကောင်းသားတစ်ယောက်ဖြစ်ဖို့ ကိုယ်တိုင်ကြိုးစားပြီး မွန်မြတ်စွာ ကျင့်ကြံနေထိုင်ရတယ် သားရဲ့။ အထူးသဖြင့် အမျိုးသမီးတွေကို ဆက်ဆံတဲ့နေရာမှာပေါ့။

သားလေးအရွယ်ရောက်လာတဲ့တစ်နေ့မှာ သားချစ်တဲ့မိန်းကလေးကို သားကိုယ်တိုင် ရွေးချယ်ရလိမ့်မယ်။ အဲဒီလိုရွေးချယ်တဲ့အချိန်မှာ သားကိုယ်တိုင်က လေးစားတန်ဖိုးထားရတဲ့ မိန်းကလေးကို ရွေးချယ်ပါ။ လှတာတစ်ခုတည်းကိုပဲမကြည့်ပါနဲ့။ အဲဒီမိန်းကလေးရဲ့ တွေးတောနိုင်စွမ်း၊ စိတ်နေသဘောထားနဲ့ တခြားလူတွေအပေါ် ဆက်ဆံပုံတွေကိုပါကြည့်ပြီး ရှာဖွေပါ။ သားထက်အစစအရာရာ သာတယ်ဆိုတဲ့ မိန်းကလေးကိုရှာပါ။ သားရဲ့လက်တွဲဖော်က သားထက် အစစအရာရာ သာလွန်နေတယ်ဆိုရင် သားရဲ့ယောက်ျားမာနက သားကို သူ့ထက်ပိုသာအောင်ကြိုးစားဖို့ တွန်းအားပေးလိမ့်မယ်။ မေမေဆိုလိုတာ မာနနဲ့ အတ္တချင်းပြိုင်ဖို့ မဟုတ်ဘူးနော်။

နောက်ပြီး သားတကယ်ချစ်ရမယ့်မိန်းကလေးကို တွေ့ခဲ့ရင် သားဘက်က ယောက်ျားကောင်းပီသစွာနဲ့ ဒီအချက်လေးတွေကိုလည်း လိုက်နာစေချင်တယ်။

၁။ သူ့မှာ အတိတ်ဆိုးတွေရှိခဲ့ရင် သားကအဲဒီအတိတ်ဆိုးတွေကို တူးဆွပြီး အပြစ်မမြင်ပါနဲ့။ အဲဒီအတိတ်ဆိုးတွေ သူမေ့သွားအောင် သားကစွမ်းဆောင်ပေးလိုက်ပါ။

၂။ သူ့ရဲ့ မိဘတွေကိုလည်း သားရဲ့မိဘတွေလိုပဲသဘောထားပြီး လေးစားပါ။

၃။ သားချစ်လို့ရွေးချယ်ထားတဲ့မိန်းကလေးကို ဘယ်တော့မှ စိတ်ထိခိုက်နာကျင်အောင်မလုပ်ပါနဲ့။ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ မလုပ်ပါနဲ့။ ဒါဟာ ယုတ်ညံ့တဲ့ယောက်ျားတွေရဲ့ လုပ်ရပ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အိမ်မှုကိစ္စတွေကိုလည်း သားက အတူတူကူညီလုပ်ကိုင်ပေးပါ။ သားကို လက်ထပ်လိုက်တာဟာ သားရဲ့မိဖုရားနေရာကို ယူတာပါ။ သားရဲ့ အခိုင်းအစေနေရာယူတာမဟုတ်ပါဘူး။

၅။ သူ့ကို ပျော်ရွှင်အောင်ထားပါ။ အိမ်ထောင်ရေး သာယာပျော်ရွှင်တယ်ဆိုရင် အခြားစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေလည်း သာယာကောင်းမွန်လာမှာပါ သား။

၆။ သူမကို စိတ်ဓာတ်ခွန်အားပေးပါ။ မနှိမ်ပါနဲ့။

၇။ သားမှာ ဘာကိစ္စပဲရှိရှိ သူ့ကိုတိုင်ပင်ပါ၊ အကြံဉာဏ်ရယူပါ။ ပြီးတော့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေ၊ အတွေးအမြင်တွေကို တန်ဖိုးထားပါ။

၈။ သားရဲ့လက်တွဲဖော်က ဝင်ငွေတွေကို စည်းကမ်းတကျစီမံသုံးစွဲနေချိန်မှာ သားကပျော်ချင်ပါးချင်ရုံသက်သက် ငွေမဖြုန်းပါနဲ့။

၉။ သားအပြင်မှာ အပျော်ရှာမယ်လို့ စိတ်ကူးလေးဝင်လာပြီဆိုတာနဲ့ အိမ်မှာ သားကိုစောင့်နေတဲ့ သားရဲ့ဇနီးနဲ့ ကလေးတွေမျက်နှာကို မြင်ယောင်လိုက်ပါ။ ပြီးတော့ မေမေနဲ့ ဖေဖေကို မြင်ယောင်လိုက်ပါ။ သားဖေဖေသာ မေမေတို့သားအမိကိုပစ်ပြီး အပျော်ရှာနေရင် မေမေရော၊ သားလေးရော ဘယ်လိုခံစားရမလဲ၊ ဘယ်လောက်တောင် သိမ်ငယ်ရမလဲ။ သားတွေးကြည့်ပြီး ကိုယ်ချင်းစာလိုက်ပါ။

မေမေမှာချင်တာတော့ ဒါပါပဲ သားရေ။ မေမေသားကို မမွေးခင်တုန်းက “သားကောင်းရတနာလေး ဖြစ်ပါစေ” လို့ ဘုရားမှာ မောနေအောင်ဆုတောင်းခဲ့တယ်။ အခုနောက်ပိုင်းမေမေ သိလာတာက ဘုရားမှာဆုတောင်းနေရုံနဲ့ သားကောင်းရမှာမဟုတ်ဘူး။ မိဘတွေကိုယ်တိုင် ဆုံးမသွန်သင်တာကောင်းမှ သားကောင်းဖြစ်မှာ၊ ပြီးတော့ သားကိုယ်တိုင်ကလည်း သားကောင်းရတနာတစ်ယောက်လို စိတ်နေမြင့်မှ၊ ကျင့်ကြံပြုမူပုံတွေ မြတ်မှ သားကောင်းတစ်ယောက်ဖြစ်လာမယ်ဆိုတာကိုပေါ့။

မေမေ့သွေးထဲကဖြစ်တည်လာတဲ့သားလေး၊ မေမေ့ရဲ့ဆုံးမမှုတွေအတိုင်းလိုက်နာပြီး အများကလေးစားချစ်ခင်ရတဲ့ သားကောင်းရတနာလေးဖြစ်ပါစေကွယ်။

သားချစ်တဲ့ မေမေ

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။