ကျွန်မဆယ်ကျော်သက် အရွယ်က စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ချစ်သူရတဲ့အခါ စိတ်ကူးယဉ်ဆန်ဆန် ညစာစားပွဲတွေ၊ လက်ဆောင်လှလှလေးတွေနဲ့ သိပ်ကို ရုပ်ရှင်ဆန်တဲ့ အချစ်ဇာတ်လမ်းကို ဖန်တီးမယ်ပေါ့။ တကယ့်လက်တွေ့ဘဝမှာ ကျွန်မရဲ့ချစ်သူဟာ ကျွန်မရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်နေခဲ့တဲ့အခါ ကျွန်မပိုင်ဆိုင်ခဲ့တဲ့အချစ်ရေးဟာ ဒီလိုလေးဖြစ်လာခဲ့တယ်။
တခြားကောင်မလေးတွေ ချစ်သူကိုမူနွဲ့တယ်ဆိုတာ ကြားသာကြားဖူးလိုက်ပါတယ်။ (တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိနေတော့ မူနွဲ့နွဲ့စကားတွေပြောဖို့လည်း မလိုဘူးဖြစ်နေခဲ့တယ်လေ) ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြည်နူးဖို့ဆိုတာ ဝေလာဝေး (လျှောက်လည်တိုင်းလည်း သူငယ်ချင်းအုပ်စုလိုက်ကြီးက ဗိုလ်ပါအပေါင်းလို ခြံရံလို့လေ)
ချစ်စကားကြိုက်စကားဆိုတာ ရုပ်ရှင်ထဲမှာပဲ ကြားဖူးလိုက်တယ် (တစ်ယောက်ကိုတစ်ယောက် အချွန်နဲ့မရင်း အချိန်တွေကုန်မှန်းမသိကုန်လို့။ အခြားစုံတွဲတွေလို ချစ်စကားတွေ၊အနမ်းတွေအစား၊ လက်သီးတွေ၊ဆွဲဆိတ်တာတွေ အစားထိုးလို့ပေါ့)
ချစ်သူနဲ့ ချိန်းတွေ့တယ်ဆိုတာ ကျွန်မအတွက်တော့ ယုံတမ်းစကားတစ်ခုပါပဲ (မုန့်စားချင်ရင် ကြုံသလိုဖုန်းလှမ်းဆက်ပြီး အတူစားဖြစ်ကြတယ်။ ပိုက်ဆံရှင်းရင်လည်း အရင်ကအတိုင်းပဲ ဘတ်ဂျတ်အခြေအနေကောင်းတဲ့သူရှင်းကြေး)
ပန်းခြံထဲမှာ တစ်ယောက်လက်တစ်ယောက်ဆွဲပြီး လမ်းလျှောက်တယ်ဆိုတာ အိပ်မက်တစ်ခုပါ။ (တစ်ယောက်ကိုတစ်ယောက် မခံချင်အောင်စပြီး တစ်ရက်ကိုရန်ပွဲပေါင်းတစ်ရာလောက် ဆင်နွှဲနေရတယ်။ စိတ်ကောက်ဖို့လည်း စဉ်းတောင်မစဉ်းစားရဲဘူး။ ဘယ်တော့မှပြန်မချော့တော့ ကြာလာတဲ့အခါ စိတ်ကောက်ရတာပျင်းလာရော)
ချစ်သူအတွက် အလှပြင်တယ်ဆိုတာ ဘာလဲဆိုတာတောင်မသိလိုက်ရပါဘူး။ (သူနဲ့တွေ့ဖို့ အလှတွေမပြင်မိဘူး။ အိမ်နေရင်း ကပိုကယိုပုံစံတွေမြင်နေကျဖြစ်နေတဲ့ သူ့အတွက်အလှတွေ ထူးပြီးပြင်စရာမလိုခဲ့ဘူးလေ။)
ဖုန်းဘီလ်ပြတ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညဖက်ဖုန်းပြောပြီး အီစီကလီလုပ်ဖို့ဆိုတာ ဝေလာဝေး(အရေးကြီးရင်တောင် missed calls ကပေးတတ်သေးတယ်)
ကျွန်မပိုင်ဆိုင်ခဲ့တဲ့အချစ်ဟာ စိတ်ကူးယဉ်ခဲ့ဖူးသလို နူးညံ့ညင်သာမှုတွေ၊ စိတ်ကူးယဉ်မှုတွေမပါဘူး။ ဒါပေမဲ့လေ အရာရာတိုင်းမှာ ရိုးသားပွင့်လင်းမှုတွေနဲ့ အချေတည်ထားတဲ့ အချစ်ရေးဖြစ်တာကြောင့် ကျွန်မကတော့ သိပ်ကိုဂုဏ်ယူတယ်။ ကျွန်မရဲ့သူငယ်ချင်းချစ်သူလေးဟာ ကျွန်မအတွက် ဘုရားပေးတဲ့ဆုလာဘ်လေးပေါ့။