မေတ္တာမှာ အလျားအနံမရှိပေမဲ့ အသွားအပြန်တော့ ရှိသင့်ပါတယ်

blank

ရှင့်ကိုကျွန်မချစ်ခဲ့တယ်။ ကျွန်မရဲ့ နှလုံးသားလေးကို ကာကွယ်ပေးမယ်ထင်ပြီး ရှင့်ဆီမှာ ပေးအပ်ထားခဲ့တယ်။ ဒါပေမဲ့ ရှင်ဖျက်ဆီးပစ်ခဲ့တယ်လေ။ အားလုံးကို တိုက်ခိုက်တော်လှန်ပြီး ရှင့်ကို ချစ်ခဲ့မိတာ ကျွန်မမှားတာပဲ။ ရှင့်ကြောင့် ဝမ်းနည်းခဲ့ရတယ်။ ဒါဟာ ရှင်ပြောပြောနေတဲ့ “အချစ်” ဆိုတာလား။

ရှင်ကျွန်မအပေါ် ဘယ်လိုပြုမူဆက်ဆံပါစေ ကျွန်မခွင့်လွှတ်ပေးခဲ့တယ်။ ရှင့်ကို အကြိမ်ကြိမ်ခွင့်လွှတ်ပေးခဲ့ပြီး အခွင့်အရေးတွေ အများကြီးပေးခဲ့တယ်။ ရှင်က ဒါတွေကိုမှ မထောက် ကျွန်မအပေါ် ရက်စက်တုန်းပဲနော်။

အချစ်ဆိုတာ ရယူခြင်းလား၊ ပေးဆပ်ခြင်းလားဆိုတာကိုတောင် မစဉ်းစားတော့ဘဲ ကျွန်မပေးဆပ်ခဲ့သမျှတွေ၊ ရှင့်ရဲ့ အာရုံစိုက်မှုတွေကို ရဖို့ ကြိုးစားခဲ့ရတာတွေ အားလုံးအားလုံး သဲထဲရေသွန်သလို ဖြစ်သွားခဲ့ပြီလေ။ ရှင်ကျေနပ်ပါတော့။ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မနှလုံးသားကို အပြည့်အဝပေးခဲ့ပေမဲ့ ရှင်ပြန်ပေးခဲ့တာက ရှင့်နှလုံးသားတစ်ဝက်တောင် မရှိဘူးလေ။ အဲဒီ့တစ်ဝက်မပြည့်တဲ့ နှလုံးသားလေးကိုပဲ မြတ်နိုးယုယစွာ အရိပ်တကြည့်ကြည့်နဲ့ ရှိနေခဲ့တာ ကျွန်မရူးခဲ့လို့ပါ။

ရှင့်ကို ချစ်ခဲ့မိတာက ကျွန်မရဲ့ အမှားမဟုတ်ဘူး။ ကျွန်မရှင့်ကိုချစ်သလို ရှင်ကျွန်မကိုပြန်ချစ်လိမ့်မယ်လို့ ထင်နေတာကမှ ကျွန်မရဲ့ မဟာအမှားကြီးတစ်ခု။ “ပေးတိုင်းပြန်ရချင်မှ ရမယ်” ဆိုတဲ့ ရှင်သင်ပေးခဲ့တဲ့ သင်ခန်းစာကို ကျွန်မအခုထိ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။

ရှေ့လျှောက် ကျွန်မရှင့်အကြောင်းတွေကို စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။ ရှင့်ဘာသာရှင်ဘယ်လောက် ချောနေနေ ကျွန်မ ဂရုမစိုက်တော့ဘူး။ ရှင်က အချစ်ကိုမှ နားမလည်တာ။ ဘယ်လိုချစ်ရမယ်မှန်းမှ မသိတာ။

ကျွန်မ ရှင့်အနားကနေ ထွက်သွားတော့မယ်။ ရှင့်စိတ်ထဲမှာ ကျွန်မရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်မ စိတ်မဝင်စားတော့ဘူး။ တစ်နေနေ့တစ်ချိန်ချိန်ကျရင် ကျွန်မရဲ့ပေးဆပ်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ စေတနာတွေကို ရှင်နားလည်လာလိမ့်မယ်။ နားလည်ပြီး လွမ်းဆွတ်လာလိမ့်မယ်။ လွမ်းဆွတ်ပြီး တမ်းတလာလိမ့်မယ်။ ဒါပေမဲ့ ရှင်ကျွန်မကို ဘယ်တော့မှ ပိုင်ဆိုင်မှာ မဟုတ်တော့ဘူး။

အဲဒီအချိန်ရောက်လို့ ရှင်ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိရင် ရှင့်နဖူး ရှင်ရိုက်ပြီး ရှင့်ကိုယ်ရှင် အပြစ်တင်လိုက်ပါ။ ရှင်ကျွန်မကို တွေ့ဖို့ ကြိုးစားတဲ့အခါ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်နေတဲ့ကျွန်မကိုတွေ့တဲ့အခါ ရှင်မနာလို မဖြစ်နဲ့ဦးနော်။

အဲဒီအချိန်ကျရင် ကျွန်မအနမ်းနဲ့ အသက်ဆက်မယ့်လူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ကျွန်မရောက်ချင်ရောက်နေမှာ။ ကျွန်မရဲ့ အားပေးမှုတွေနဲ့ ဘဝတစ်ခုတည်ဆောက်မယ့်လူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ရောက်ချင်ရောက်နေမှာ။ ကျွန်မရဲ့ စိတ်ကူးတိုင်းကို ပုံဖော်ပေးမယ့်လူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ရောက်ချင်ရောက်နေမှာ။

အဲဒီအချိန်ကျရင် ကျွန်မကို မျက်နှာငယ်နဲ့ ကြည့်နေတဲ့ ရှင့်ကို သူ့ရင်ခွင်ထဲကနေ အလှဆုံးပြုံးပြနိုင်ဖို့ ကျွန်မအားမွေးထားတယ်။ ထာဝရအတွက် နှုတ်ဆက်ခဲ့ပါတယ်။

ခံစားချက်ချင်း တိုက်ဆိုင်သွားရင် SHARE လိုက်ပါ။