အဆင်မပြေတဲ့ အိမ်ထောင်ရေးဂယက်ကြားက ရုန်းထွက်ရမလား။ ဆက်မျောနေရမလား။

blank

ကျွန်မက အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ပါ။ အသက် ၃၅ နှစ်၊ ကလေးနှစ်ယောက်နဲ့ အရွယ်တွေကျစပြုလာပြီး အိမ်ထောင်မှုတွေနဲ့လုံးပန်းရင်း တုံးအစပြုလာတဲ့ သာမန်တွေထဲက သာမန်အိမ်ရှင်မတစ်ယောက်ပါ။

ကျွန်မလေ အိမ်အလုပ်တွေနဲ့လုံးပန်းရင်း သူများတွေလို ကျော့ကျော့မော့မော့ဝတ်စားပြီး မသွားလာရတော့တာကိုလည်း ဝမ်းမနည်းပါဘူး။ ကိုယ်ပိုင်အလုပ်မရှိလို့ ယောက်ျားဆီကလက်ဖျန့်တောင်း အိမ်ထောင်မှုထိန်းသိမ်းနေရတာကိုလည်း အားမငယ်ပါဘူး။ ကျွန်မယောကျာ်းကို မဆွဲဆောင်နိုင်တော့တဲ့ ပုံပျက်ပန်းပျက် ခန္ဓာကိုယ်အချိုးအဆကြောင့်လည်း စိတ်မပျက်ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မသားသမီးတွေရဲ့ “မေမေ” လို့ခေါ်သံမှာတင် ကျွန်မရဲ့ ဝမ်းနည်းမှုတိုင်း ပြေပျောက်တယ်။ ကျွန်မယောက်ျားက “ စားကောင်းလိုက်တာ” လို့ ချီးကျူးမှုကို ကြားတာနဲ့တင် ကျွန်မရဲ့ အားငယ်မှုတွေ ပြေတတ်တယ်။ သားသမီးနှစ်ယောက်ကို လူ့လောကထဲခေါ်ဆောင်လာခဲ့တာကို တွေးမိတိုင်း ကျွန်မကိုယ်ကျွန်မမြတ်နိုးနေခဲ့တယ်။

ဒါပေမဲ့ကျွန်မယောက်ျားကတော့ ကျွန်မအတွက် ဂုဏ်မယူနိုင်တော့ဘူးထင်ပါရဲ့။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို သူစိတ်ပျက်လာပြီထင်ပါရဲ့။ ကလေးတွေအကြောင်း၊ အိမ်ရဲ့စားဝတ်နေရေးကို ညည်းတွားစပြုလာတဲ့ ကျွန်မအသံကို စိတ်ကုန်လာပြီထင်ပါရဲ့။ မီးဖိုခန်းထဲ၊ အိမ်ထဲမှာ တကုန်းကုန်းအလုပ်လုပ်ရင်း အဆီတွေပြန် မလှမပဖြစ်လာတဲ့ ကျွန်မကို ရင်မခုန်တော့ဘူးထင်ပါရဲ့။ သူသတင်းတစ်ခုခုပြောတိုင်း စကားလက်ဆုံကျပြီး မပြောနိုင်တော့တဲ့ ကျွန်မကို ငြီးငွေ့သွားပြီထင်ပါရဲ့။ သူရဲ့သတင်းတွေဟိုတစ်စ၊ ဒီတစ်စကြားနေခဲ့ရပေမဲ့ ကျွန်မသူ့ကို မျက်စိမှတ်ယုံထားခဲ့တယ်။ “ကောင်မလေးတစ်ယောက်နဲ့တတွဲတွဲလုပ်နေတယ်” တဲ့ ခင်မင်သူတွေက သတိပေးကြတယ်။ ဒါပေမဲ့ “သားသမီးနှစ်ယောက် မျက်နှာငယ်ရမယ့်အဖြစ်မျိုးတွေ သူလုပ်မှာမဟုတ်ဘူး၊ အလုပ်သဘောအရ ဆက်ဆံတာဖြစ်မှာပါ” လို့ ကျွန်မဖြေတွေးနေမိခဲ့တယ်။

တစ်နေ့မှာတော့ ကျွန်မရဲ့ အရင်းနှီးဆုံးသူငယ်ချင်းကိုယ်တိုင် လာပြောတဲ့အခါ ကျွန်မကိုယ့်ကိုယ်ကို လိမ်ညာနေတဲ့ အမှန်တရားကို ခါးသီးစွာလက်ခံလိုက်ရတော့တယ်။ သားသမီးနှစ်ယောက်ရဲ့ရှေ့ရေးအတွက်၊ ပြိုပျက်စပြုလာတဲ့အိမ်ထောင်ရးကို တည့်မတ်အောင်လုပ်ဖို့ ကျွန်မသူငယ်ချင်းက အကြံပေးတယ်။ ကျွန်မကိုမီးဖိုခန်းထဲမှာပဲ လုံးပန်းမနေဘဲ ကိုယ့်ကိုယ်ကိုပြုပြင်ဖို့ သတိပေးတယ်။ အခုချိန်ပြုပြင်ရင်အချိန်မှီသေးတယ်တဲ့။ ကျွန်မလေ… အရင်တုန်းကစိတ်နဲ့ဆို “သစ္စာမရှိတဲ့ယောက်ျားသွား” လို့ မောင်းထုတ်ပြီးတော့သာ နေလိုက်ချင်တော့တယ်။ ဒါပေမဲ့ ကျွန်မဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က နာမည်ကြီးကုမ္ပဏီတစ်ခုက အတွင်းရေးမှူးမဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေနဲ့ လှပတောက်ပနေတဲ့ ဝင်ငွေကောင်းတဲ့ အပျိုတစ်ယောက်မဟုတ်တော့ဘူး။ မိဘတွေက မျက်နှာမညိုအောင်ထားတဲ့ တစ်ဦးတည်းသော သမီးတစ်ယောက်မဟုတ်တော့ဘူး။

အပြစ်မဲ့တဲ့သားသမီးနှစ်ယောက်ရဲ့ အမေ၊ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း အလုပ်တွေ၊ ဝင်ငွေတွေကို ကျောခိုင်းပြီး အိမ်ရှင်မဘဝကို ကျေကျေနပ်နပ်ခံယူခဲ့တဲ့ ဇနီးတစ်ယောက်၊ မိသားစုအရေး၊ အိမ်ထောင်အရေးကလွဲပြီး ဘာမှမသိတော့တဲ့ ခပ်တုံးတုံးမိန်းမတစ်ယောက်ဖြစ်နေပြီလေ။ ကျွန်မသူ့ကိုအဆုံးရှုံးခံနိုင်ရင်တောင် ကျွန်မသားသမီးတွေကို ဖခင်မမဲ့စေချင်ခဲ့ဘူး။ ဒါ့ကြောင့်ကျွန်မ ကိုယ့်ကိုယ်ကိုပြောင်းလဲကြည့်ဖို့ကြိုးစားမိတယ်။

ဒါ့ကြောင့်နောက်နေ့ကစပြီး ကျွန်မလေ့ကျင့်ခန်းတွေလုပ်၊ အလှတွေပြင်မိတယ်။ ထမင်းစားပွဲကို လှလှလေးပြင်သလို ကျွန်မကိုယ်ကျွန်မလှအောင်ပြုပြင်တယ်။ အပြင်ကဗဟုသုတတွေသိအောင်လေ့လာ၊ အရင်ကလိုထက်မြက်အောင် လေ့ကျင့်မိတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ကြိုးစားမှုတွေအားလုံးက အချည်းနှီးပါပဲ။ သူရဲ့မျက်လုံးတွေက အရင်တုန်းကလိုပဲ အေးတိအေးစက်ဖြစ်နေဆဲ။ အမူအရာတွေက မတုန်မလှုပ်ဖြစ်နေဆဲ။ ကျွန်မရဲ့သားနဲ့သမီးက “မေမေအရမ်းလှလာတယ်နော်ဖေဖေ” လို့ပြောတာတောင် သူကဟန်ဆောင်ပန်ဆောင်လေးတောင် မချီးကျူးဘူး။ ဒီလိုနဲ့ ပြေးနေတဲ့သူနောက်ကိုလိုက်ရတာ ကျွန်မအရမ်းမောလာတယ်။ တစ်နေ့မှာတော့ သားကသူ့အဖေကို မိန်းကလေးတစ်ယောက်နဲ့ တွေ့လို့တဲ့ ကျွန်မကိုငိုကြီးချက်မနဲ့လာပြောတယ်။ ကျွန်မလေ သားလေးကိုဘာပြန်ပြောရမလဲမသိခဲ့ဘူး။

ကျွန်မယောက်ျားပြန်လာရင်လေ ကျွန်မ သူ့ကို “အရင်တုန်းကလို သာယာတဲ့အိမ်ထောင်ရေးဘဝကို ပေးပါ” လို့တောင်းခံရမလား။ “ ရှင် ကျွန်မကို စိတ်ကုန်သွားပြီလား။ ကျွန်မဘာလုပ်မိလို့ ကျွန်မကို အဲဒီလို ဆက်ဆံနေရတာလဲ” လို့ ရန်တွေ့ရမလား။ ကျွန်မသူ့ကိုကွာရှင်းလိုက်ရင် ကျွန်မသားသမီးတွေ ဖခင်မေတ္တာနဲ့ ဝေးကွာသွားမယ်။ ကျွန်မသူ့ကိုမသိချင်ဟန်ဆောင်ပြီး ဆက်ပေါင်းနေရင် အိမ်ထောင်ရေးဖောက်ပြန်တတ်သူရဲ့ သားသမီးအဖြစ်ရှက်ရွံ့မှုကို ခံစားရမယ်။ ကျွန်မလေ သားသမီးတွေရဲ့ ဖခင်မေတ္တာအတွက်၊ သေချာတဲ့ရှေ့ရေးအတွက် အရာရာကိုခါးစည်းခံတဲ့ မိခင်တစ်ယောက်အဖြစ်ခံယူရမလား၊ ရဲရင့်တဲ့မိခင်တစ်ယောက်အနေနဲ့ သစ္စာမဲ့မှုတွေကနေ ရုန်းထွက်ပြီး ကျွန်မရဲ့သားသမီးတွေနဲ့အတူ ဘဝကိုတစ်ကပြန်စရမလား။

ဆယ့်ငါးနှစ်ကြာဝေးကွာခဲ့တဲ့ စီးပွားရေးနယ်ပယ်ထဲကို ရုန်းကန်မှုတွေနဲ့ ပြန်ဝင်မလား၊ သားသမီးတွေရဲ့ အနာဂတ်အဆင်ပြေစေဖို့ အဆင်မပြေတဲ့ အိမ်ထောင်ရေးမှာ ရုန်းကန်နေရမလား။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ ဘဝကိုပြန်လည်တည်ဆောက်ရမလား။ ကျွန်မကလေးတွေကို ဖခင်ရဲ့ အရိပ်အောက်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းစေမလား။ သူကျွန်မကိုထားခဲ့တဲ့အခါ သနားစရာမိန်းမသားတစ်ယောက်အဖြစ် ကျန်နေခဲ့တဲ့အချိန်ကိုစောင့်ရမလား။ ကျွန်မက သူ့ကိုထားခဲ့ပြီး အဆိပ်အတောက်ဖြစ်အိမ်ထောင်ရေးကနေ ရုန်းထွက်ခဲ့ရမလား။

ကျွန်မခေါင်းထဲမှာ အပိုင်းနှစ်ပိုင်း

နှလုံးသားထဲမှာ အကန့်နှစ်ကန့်နဲ့ မေးခွန်းပေါင်းများစွာ လွန့်လူးလို့။

ကျွန်မဘာလုပ်ရမလဲဟင်…………………………

သင်ဆိုရင်ကော ဘာလုပ်မလဲ…