ကလေးတွေကို အိမ်မှုကိစ္စတွေမှာ ဝိုင်းဝန်းကူညီစေခြင်းဖြင့် တာဝန်ယူတတ်သူလေးတွေ ဖြစ်လာနိုင်စေမယ့်နည်းလမ်းများ။

blank

        နေ့စဉ်ပြုလုပ်နေရတဲ့ အိမ်မှုကိစ္စလေးတွေမှာ ကလေးတွေကို ပါဝင်ကူညီစေခြင်းက ကလေးတွေရဲ့ တိုးတက်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒီလို အိမ်မှုကိစ္စတွေ ခွဲဝေလုပ်ဆောင်တာကို မိသားစု တော်တော်များများမှာလည်းတွေ့ရတတ်ပါတယ်။ တစ်ခါတလေမှာ ကလေးတွေကို ကူညီခိုင်းဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် အောက်ဖော်ပြပါနည်းလမ်းလေးတွေအတိုင်း စိတ်ရှည်ရှည်ထားပြီး သေချာသင်ပြပေးပါ။ မကြာခင်မှာ သူတို့လေးတွေကို ခိုင်းစရာမလိုဘဲ အလုပ်ကိုယ်စီလုပ်နေတာကို တွေ့ရပါလိမ့်မယ်။

၁။ သင်ကိုယ်တိုင် အိမ်မှုကိစ္စကို စိတ်ပါဝင်စားစွာလုပ်ပါ။

ကလေးတွေကို ငယ်ငယ်ကတည်းက အိမ်မှုကိစ္စတွေမှာ ကူညီခိုင်းရင်း ကူညီလုပ်ကိုင်ပေးတတ်တဲ့စိတ်၊ ရေသာမခိုတတ်တဲ့စိတ်လေးတွေကို ရိုက်သွင်းပေးဖို့လိုအပ်ပါတယ်။ ဒီလိုရိုက်သွင်းပေးဖို့က မိဘတွေကိုယ်တိုင် အိမ်မှုကိစ္စတွေကိုရှေ့ဆောင်လမ်းပြ လုပ်ကိုင်နေသင့်ပါတယ်။ ပြောတော့သာပြောရတာပါ။ ကလေးတွေကို အိမ်မှုကိစ္စတွေ ခိုင်းဖို့ဆိုတာကလည်း လွယ်တော့မလွယ်ဘူးလေ။

၂။ ကလေးတွေကို အိမ်မှုကိစ္စတွေခိုင်းစေရာမှာ ဒီအချက်လေးတွေကို လိုက်နာပါ။

  • ကလေးငယ်တွေဟာ အမှားတစ်ခုပြုလုပ်မိဖို့ သိပ်ကိုလွယ်ကူတာကြောင့် တစ်ခုခုလွဲချော်သွားတဲ့အခါ မဆူမငေါက်ပါနဲ့။ အမှားထပ်မလုပ်မိအောင် သင်ပြပေးပါ။
  • ကလေးတွေမှာ ထင်ထားတာထကပိုတဲ့ လုပ်နိုင်စွမ်းတွေရှိနေပါတယ်။ ဒီတော့ မလုပ်တတ်လောက်ဘူးလို့ ထင်ပြီး မခိုင်းတာတွေ မလုပ်ပါနဲ့။ သူတို့လုပ်နိုင်သလောက် လုပ်ပါစေ။
  • ကလေးတွေ အိမ်မှုကိစ္စလေးတွေကို စနစ်တကျကြိုးစားလုပ်နေတာကို မြင်ရင် သူတို့ကို နှုတ်ကနေထုတ်ဖော်ပြီး ချီးကျူးပါ။
  • သူတို့ လုပ်ရမယ့်အလုပ်ကို သူတို့ရဲ့ ကိုယ်ပိုင်တာဝန်ဖြစ်ကြောင်း၊ ဘယ်သူမှ ကိုယ်စားလာလုပ်ပေးမှာ မဟုတ်ကြောင်းကိုလည်း နားလည်အောင် ပြောပြထားပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အိမ်မှုကိစ္စလုပ်ပြီးတဲ့အခါ ဆုချတဲ့အနေနဲ့ သင့်လျော်တဲ့ဆုတစ်ခုခုပေးပါ။

ကိုယ်တိုင် မုန့်ဝယ်စားနိုင်နေပြီဖြစ်တဲ့ ကြီးကောင်ဝင်စ ကလေးတွေကို အိမ်မှုကိစ္စလုပ်တဲ့အတွက် ထိုက်သင့်တဲ့ဆုငွေပေးခြင်းက ကလေးတွေရဲ့ အလုပ်လုပ်ချင်စိတ်ကို မြှင့်တင်ပေးပြီး အလုပ်ကြိုးစားစေပါတယ်။ ဒါပေမယ့် အပြင်မှာ ဝယ်မစားရဘဲ အမေကျွေးသမျှကိုသာ စားနေရတဲ့ ကလေးငယ်တွေက ငွေရဲ့တန်ဖိုးကို နားမလည်တာကြောင့် အလုပ်လုပ်ဖို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သူတို့အတွက် ငွေအစား မုန့် (သို့) သူတို့လိုချင်နေတဲ့ အရုပ်လေးတွေကို ဆုအဖြစ်ပေးသင့်ပါတယ်။

၎။ အိမ်မှုကိစ္စတွေကို ခွဲဝေပေးပြီး စာရင်းပြုလုပ်ထားပါ။

တစ်အိမ်လုံးရဲ့ လုပ်ငန်းဆောင်တာတွေ အကုန်လုံးကို စာရင်းရေးပါ။ ကလေးတွေမလုပ်ချင်တဲ့ အလုပ်တွေကိုရော ထည့်သွင်းရေးဆွဲပါ။ ပြီးရင် သင့်တော်တဲ့ လုပ်ငန်းဆောင်တာလေးတွေကို ခွဲဝေပေးပြီး စာရင်းလုပ်ပါ။ အလုပ်တစ်ခုပြီးတိုင်း အမှန်ခြစ်လို့ရမယ့် အကွက်လေးတွေပါ ထည့်သွင်းရေးဆွဲပါ။ ထိုဇယားကို မြင်သာတဲ့နေရာမှာ ချိတ်ထားပြီး အလုပ်ပြီးတိုင်း အမှန်ခြစ်ခြစ်သွားပါက ကလေးတွေအတွက် sense of accomplishment ကိုပါ ရရှိစေပါတယ်။

ကလေးတွေရဲ့ အသက်အရွယ်အလိုက် လုပ်ခိုင်းလို့ရပြီဖြစ်တဲ့ အိမ်မှုကိစ္စလေးတွေကို ဒီစာစောင်လေးမှာ အသေးစိတ်ရေးသားဖော်ပြထားပါတယ်။

မှတ်သားစရာတစ်ခုခု ရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။