ရီပို့ကတ်ပေါ်က မရဏမင်း

blank

ဖေဖေနဲ့မေမေရေ…

တမလွန်ဆိုတဲ့နေရာကို သမီးသွားတော့မယ်။ အဲဒီနေရာက သိပ်ကြောက်ဖို့ကောင်းတယ်လို့ လူတွေကပြောကြတယ်။ ဒါပေမဲ့ သမီးကတော့ ဖေဖေမေမေတို့ ဆူမှာ ရိုက်မှာတွေကို ရင်ဆိုင်နေရတာနဲ့စာရင် တမလွန်ကိုသွားလိုက်ချင်တော့တယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်လမှာ သမီးလပတ်စာမေးပွဲ ကျတယ်လေ။ ကျောပိုးအိတ်ထဲက စာအုပ်ကြားထဲမှာ သမီးဆရာမပေးလိုက်တဲ့ ရီပို့ကတ်ဆိုတဲ့ စက္ကူလေးတစ်ရွက်ဟာ သမီးရဲ့အရည်အချင်းသတ်မှတ်ချက်တဲ့။ အဲဒီအရည်အချင်းသတ်မှတ်ချက်ဟာ မေမေတို့လိုချင်တဲ့ အရည်အချင်းနဲ့ သမီးမှာရှိနေတဲ့ အရည်အချင်းလွဲဖယ်နေတာကို ပြနေတဲ့အရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သမီးဟာ ငယ်ငယ်လေးကတည်းက ပန်းချီကို သိပ်ဝါသနာပါခဲ့တယ်။ ပန်းချီဆွဲနေရပြီဆိုရင် ထမင်းမေ့၊ဟင်းမေ့နဲ့ သမီးစိတ်တွေသိပ်ပေါ့ပါးနေတတ်တယ်။ ပန်းချီဆွဲဖို့အတွက် စုတ်တံကိုင်ရတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံးကို သမီးအပိုင်ရထားသလို ခံစားရတတ်တယ်။  ပန်းချီအချိန်ရောက်တိုင်း အချိန်တွေကို ရပ်တန့်ထားချင်မိတယ်။ “ကျောင်းကဆရာမကပြောတယ် သမီးဟာကြီးလာရင် သိပ်တော်တဲ့ပန်းချီဆရာမတစ်ယောက်ဖြစ်မှာ”တဲ့။ အိမ်ရောက်လို့မေမေ့ကို အဲဒီအကြောင်းဝမ်းသာအားရပြောပြတော့ မေမေသမီးကိုကျောကော့အောင် ရိုက်ခဲ့သေးတယ်နော်။ “အိမ်ဘေးနားက သီရိဆိုတဲ့ ကလေးမကသိပ်တော်တာပဲ” တဲ့။ မေမေ့အမြဲချီးကျူးနေတတ်တယ်။ မနက်ခင်းမေမေငှားပေးတဲ့ ဂိုက်၊ ညနေခင်းဖေဖေပို့ပေးတဲ့ကျူရှင်။ စနေ-တနင်္ဂနွေတက်ရတဲ့ စာကျက်တန်းတွေတက်တာတောင်မှ သမီးရဲ့ ရမှတ်တွေက အလယ်အလတ်ပဲဖြစ်နေတတ်တယ်လေ။ သီရိကစာဘက်မှာ ထူးချွန်သလို သမီးကပန်းချီသိပ်တော်တယ်ဆိုတာ မေမေတို့ကိုသိစေချင်လိုက်တာ။

သမီးလေ မေမေတို့မျှော်လင့်သလို စာတော်တဲ့ကလေးလေးတစ်ယောက်ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ ပန်းချီချိန်မှာတစ်နာရီကုန်သွားတဲ့အခါ တစ်တန်းလုံမှာ အလှဆုံးပန်းချီကားချပ်တစ်ခုကို သမီးရတတ်ပေမယ့်၊ စာတွေကို ကြိုးစားပြီးကျက်ပေမဲ့မေ့မေ့သွားတတ်တာ မေမေတို့မှ မသိဘဲ။  လွန်ခဲ့တဲ့လက သမီးအဆင့်လျော့သွားတော့ မေမေက သမီးရဲ့ခြေသလုံးတွေ အလျှိုးပေါ်အောင်ရိုက်ခဲ့တယ်။ အဘွားက အချိန်မီဝင်ဆွဲတာတောင်မှ သမီးခြေထောက်မှာ အလျှိုးရာ (၁ဝ) ခုလောက်ကတော့ ထင်ပြီးနေပြီ။ သမီးဘာကြောင့်အဆင့်လျော့သွားတာလဲ။ သမီးစာတွေလိုက်နိုင်ရဲ့လား။ သမီးနေမကောင်းလို့များ စာမကျက်နိုင်ခဲ့တာလား စတာတွေကိုတော့ မေမေတို့မေးဖို့ မေ့နေခဲ့တယ်။ အဲဒီနေ့က မေမေကြိမ်းတဲ့ စကားကို သမီးအခုထိမှတ်မိနေသေးတယ်။“စာကောင်းကောင်းမလုပ်ဘဲ မဟုတ်တာတွေလုပ်နေ.. ကြပ်ကြပ်သတိထား၊ ဒီထက်အမှတ်လျော့ရင် သေမယ်” တဲ့။ သမီးသိပ်ဝါသနာပါတဲ့အရာတွေက မေမေတို့အတွက် ဘာမှမဟုတ်တဲ့အရာတွေလား။  မေမေတို့ယုံချင်မှယုံပါ အဆင့်(၁) ဆိုတဲ့အရာကို လိုချင်တာပေါ့။ ဒါပေမဲ့ သင်္ချာပုစ္ဆာတွေထက် အရောင်စပ်နည်းမှာ သမီးက ကျွမ်းကျင်နေတဲ့အခါ၊ လူမှုရေးအမှတ်တွေထက် ဂီတကို စိတ်ဝင်စားနေတဲ့အခါ မေမေတို့လိုချင်တဲ့ ရမှတ်နဲ့ သမီးတကယ်ရတဲ့အမှတ်လွဲဖယ်နေတဲ့အခါ မေမေတို့ကော သမီးပါ ပင်ပန်းလာကြတယ်။ မေမေတို့ရဲ့ ဆန္ဒကိုဖြည့်စွမ်းပေးနိုင်ဖို့ သမီးဘယ်လောက်ပဲ ကြိုးစားကြိုးစား မရနိုင်တော့ဘူးဆိုတာသိလိုက်ရတဲ့နောက်မှာ သမီးလောကကြီးကို လက်မြှောက်အရှုံးပေးလိုက်ချင်တော့တယ်။

အခုမေမေအောက်ထပ်မှာ ထမင်းချက်နေတယ်။ သမီးမေမေ့ကို နှုတ်ဆက်ပြီးအပေါ်ကိုတက်လာခဲ့တယ်။ “ရီပို့ကတ် ရပြီလား” လို့မေမေမမေးလို့ တော်သေးတာပေါ့။ မဟုတ်ရင်သမီးဘာဖြေရမလဲ သိမှာမဟုတ်ဘူး။ ကျတယ်ဆိုတာမေမေသိလို့ကတော့ အရိုက်ခံရမှာထက် မေမေပြောမယ့်စကားတွေကို သမီးခံနိုင်ရည်မရှိဘူးမေမေ။ သမီးဟိုတစ်ခါ ရုပ်ရှင်မှာကြည့်ရတယ်။ လက်ပေါ်ကသွေးကြောလေးကို ဖြတ်ပစ်ရင် အသက်ရှူရပ်ပြီး သမလွန်ကိုရောက်သွားမှာတဲ့။ အဆင့်တွေ၊ ရီပို့ကတ်တွေမရှိတဲ့ တမလွန်မှာတော့ စာမေးပွဲကျလို့ ဆူမယ့်သူရိုက်မယ့်သူမရှိလောက်ပါဘူးနော်။ သေရမှာ သမီးကြောက်တယ်မေမေ။ သေရမှာသမီးကြောက်သလို မေမေတို့ကို ရင်ဆိုင်ရမှာလည်းကြောက်တယ်။

မေမေတို့ မျှော်လင့်သလို စာတော်တဲ့သမီးလေးတစ်ယောက်ဖြစ်မလာခဲ့တဲ့အတွက် သမီးကိုခွင့်လွတ်ပါ။

မေမေရဲ့ သမီး