ကလေး diaper ဖိုးတွေအတွက် လုံးဝပူစရာမလိုတဲ့ ဗီယက်နမ်နိုင်ငံမှ မေမေများ

blank

          ဂန္ထဝင်စာဖတ်ပရိသတ် မေမေတို့ရေ… သားသားမီးမီးလေးတွေကို ပြုစုစောင့်ရှောက်ရတဲ့အလုပ်တွေထဲမှာ အပင်ပန်းဆုံးနဲ့ အချိန်အကုန်ဆုံးအလုပ်က သားသားမီးမီးလေးတွေရဲ့ သေးပေါက်ချိန်တွေပါပဲ။ ဘောင်းဘီလဲပေးရတာ၊ ရှူးရှူးတွေ သုတ်ရတာ၊ အိပ်ရာခင်းတွေလျှော်ရလှန်းရတာ၊ ဒါတွေဟာ သိပ်ပင်ပန်းတဲ့အလုပ်တွေပါ။ Diaper အမြဲတမ်းဝတ်ထားပေးရင်လည်း အပူလောင်မှာစိုးရ၊ diaper ဖိုးကုန်မှာစိုးရနဲ့ သိပ်ကို ခက်ခဲပါတယ်နော်။ ဒါပေမဲ့ ဗီယက်နမ်နိုင်ငံက မေမေတွေမှာတော့ ဒီလိုဒုက္ခတွေ မရှိသလောက်နည်းတယ်လို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့သားသားမီးမီးလေးတွေကို ရှူရှူးပေါက်တဲ့အကျင့် လုပ်ပေးထားလို့ပါတဲ့။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဗီယက်နမ်မေမေတွေဟာ ကလေးလေးတွေ ရှူရှူးပေါက်ခါနီးမှာ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေကို ကြိုတင်လေ့လာထားတယ်။ ပြီးတော့ ကလေးလေးတွေမှာ အဲဒီလိုလက္ခဏာလေးတွေပြပြီဆိုတာနဲ့ “ရှူး” ဆိုတဲ့ လေချွန်သံရှည်ကြီးပေးပြီး ရှူးတည်ပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် ကလေးတွေမှာ အကျင့်ဖြစ်သွားပြီး နောက်တစ်ခါလေချွန်သံကြားမှ ရှူရှူးပေါက်တတ်သွားပါတော့တယ်။ ဒီလိုနဲ့ ဗီယက်နမ်ကလေးအများစုဟာ အသက် (၉)လအရွယ်ကစပြီး အိုးနဲ့ ဆီးသွားဝမ်းသွားတတ်တဲ့အကျင့်ဖြစ်လာပါတယ်။ အသက် (၂) နှစ်မှာတော့ ကလေး အိမ်သာအိုးထဲမှာ ဆီးသွားတာ၊ ဝမ်းသွားတာတွေကို မိခင်ရဲ့ အကူအညီမယူဘဲ ကိုယ်တိုင်လွတ်လပ်စွာ လုပ်ကိုင်သွားနိုင်ကြပါတယ်။

သားသားမီးမီးလေးတွေမှာ ဒီလို toilet training တွေ ရှိတာကြောင့် မိဘတွေအဖို့ သေးခံဖိုးမကုန်တဲ့အပြင် သားသားမီးမီးလေးတွေရဲ့ ဆီးအိမ်ကိုလည်း အောင့်တဲ့အချိန်အောင့်ထားဖို့၊ သွားချင်တဲ့အချိန်သွားဖို့ လေ့ကျင့်ပေးရာရောက်ပါတယ်။

ဒီနည်းလမ်းကို ကျင့်သုံးမယ်ဆိုရင်တော့ မေမေတွေဟာ သားသားမီးမီးလေးတွေကို အမြဲမပြတ်စောင့်ကြည့်ပြီး အချိန်မှန်ရှူရှူးတည်ပေးဖို့လိုပါတယ်။ ဒါမှသာ ကလေးလေးတွေမှာ အကျင့်ဖြစ်သွားနိုင်မှာ မဟုတ်လား။

ကလေးလေးတွေကို ပြုစုထိန်းသိမ်းရတယ်ဆိုတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ ဒီလိုခက်တဲ့လုပ်ငန်းဆောင်တာတွေကို ပိုမိုလွယ်ကူသွားစေမယ့် နည်းလမ်းကောင်းလေးတွေကို လိုက်နာကျင့်သုံးရင်း စံပြမေမေတစ်ယောက်အဖြစ် ပြုစုထိန်းကျောင်းနိုင်ပါစေရှင်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။