မူလတန်းတက်မယ့် မေမေ့သမီးလေးကို ပြောချင်တဲ့စကားလေးတွေ

blank

ဒီနေ့က သမီးလေးကို မူလတန်းကျောင်းစတက်ဖို့ လိုက်ပို့တဲ့နေ့ပေါ့။ ဒီနေ့အကြောင်းကို လွန် ခဲ့တဲ့ရက်သတ္တပတ်များစွာကတည်းက မေမေစဉ်းစားနေခဲ့မိတယ်။ သမီးလေးရဲ့ နုနယ်ဖြူစင်တဲ့ နှလုံး သားလေးနဲ့ ပြင်ပကမ္ဘာထိတွေ့ရတော့မယ့်အရေးကိုလည်း မိခင်တစ်ယောက်အနေနဲ့  စိုးရိမ်ပူပန်စွာ အမျိုးမျိုးစဉ်းစားကြည့်နေခဲ့တာပါ။

မေမေ့အတွက်တော့ သမီးလေးက အနှိုင်းမဲ့အဖိုးတန်ရတနာတစ်ပါးပါ။ မိဘတိုင်းအတွက် လည်း သားသမီးတွေက အဲ့ဒီလိုပဲဖြစ်မှာပါ။ သမီးလေးကို ကျောင်းမပို့ခင်ညမှာ သမီးလေးက “ သမီး ကြောက်နေတယ် မေမေ ”လို့ ပြောတယ်။

ဒါနဲ့ မေမေက “ စိတ်ချပါကွယ် သမီးအဆင်သင့်မဖြစ်သေးမချင်း သမီးလေးတစ်ယောက်တည်း မေမေမထားခဲ့ပါဘူး” လို့ ကတိပေးမိတယ်။ တကယ်လည်း သမီးမှာသူငယ်ချင်းတစ်ယောက်မတွေ့ သေးခင်အထိ နေပေးမယ်လို့ မေမေတွေးနေခဲ့တယ်။

ဒါပေမဲ့ မနက်ရောက်တော့ သမီးက စိတ်ကူးပြောင်းသွားပြန်ရော။

“ သမီးဘာသာပဲ လုပ်ကြည့်ပါမယ်။ မေမေ မစောင့်ပေးပါနဲ့တော့ ” တဲ့။

မေမေ လက်ခံလိုက်ပါတယ်။ သမီးအတွက် ဒါဟာ လောကကြီးရဲ့ပထမဆုံးတံခါးပေါက် ဖြစ် နေတဲ့အတွက် သမီးကိုယ်တိုင်ဖြတ်ကျော်ကြည့်တာ ပိုကောင်းတယ်လို့ မေမေထင်တယ်လေ။

ဒါကြောင့် “ ကောင်းပါပြီ သမီးရယ်။ သမီးအနေနဲ့ နေခဲ့ဖို့အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ မေမေ ထားခဲ့ပါ့မယ် ” လို့ ပြန်ပြောလိုက်တယ်။

သမီးလေးရဲ့အတန်းရှိရာကို လျှောက်သွားကြတဲ့အခါမှာ သမီးလေးရဲ့ မျက်လုံးလေးတွေက ပတ်ဝန်းကျင်အသစ်ကို လေ့လာစူးစမ်းမှုတွေအပြည့်နဲ့ တဖျတ်ဖျတ်တောက်ပနေခဲ့တယ်။ အတန်း ပေါက်ဝရောက်တာနဲ့ “ သွားတော့မယ်နော် မေမေ ” လို့ ဆိုပြီး သမီးလေးဟာ မေမေ့မျက်စိအောက်က ပျောက်ကွယ်သွားတော့တယ်။

မေမေကတော့ မေမေ့ရဲ့ အချစ်ဆုံးသမီးလေးကို ကမ္ဘာကြီးရဲ့အပြင်ဘက်ဆီပျံသန်းဖို့ ပထမ ဆုံးတံခါးဝဆီ ပို့ဆောင်ပေးခဲ့ပါပြီ။ ဆက်လက်ပျံသန်းရတော့မယ့်သမီးလေးအတွက် ပြောစရာစကား လေးတွေတော့ ရင်ထဲမှာ ပြည့်ကြပ်နေကြတယ် သမီးရေ။

လောကဝန်းကျင်ထဲသမီး ပျံသန်းရတဲ့အခါ…

  • ကျောင်းမှာ သမီးကအတော်ဆုံးကျောင်းသူမဟုတ်လည်း၊ ဆုတွေဆွတ်ခူးပေးမယ့် အားကစား ထူးချွန်သူလေးမဟုတ်လည်းဘဲ သမီးလေးကို မေမေတို့ချစ်နေမှာကို အမြဲသတိရပါကွယ်။
  • သမီးလေးက သမီးလေးဖြစ်ဖို့ပဲ မေမေတို့က၊ သမီးအပေါ်စစ်မှန်တဲ့သူငယ်ချင်းတွေက အလေး ထားကြတာပါ။ ဒါကြောင့် တခြားသူတွေနဲ့မတူရလို့လည်း ဝမ်းမနည်းပါနဲ့နော်။
  • သမီးသူငယ်ချင်းအားလုံးကလည်း သမီးလိုပဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိနေတဲ့သူလေးတွေမို့ အား လုံးကို ကြင်နာမှုနဲ့ဆက်ဆံပါကွယ်။
  • သမီးကို နှိမ့်ချဆက်ဆံတဲ့သူနဲ့တွေ့ရင်လည်း ဝမ်းမနည်းပါနဲ့။ သူတို့ထင်သလို သမီးက ညံ့တဲ့ သူမဟုတ်ပါဘူး။ မေမေတို့အတွက် ဂုဏ်ယူစရာအကောင်းဆုံးသမီးလေးဆိုတာ သတိရပါ။
  • သမီးတစ်ယောက်တည်းလို့ ခံစားရတဲ့အခါ သမီးထက် အထီးကျန်နေသူကို အဖော်ပြုကစား ပေးပါ။ အားငယ်နေတဲ့အခါ သမီးထက်အားငယ်နေသူကို အားပေးစရာပြောပေးပါ။ ဒါက သမီးရဲ့နှလုံးသားလေးကို ပြန်နွေးထွေးလာစေမယ့် အကောင်းဆုံးနည်းလမ်းပါကွယ်။
  • ဆရာ၊ ဆရာမတွေက သမီးရဲ့အနာဂတ်အတွက် မျိုးစေ့ကောင်းလေးတွေ ပျိုးထောင်ပေးမယ့် သူတွေပါ။ ဒါကြောင့် ဆရာ၊ ဆရာမတွေစကားကို နားထောင်ပြီး ကျေးဇူးစကားပြောဖို့လည်း မမေ့ပါနဲ့ကွယ်။
  • သမီးလုပ်သမျှတိုင်း အောင်မြင်ချင်မှအောင်မြင်မယ်။ မှားယွင်းတာတွေလည်း ကြုံကောင်းကြုံ လိမ့်မယ်။ ဒါပေမဲ့ သမီးဘေးမှာ မေမေတို့ ရှိနေတာကို ဘယ်တော့မှမမေ့ပါနဲ့ကွယ်။

ဒါကြောင့် သမီးရဲ့ အခက်အခဲတွေကို နှိမ်နင်းကျော်ဖြတ်လိုက်ပါ။ ရည်ရွယ်ချက်တွေဆီ လျှောက်လှမ်းလိုက်ပါ။ ဒီနေ့ဟာ သမီးရဲ့အနာဂတ်ခရီးစတင်တဲ့နေ့ပါပဲ။  ရှေ့မှာ သမီးတက်ရောက် ရမယ့် အမြင့်ဆုံးတောင်ထိပ်က သမီးကို စောင့်ကြိုနေပါတယ်။ ရဲဝံ့စွာနဲ့ လှမ်းတက်သွားလိုက်ပါ သမီး ရေ…။    

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။