မိစုံဖစုံနေခွင့်မရလိုက်တဲ့ သမီးတစ်ယောက်ရဲ့ ရင်တွင်းစကား

blank

အတ္တ၊မာနတွေကို လက်ကိုင်ထားပြီး လမ်းခွဲပြတ်စဲခဲ့တဲ့ ဖေဖေနဲ့မေမေရေ….

လွန်ခဲ့တဲ့ ၁၃ နှစ်က သမီးရဲ့ ခြောက်နှစ်ပြည့်မွေးနေ့မှာပေါ့။ မေမေနဲ့ဖေဖေ သမီးရှေ့မှာပဲ စကားများရန်ဖြစ်ခဲ့ကြတယ်နော်။ မနက်ရောက်လို့် မေမေ့ကို “ဖေဖေဘယ်မှာလဲလို့မေးတော့” ဖေဖေအိမ်ကထွက်သွားခဲ့ပြီတဲ့။ မိဘနှစ်ယောက် ကွာရှင်းပြတ်စဲပြီးတဲ့နောက်ပိုင်း အခြားကလေးတွေခံစားရသလိုပဲ  သမီးရင်ထဲမှာ မေးခွန်းပေါင်းများစွာနဲ့ ကြေကွဲနေမိခဲ့တယ်။ ဖေဖေမေမေတို့ တစ်ယောက်တစ်နေရာဆီမှာ ခွဲနေကြတော့မယ်ဆိုတာ သိလိုက်ရချိန်မှာ သမီးရပ်တည်စရာမြေပြင်မရှိတော့သလို ဖြစ်သွားခဲ့တယ်။ အဲဒီနေ့ညနေမှာ ဖေဖေသမီးကိုလာခေါ်တော့ မေမေကမေးခဲ့တယ် “သမီးဘယ်သူနဲ့နေချင်လဲ” တဲ့။ သမီးရဲ့လက်နဲ့ခြေထောက်ကို ဘယ်ဟာ ပိုအရေးကြီးသလဲလို့ မေးနေသလို ခံစားခဲ့ရတယ်မေမေ။ အဖေချစ်သမီးတစ်ယောက်အဖြစ် တစ်ချိန်လုံးရှိနေခဲ့တဲ့ သမီးလေ ဖေဖေနဲ့လိုက်သွားချင်ပေမယ့် သမီးမရှိတော့ရင် တစ်ယောက်တည်းဖြစ်နေမယ့် မေမေ့ကိုသမီးစိတ်ပူတာပေါ့။ ဒါ့ကြောင့်သမီးမေမေ့ကိုပဲ ရွေးချယ်ခဲ့တယ်လေ။ ဖေဖေ့ကို မချစ်လို့ မေမေ့ကိုရွေးခဲ့တာ မဟုတ်ဘူးဆိုတာ ဖေဖေသိမှသိပါ့မလား။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မေမေကပြောတယ် “သမီးမိန်းကလေးဆိုတာ မေမေနဲ့ရှိနေတာ အကောင်းဆုံး” တဲ့။  ဒါပေမဲ့ သမီးမိန်းကလေးတစ်ယောက်အတွက် အဖေတစ်ယောက်ရဲ့ ကာကွယ်စောင့်ရှောက်မှုလည်း လိုအပ်တယ်ဆိုတာ မေမေမသိဘူးလားဟင်။ သမီးတို့မိသားစုအရင်ကလို တစ်ပေါင်းတစ်စည်းတည်းနေလို့ မရတော့ဘူးလား။ “ကွာရှင်းစာချုပ်” လို့ခေါ်တဲ့ စာရွက်လေးတစ်ရွက်ဟာ သမီးတို့အတူရှိနေခဲ့တဲ့ အချိန်တွေ၊ ရယ်မောပျော်ရွှင်ခဲ့တဲ့အမှတ်တရတွေကိုတောင် လွင့်ပါးစေနိုင်စွမ်းရှိလား ဖေဖေနဲ့ မေမေရယ်။ မိစုံဖစုံနဲ့ ပျော်ရွှင်နေတဲ့ သူတွေကိုသမီးသိပ်မနာလိုတာပဲဖေဖေ။ အဖေဖြစ်သူကို ဆိုးနွဲ့တတ်တဲ့ သမီးသူငယ်ချင်းတွေ၊ လိုချင်တာတွေကို ပူဆာရင်း မူယာတွေပိုနေတတ်တဲ့ သမီးသူငယ်ချင်းတွေကို သမီးသိပ်မုန်းတာပဲ။ သမီးလိုချင်တာတွေကို မေမေကလည်းဝယ်ပေးတာပါပဲ။ ဖေဖေနဲ့မေမေရဲ့ မေတ္တာကို တစ်ပြိုင်တည်းရနိုင်တဲ့ အခွင့်အရေးကို သမီးလိုချင်တာ သမီးသိပ်များလောဘကြီးနေသလား။ သမီးလေ အိမ်ပြန်ရောက်တိုင်း သမီးကိုမြှောက်ချီတတ်တဲ့ ဖေဖေ့ကိုလွမ်းတယ်။ သမီးဖေဖေ့ကိုလွမ်းလို့ငိုတိုင်း မေမေကပြောတယ် “သမီးဖေဖေက သိပ်အတ္တကြီးလွန်းတယ်။ မေမေ့မာနတွေကို ထိခိုက်စေတယ်။ ဒါကြောင့် ဖေဖေနဲ့မေမေအတူတူနေလို့မရတော့ဘူး” တဲ့။ သမီးရဲ့ပျော်ရွှင်မှုထက်အရေးကြီးတဲ့ အဲဒီအတ္တနဲ့ မာနဆိုတဲ့ အရာတွေကိုလည်း သမီးသိပ်မုန်းတာပဲ။

ဘွားဘွားက သမီးငယ်ငယ်တုန်းကပြောပြဖူးတယ် ဖေဖေနဲ့မေမေကသိပ်ချစ်ခဲ့ကြတယ်တဲ့။ အဲဒီအချစ်တွေက ဘယ်ကို ပျောက်ခြင်းမလှပျောက်သွားခဲ့တာလဲဆိုတာကို သမီးသိပ်သိချင်တာပဲ ဖေဖေနဲ့မေမေ။ ဖေဖေကတော့ပြောတယ် “ဖေဖေနဲ့မေမေကြားမှာ နားလည်မှုတွေပျောက်ဆုံးကုန်ပြီ” တဲ့။ ဖေဖေမေမေတို့ကြားမှာ လွဲသွားခဲ့တဲ့နားလည်မှုက သမီးဘဝကိုကွေးကောက်သွားစေခဲ့တယ်ဆိုတာ ဖေဖေနဲ့မေမေ့ကို သိစေချင်လိုက်တာ။

မိဘနှစ်ယောက်ကွာရှင်းကြတဲ့ အကြောင်းပြချက်တွေလည်းများစွာရှိပေမယ့် သားသမီးတွေအပေါ်သက်ရောက်မှုတွေကတော့ ဘယ်တော့မှမကောင်းနိုင်ပါဘူး။ သမီးလေ ငယ်ငယ်တုန်းက ဖေဖေမေမေတို့နဲ့ ပျော်ရွှင်ခဲ့တဲ့နေ့ရက်တွေကို သေချာမမှတ်မိတော့ပေမယ့် ဖေဖေထွက်သွားခဲ့တဲ့နေ့ကတော့ သမီးရင်ထဲမှာ ကျောက်သားပေါ်မှာ ကဗ္ဗည်းထိုးထားသလိုပဲ စွဲထင်နေတယ်။

အခုတော့သမီးဘဝရဲ့ အမှန်တရားကို သမီးလက်ခံလိုက်ပါပြီ။ သမီးဟာ ကိုယ်ယုံကြည်ရာကို လုပ်တတ်တဲ့မိဘနှစ်ယောက်ရဲ့ သမီးဆိုတာကို သမီးသိလိုက်ပါပြီ။ မေမေနဲ့ဖေဖေဟာ မျဉ်းတစ်ကြောင်းရဲ့ အစွန်းနှစ်ဖက်ဆိုခဲ့ရင် ပေါင်းစုံပေးဖို့ တြိဂံလေးကို သမီးဇွတ်မဆွဲချင်တော့ပါဘူး။ ငယ်ငယ်တုန်းကလို တစ်နေ့မှာတော့ဖေဖေပြန်လာလိမ့်မယ်လို့ မျှော်လင့်မနေတော့သလို မေမေ ဖေ့ဖေ့ကိုသွားချော့ပြီး အိမ်ကိုခေါ်လာလိမ့်မယ်ဆိုတဲ့ အိပ်မက်တွေလည်းမက်မနေတော့ဘူး။ ငယ်ငယ်တုန်းက ညအိပ်ယာမဝင်ခင်တိုင်း “ဖေဖေနဲ့မေမေနဲ့ အတူတူနေခွင့်ရပါစေ”လို့ ဆုတောင်းတတ်တဲ့ အကျင့်ကိုလည်း စွန့်လွတ်လိုက်ပါပြီ။ အခုဆိုရင်လေ နောင်ဘဝဆိုတာရှိခဲ့ရင် မိစုံဖစုံရဲ့ ချစ်ခြင်းမေတ္တာတွေရတဲ့ ကလေးတစ်ယောက်အဖြစ်မွေးဖွားပါရစေလို့ပဲ သမီးတောင်းဆုချွေတော့တယ် ဖေဖေနဲ့မေမေ။ ဒီဘဝမှာတော့ ဖေဖေနဲ့မေမေ့ကြားမှာ ကာဆီးထားတဲ့ အတ္တ၊မာနနဲ့ နားလည်မှုလွဲခြင်းတွေကို သမီးရဲ့ တောင်းဆုတွေက မကျော်လွှားနိုင်ဘူးဆိုတာကို သမီးသိလိုက်ပါပြီဖေဖေနဲ့မေမေ။

ဒီစာလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် SHARE ပေးလိုက်ပါဦးနော်။