ကန့်လန့်ကာနောက်ကွယ်က လက်တစ်စုံ (သို့မဟုတ်) ဖေဖေ။

blank
ဖေဖေရေ…

ဘဝဆိုတာကြီးကို ဖြတ်ကျော်လျှောက်နင်းလာတဲ့ သမီးရဲ့နောက်ကွယ်ကနေ အားပေး စောင့်ကြည့်နေခဲ့တဲ့၊ သမီးကို ကိုယ့်အားကိုယ်ကိုးတတ်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ကန့်လန့်ကာနောက်ကွယ်က လူသားဟာ ဖေဖေပါ။ ဖေဖေဟာ သမီးလိုအပ်တာမှန်သမျှကို လိုက်ဝယ်မပေးခဲ့ပေမဲ့ လိုအပ်တဲ့ငွေကြေးတွေကို ရှာဖွေပေးခဲ့တယ်နော်။ မေမေက သမီးကို တစ်ခုခုဝယ်ပေးတိုင်း “မေမေ့ကို အဲ့ဒါကြောင့်ချစ်ရတာ” လို့ပြောတိုင်း အဝေးကလှမ်းကြည့်နေ တတ်တဲ့ ဖေဖေ့မျက်ဝန်းတွေကို သမီးဘာသာမပြန်နိုင်ခဲ့ဘူးဖေဖေ။ တကယ်တော့ သမီးဒီနေ့ရောက်နေတဲ့နေရာ၊ ရရှိခဲ့တဲ့အောင်မြင်မှုတွေအားလုံးဟာ ဖေဖေ့ကြောင့်ဆိုတာကို သမီးအသိအမှတ်ပြုဖို့မေ့နေခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဖေဖေ့ရဲ့ ကိုယ်ကျိုးစွန့်ခဲ့မှုတွေကြောင့်ပဲ သမီးတို့မိသားစုတစ်တွေကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေဟာ သမီးတို့ဆီကို ဘယ်တုန်းကမှရောက်မလာခဲ့တာပေါ့။ အဖေကြုံတွေ့ခဲ့ရတဲ့ ခလုတ်ကန်သင်းတွေကို သမီးအတွက်လှေကားထစ်လေးတွေလေးဖြစ်အောင် ဖေဖေဖန်တီးပေး ခဲ့တယ်။ သမီးလှမ်းမယ့်ခြေလှမ်းတိုင်းအတွက် အုတ်မြစ်ကိုအဖေချပေးခဲ့တယ်။ ဖေဖေ့ကျေးဇူးတွေက မြင်းမိုရ်တောင်ထက်မက ကြီးမားပေမယ့် သမီးကတော့ နှမ်းတစ်စေ့လောက်တောင် တုံ့ပြန်ဖို့မကြိုးစား ခဲ့မိဘူး။ သမီးဘဝအတွက်ရှေ့ဆောင်လမ်းပြကြီး ဖြစ်ခဲ့တဲ့အတွက် ဖေဖေ့ကိုကျေးဇူးတင်ပါတယ်။ သမီးနဲ့ထိုက်တန်တဲ့အချစ်တွေနဲ့အတူ သမီးမျှော်လင့်မထားခဲ့ဖူးတဲ့ ဂရုစိုက်မှုတွေကိုပေးခဲ့တဲ့အတွက် ဖေဖေ့ကိုကျေးဇူးတင်ပါတယ်။

သမီးဒါတွေပြောနေလို့ “ ဒီကလေးမ ဒီနေ့မှ ထူးထူးဆန်းဆန်း ဘာတွေလာပြောနေတာလဲ” လို့ ပြောရင်းသမီးကို ကျေကျေနပ်နပ်ကြီးပြုံးကြည့်နေမယ်ဆိုတာ သမီးသိပါတယ်ဖေဖေ။

တစ်ခါတလေမှာ လမ်းစတွေပျောက်နေတဲ့အခါ ဘာတွေလုပ်ရမလဲမသိဘူးဆိုတဲ့ ဒွိဟ စိတ်တွေနဲ့ ဖေဖေတွေဝေနေခဲ့ကောင်းတွေဝေနေခဲ့လိမ့်မယ်။ မိသားစုတစ်ခုလုံးရဲ့ အခက်အခဲတွေကို ဒိုင်ခံဖြေရှင်းဖို့ကြိုးစားရင်း ဖေဖေမောပန်းခဲ့ကောင်းမောခဲ့မှာပါ။ ဖေဖေ့ရဲ့စွမ်းဆောင်ရည်တွေအတွက် ဖေဖေ့ကိုယ်ဖေဖေအားမလိုအားမရဖြစ်ခဲ့ကောင်း ဖြစ်ခဲ့လိမ့်မယ်။ ဒါပေမယ့် သမီးအတွက်တော့ ဖေဖေ ဟာကမ္ဘာပေါ်မှာ အကောင်းဆုံးဖခင်တစ်ယောက်ပါ။ ဖေဖေ့ရဲ့ခြေလှမ်းတိုင်းဟာ သမီးအတွက်တော့ နမူနာယူစရာတွေချည်းပဲ ဖြစ်ခဲ့တယ်ဆိုတာကိုလည်း ဖေဖေသိထားပါနော်။

ကံကောင်းမှုတွေကြောင့်ရရှိလာခဲ့တဲ့ လူ့ဘဝကို တန်ဖိုးထားတတ်အောင်၊ သမီးကိုယ်သမီး ချစ်တတ်အောင် ဖေဖေသင်ပေးခဲ့တယ်။ အဖေတစ်ယောက်အနေနဲ့ သမီးတို့ရှေ့မှာ မားမားမတ်မတ် ရပ်တည်ခဲ့သလို သမီးတို့အားလုံးကို သင်ယူစရာတွေအများကြီးပေးခဲ့တယ်။ အရေးအကြီးဆုံး အချက်ကတော့ ဖေဖေ့လို သမီးအပေါ်ချစ်တဲ့လက်တွဲဖော်မျိုးကို ရွေးချယ်ရမယ်ဆိုတာကို သဘောပေါက်လာခဲ့တယ်။ သမီးလေ အဖေနဲ့ငြင်းရင်းခုံရင်း ကိုယ့်ရဲ့ယုံကြည်ချက်တွေကို မြဲမြံစွာ ဆုပ်ကိုင်ထားရမယ်ဆိုတာကို သဘောပေါက်လာခဲ့တယ်။ ကိုယ့်ရဲ့စံနှုန်းတွေကို ဘာအကြောင်း ကြောင့်မှ လျှော့မပစ်ရဘူးဆိုတာကို နားလည်လာခဲ့တယ်။
ဖေဖေဟာ သမီးကိုချစ်ခဲ့တဲ့ ပထမဆုံးယောက်ျားသားဖြစ်ပြီး သမီးသိပ်ကိုမြတ်နိုးခဲ့ရတဲ့ သမီးရဲ့အချစ်ဦးပါ။ သမီးကို ဖေဖေပထမဆုံးချီခဲ့တုန်းက သမီးမျက်နှာကိုချစ်မဝစွာကြည့်နေခဲ့တဲ့ ဖေဖေ့ရဲ့မျက်လုံးတွေကနေ မေတ္တာရဲ့အငွေ့တွေကို ရှူရှိုက်ခဲ့ရပြီး ဖေဖေ့လက်မောင်းမှာ လုံခြုံ နွေးထွေးမှုတွေကို ခံစားခဲ့ရတယ်။ သမီးရဲ့နှလုံးသားနုနုလေးကို တည်ငြိမ်ခြင်းတွေပြည့်အောင် လေ့လာသင်ယူဖို့ အဖေအစအဆုံးကူညီခဲ့တယ်။ သမီးရဲ့အရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ သမီးဘေးနားမှာ ဖေဖေရပ်တည်ပေးခဲ့တယ်။ ဖေဖေဟာသမီးကိုနေရာတကာ ကူညီမပေးခဲ့ ပေမယ့် သမီးရဲ့နောက်ကွယ်မှာ ဖေဖေရှိနေတယ်ဆိုတဲ့စိတ်က သမီးကို ပိုပြီးရဲရင့်စေခဲ့တယ်ဖေဖေ။

ဖေဖေ့မှာရှိနေတဲ့ တချို့အားနည်းချက်တွေကို သမီးချစ်သလို သမီးရဲ့ အားနည်းချက်တွေကို လည်း ဖေဖေအမြဲလက်ခံနှစ်သိမ့်ပေးတယ်လေ။ အမှားတွေနည်းအောင် ကူညီတတ်ပေမယ့် သမီးရဲ့ အမှားတွေကို ပွေ့ဖက်ပေးတဲ့အတွက် ဖေဖေ့ကိုကျေးဇူးတင်ပါတယ်ဖေဖေ။

သမီးလေ… တစ်ခါတလေစဉ်းစားမိတယ်။ ဖေဖေ့ရဲ့သမီးဖြစ်ရတဲ့အတွက် သမီးအတွက် အကျိုးကျေးဇူးတွေများပေမယ့် သမီးရဲ့ဖေဖေဖြစ်ရတာ ဖေဖေအတွက် အရမ်းကိုစိတ်ရှုပ်စရာ ကောင်းမှာပေါ့နော်။ သမီးနဲ့ဖေဖေ့ကြားက ကတောက်ကဆတွေအတွက်လည်း ဖေဖေ့ကို ကျေးဇူး တင်ပါတယ် ဖေဖေ။ ငြင်းခုံတိုင်ပင်ရင်းနဲ့ပဲ ဖေဖေနဲ့သမီး တစ်ယောက်ကိုတစ်ယောက် ပိုနားလည် သွားတာ မဟုတ်လား။ ကျေးဇူးအတင်ဆုံးကတော့ ခေါင်းမာတတ်တဲ့သမီးကို အချစ်ပိုတတ်တဲ့ဖခင် တစ်ယောက် အဖြစ်ရှိနေပေးခဲ့လို့ပါဖေဖေ။

ဖေဖေ့လိုပဲ သမီးရဲ့ခေါင်းမာမှုတွေကို လက်ခံနိုင်တဲ့ လက်တွဲဖော်ကိုတွေ့တဲ့တစ်နေ့မှာ မင်္ဂလာ ဝတ်စုံလေးဝတ်ပြီး သမီးအိမ်က ထွက်လာတဲ့အခါ “မျက်လုံးထဲဖုန်ဝင်သွားတာပါ”ဆိုတဲ့ အကြောင်းပြပြီး ဖေဖေငိုနေမယ်ဆိုတာ သမီးသိပါတယ်။ ဒါပေမယ့်လည်းလေ                                      “ဖေဖေ့သမီးလေးအရွယ် ရောက်လာတာ မြန်လိုက်တာ၊ ငယ်ငယ်လေးပဲရှိသေးတယ်” စတဲ့ စိတ်မချတဲ့စကားတွေနဲ့ တွေးပူမနေပါနဲ့ဖေဖေ။ ဘာဖြစ်လို့လဲဆိုတော့ သမီးကို ဖေဖေပထမဆုံးပွေ့ချီခဲ့တုန်းက သမီးခံစားခဲ့ရတဲ့ လုံခြုံနွေးထွေးမှုမျိုးကို ပေးနိုင်တဲ့သူမျိုးကိုသာ လက်တွဲဖော်အဖြစ် သမီးရွေးချယ်မှာမို့လို့ပါ။ ဖေဖေ့ အပေါ်ရှိနေတဲ့ လေးစားမှုမျိုးနဲ့ ချစ်ခင်နိုင်တဲ့လူမျိုးကိုပဲ ရွေးချယ်မှာဖြစ်တာကြောင့် သမီးအတွက် တွေးပူမနေပါနဲ့ဖေဖေ။ ပြီးတော့ သမီးအိမ်ထောင်ကျသွားလို့ ဖေဖေ့အပေါ် အချစ်လျှော့သွားမှာကိုလည်း စိတ်ပူမနေပါနဲ့နော်။ ဖေဖေဟာ သမီးရဲ့အချစ်ဆုံးပါ။ ရင်ထဲမှာအချစ်ဆုံးဆိုတာ တစ်ယောက်ပဲရှိတယ်လေ… မဟုတ်လား။

ဖေဖေက သမီးကို မွေးစကတည်းက ချစ်နေခဲ့သလို သမီးလည်း ဖေဖေ့ကို တစ်ဘဝလုံးချစ် နေမှာပါ ဖေဖေ။

ဖေဖေ့ရဲ့ သမီးငယ်