အထက်တန်းကျောင်းသူဘဝက သူငယ်ချင်းလေးတွေအတွက် အောက်မေ့သတိရကြောင်းသဝဏ်လွှာ

blank

သူငယ်ချင်းတို့ရေ…

မိသားစုရေးရာတွေ၊ အလုပ်ကိစ္စတွေကြားမှာ အထက်တန်းကျောင်းသူဘဝရဲ့ အစိတ်အပိုင်းတချို့ကို ငါလွမ်းမိတယ်။ ငါလွမ်းမိတဲ့ထဲမှာ စောစောထပြီးစာကျက်ရတဲ့ မနက်ခင်းတွေအကြောင်းမပါဘူး၊ ငါတို့ကျိတ်ငေးခဲ့ရတဲ့ ကောင်လေးချောချောလေးတွေ အကြောင်းမပါဘူး၊ ငါတို့နဲ့ မကြာခဏရန်ဖြစ်နေကြ ကောင်မလေးတွေအကြောင်းမပါဘူး။ ဒါပေမဲ့ နင်တို့နဲ့အတူတူ ပျော်ရွှင်ခဲ့တာတွေ၊ ဆော့ကစားခဲ့တာတွေ၊ ဗရုတ်ကျခဲ့တာတွေ၊ စိတ်ဆိုးခဲ့တာတွေ ဝမ်းနည်းခဲ့တာတွေတော့ လွမ်းမိပါရဲ့။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ငါနင်တို့အကြောင်းစဉ်းစားလိုက်မိပြီဆိုတာနဲ့ ပထမဆုံးပြောချင်တာက နင်တို့ကို ငါသိပ်ကျေးဇူးတင်တယ်ဆိုတာပါပဲ။ ငါလိုအပ်နေချိန်တိုင်းမှာ အနားမှာ ရှိနေပေးလို့ ကျေးဇူးပါ။ ငါတို့ဘဝမှာ ဘယ်တော့မှမေ့လို့မရမယ့် ခပ်ကြောင်ကြောင် ဟာသလုပ်ရပ်တွေအတွက် ကျေးဇူးပါဟာ။ ဆိုးတူကောင်းဖက် ငါ့နားမှာရှိနေပေးလို့ ကျေးဇူးပါ။ ငါ့ရဲ့ အထက်တန်းကျောင်းသူဘဝကို အမှတ်ရစရာတွေနဲ့ ဖန်တီးပေးခဲ့လို့ ကျေးဇူးပါ။ ပကာသနတွေ၊ အရည်အချင်းတွေ၊ ဟန်ဆောင်မှုတွေ ဘာမှမပါဘဲ ငါ့ရဲ့ပင်ကိုယ်စရိုက်လေးတွေကို အရိုးသားဆုံးလက်ခံခင်မင်ပေးခဲ့လို့ ကျေးဇူးပါ။ မာယာများတဲ့ဘဝကြီးထဲမှာ ကျင်လည်ရတဲ့အတွေ့အကြုံများလာလေလေ နင်တို့လို ရိုးသားဖြူစင်တဲ့သူငယ်ချင်းတွေကို တန်ဖိုးထားမိလေလေပဲ။

ပြီးတော့ ငါနင်တို့တစ်ယောက်ချင်းစီအတွက် ဂုဏ်ယူမိတယ်သိလား။ နင်တို့တွေဟာ ငါတွေ့ဖူးသမျှတွေထဲမှာ ထက်မြက်ပြီး အတွင်းစိတ်ရော၊ ပုံပန်းသွင်ပြင်ပါ လှပတဲ့သူတွေပါ။ “အပိုတွေ ပြောပြန်ပြီ” လို့ တွေးမနေနဲ့ဦး။ ငါတကယ်ပြောနေတာ။ ဒါကြောင့် နင်တို့ကိုယ်နင်တို့ အထင်မသေးကြနဲ့။ ဘယ်သူတွေဘာပြောပြော နင်တို့တန်ဖိုးကို နင်တို့ကိုယ်တိုင်နှိမ့်ချမိတာမျိုးတွေ မဖြစ်ပါစေနဲ့ဟာ။ ဘဝရဲ့ အခက်အခဲတိုင်းကို နင်တို့ လွယ်လွယ်ကျော်ဖြတ်နိုင်မယ်လို့ ငါယုံတယ်။

နောက်ထပ်ပြောချင်တဲ့စကားကတော့ “တောင်းပန်တယ်” ဆိုတာပါပဲ။ ငါတို့ကြားမှာ ဖြစ်ခဲ့တဲ့ အထင်လွဲမှုလေးတွေ၊ ငြင်းခုံမှုလေးတွေအတွက် ငါတောင်းပန်ပါတယ်။ အဲဒီအချိန်တွေတုန်းက နင်တို့ဟာ ငါ့ဘဝအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို ငါမေ့သွားခဲ့တယ်ဟာ။

နောက်ဆုံးပြောချင်တာကတော့ နင်တို့အတွက် ငါအမြဲရှိနေမယ်ဆိုတာပါပဲ။ ကျောင်းပြီးသွားပြီဆိုတော့ တစ်ယောက်တစ်နေရာစီကွဲသွားတတ်တာ ဓမ္မတာပါ။ ဒါပေမဲ့ ငါနင်တို့အတွက် အမြဲရှိနေပါတယ်။ ဘဝကြီးရဲ့ ရုန်းကန်မှုတွေ၊ လောကဓံရဲ့လှည့်ကွက်တွေကြား စိတ်ပင်ပန်းလာတိုင်း အပူအပင်ကင်းတဲ့ ဆယ်ကျော်သက်ဘဝရဲ့ လှပတဲ့ပျော်ရွှင်မှုတွေကို ပြန်လည်ခံစားဖို့ ငါနင်တို့ဆီ ဖုန်းဆက်မယ်၊ စာပို့မယ်၊ လူချင်းတွေ့ပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောမယ်။ ငါတို့သူငယ်ချင်းသံယောဇဉ်တွေ ဘယ်တော့မှ မပျက်ဘူးလို့ ငါမျှော်လင့်ပါတယ်။

နင်တို့တွေဟာ ငါ့နှလုံးသားရဲ့ ခပ်နက်နက်မှာ နေရာယူထားတဲ့သူတွေပါ။ ငါ့ရဲ့ ဘဝခရီးလမ်းတစ်လျှောက်မှာ မိတ်ဆွေမျိုးစုံနဲ့ ကြုံချင်ကြုံရလိမ့်မယ်၊ ဒါပေမဲ့ နင်တို့နဲ့လုံးဝတူမလာနိုင်ဘူးဆိုတာ ငါသိတယ်။ ဘာလို့လည်းဆိုတော့ ငါတို့ရဲ့ အဖြူရောင်ခင်မင်မှုတွေကို ဘယ်သူမှ ရိုက်ချိုးဖျက်ဆီးလို့မရဘူးလေ။ ဒါကိုလည်း ငါတို့ နှစ်ကာလများစွာ စမ်းသပ်အဖြေရှာနိုင်ခဲ့တယ်မဟုတ်လား။

နင်တို့ ဘဝလမ်းမှာ ခြေလှမ်းလှလှလေးတွေ လှမ်းနိုင်ပြီး ခြေလှမ်းတိုင်းစိန်စီထားသလို ကံကောင်းခြင်းတွေရလာပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်နော်။

နင်တို့ကိုအမြဲသတိရနေမယ့် နင်တို့ရဲ့ ကျောင်းတုန်းကသူငယ်ချင်းလေး

သူငယ်ချင်းတွေအတွက် သတိတရနဲ့ SHARE ပေးလိုက်ပါ။ Mention ခေါ်ပြီးတော့လည်း သတိရကြောင်းလေး ပြောလိုက်ပါဦး။