ချစ်သက်တမ်းအရှည်ကြီးကို ဖြတ်သန်းခဲ့တဲ့ ချစ်သူစုံတွဲတွေရဲ့ လျှို့ဝှက်နည်းလမ်းများ

blank

၁။ ရင်ခုန်သံတွေ အမြဲနွေးထွေးနေအောင် ကြိုးစားပါ။

ချစ်သူနှစ်ယောက်ကြားမှာ ရင်ခုန်သံတွေအေးစက်သွားတာမျိုး၊ ငြီးငွေ့သွားတာမျိုးတွေ ဖြစ်လာတာနဲ့အမျှ သံယောဇဉ်တွေကလည်း လျော့ပါးလာတတ်ပါတယ်။ “မင်းအကြောင်းကိုပဲ တွေးနေမိတယ်”ဆိုပြီး စာလေးတွေ ပို့တာမျိုး၊ အလုပ်တစ်ခုခုကို အတူတကွလုပ်ဆောင်တာမျိုး၊ ပျော်ရွှင်စရာအခိုက်အတန့်လေးတွေ ဖန်တီးပေးတာမျိုး၊ တစ်ယောက်အကြိုက်ကို တစ်ယောက်ကသိပြီး အလိုက်တသိ ဖြည့်ဆည်းပေးတာမျိုးလေးတွေက ရင်ခုန်သံတွေကို ပိုမိုအသက်ဝင်လာစေပါတယ်။

၂။ နွေးနွေးထွေးထွေး ထိတွေ့ပါ။

လက်လေးတွေကို ဆုပ်ကိုင်ထားတာမျိုး၊ ဆံနွယ်လေးတွေကို ပွတ်သပ်ပေးတာမျိုး၊ ပွေ့ဖက်ထားတာမျိုး၊ အနမ်းလေးတွေ ချွေတာမျိုးက ချစ်သူနှစ်ဦးအကြား ပိုမိုရင်းနှီးစေပြီး သံယောဇဉ်တွေကို တိုးပွားစေတဲ့အပြင် ကျန်းမာရေးကောင်းမွန်စေတဲ့ endorphin ဓာတ်တွေကိုပါ ထုတ်လွှတ်ပေးပါတယ်။ ရင်ခုန်သံတွေ အသစ်ဖြစ်စေဖို့ ကြင်နာစွာ ထိတွေ့ဆက်ဆံပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အမှားတွေတိုင်းအတွက် ချစ်သူကို အပြစ်တင်တာတွေကို ရပ်လိုက်ပါ။

လူတိုင်းအမှားနဲ့မကင်းပါဘူး။ ဘယ်သူမှလည်း မှားမှန်းသိသိရက်နဲ့ မလုပ်ပါဘူး။ ဒီတော့ သင့်ချစ်သူအမှားကြုံတိုင်း အားပေးဖို့၊ သင်ခန်းစာယူတတ်ဖို့ မပြောဘဲ ဒေါသတကြီး ဆူပူငေါက်ငမ်းမယ်၊ အပြစ်တင်မယ်ဆိုရင်တော့ အချစ်ရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒီလိုဆူပူမယ့်အစား နောက်တစ်ခါ အမှားမလုပ်မိအောင် သေချာရှင်းပြပါ။ ဒီအမှားကြောင့် နာကျင်ခံစားနေရရင်လည်း နှစ်သိမ့်အားပေးပါ။

၎။ စိတ်ပေါ့ပါးပျော်ရွှင်အောင် ကြိုးစားပါ။

ချစ်သူကို အပြစ်အမြင်ဘဲ အမြဲချစ်ခင်နေဖို့က သင်ကိုယ်တိုင်ကလည်း စိတ်ပေါ့ပါးပြီး ပျော်ရွှင်နေဖို့ အရေးကြီးပါတယ်။ သင်ပျော်ရွှင်နေလေလေ၊ သင့်အချစ်ရေးကလည်း ပျော်ရွှင်လေလေဖြစ်ပါတယ်။ ဒီတော့ စိတ်လက်ပေါ့ပါးအောင် ယောဂကျင့်တာမျိုး၊ ဝါသနာပါရာအလုပ်တစ်ခုခု လုပ်တာမျိုးတွေလုပ်ပါ။ စိတ်လေးကြည်လင်နေစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး လှပစွာ ဝတ်စားဆင်ယင်နေထိုင်ပါ။

၅။ ပြဿနာတိုင်းကို မျှမျှတတ ဆုံးဖြတ်ပါ။

ပျော်ရွှင်ခိုင်မာနေတဲ့ အချစ်ရေးတွေမှာတောင် တစ်ခါတလေ ရန်ဖြစ်ငြင်းခုံပြီး၊ ပြဿနာဖြစ်ကြတာလေးတွေ ရှိတတ်ပါတယ်။ အရေးကြီးဆုံးက ထိုပြဿနာတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာပါပဲ။ ပြဿနာတစ်ခုကို ဖြေရှင်းရာမှာ နှစ်ဦးနှစ်ဖက်မျှတစွာ စဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်။ လျှော့သင့်တဲ့နေရာလျှော့ပြီး တင်းသင့်တဲ့နေရာမှာ တင်းပါ။ နှစ်ယောက်အတူတည်ဆောက်ထားတဲ့အချစ်ရေးတစ်ခုကို သင့်ရဲ့ တစ်ဖက်သတ်အနိုင်လိုချင်တဲ့ အတ္တစိတ်ကြောင့် အထိခိုက်မခံပါနဲ့။

၆။ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး ပြဿနာဖြေရှင်းပါ။

ပြဿနာတစ်ခုခုကို ဖြေရှင်းဖို့၊ ကိစ္စတစ်ခုခုကို ငြင်းခုံဖို့ရှိလာတဲ့အခါ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ပြောသင့်မပြောသင့် စဉ်းစားပါ။ စိတ်တိုနေတဲ့အချိန်၊ စိတ်မကြည်လင်တဲ့အချိန်၊ မောပန်းနေတဲ့အချိန်နဲ့ ဗိုက်ဆာနေတဲ့အချိန်တွေမှာ သူ့ကို ပြဿနာရှာတာမျိုး၊ သံသယတွေဖြေရှင်းတာမျိုး မလုပ်သင့်ပါဘူး။ ပြဿနာရဲ့ အဖြေကို မရလိုက်တဲ့အပြင် ပိုမိုဆိုးရွားသွားစေနိုင်လို့ပါ။

၇။ တစ်ယောက်ရဲ့ စကားကို တစ်ယောက်က လေးစားစွာနားထောင်ပေးပါ။

သင့်ချစ်သူပြောသမျှစကားတွေ၊ ရင်ဖွင့်တိုင်ပင်လာသမျှစကားတွေကို အလေးအနက်ထားပြီး ကောင်းစွာ နားထောင်ပေးပါ။ အားပေးနှစ်သိမ့်ပါ။ ဆွေးနွေးအကြံပေးပါ။ သူနဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး သူ့မျက်လုံးကနေတဆင့် သူဖုံးကွယ်ထားတဲ့ ခံစားမှုတွေ၊ မျိုသိပ်ထားတဲ့ စကားလုံးတွေကို မြင်အောင်ကြည့်ပါ။

ပျော်ရွှင်စရာ အချစ်ကမ္ဘာလေးတစ်ခုကို တာရှည်ခိုင်မြဲအောင် တည်ဆောက်နိုင်ပါစေရှင်။

သူငယ်ချင်းတွေနဲ့ ချစ်ရသူအတွက် SHARE လိုက်ပါ။