ကလေးတွေရဲ့ အသက်အပိုင်းအခြားအလိုက် စေခိုင်းလို့ရမယ့် အိမ်မှုကိစ္စလေးတွေ

blank

       ကလေးတွေကို ချစ်လွန်းလို့ ဘာအလုပ်မှ မခိုင်းရက်ဘဲ အစစအရာရာကို ဝင်ရောက်လုပ်ကိုင်ပေးနေခြင်းက ကလေးငယ်ကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်နေတတ်ပါတယ်။ ကလေးငယ်တွေကို အိမ်မှုကိစ္စလေးတွေလုပ်ခိုင်းခြင်းက ကလေးတွေရဲ့ တာဝန်သိတတ်စိတ်နဲ့ မျှဝေလုပ်ကိုင်တတ်တဲ့အကျင့်လေးတွေကို တိုးပွားစေပါတယ်။

ကလေးအသက်အရွယ်အလိုက် ခိုင်းလို့ရတဲ့အလုပ်ကိစ္စရပ်လေးတွေကလည်း ကွဲပြားပါတယ်။ ဒီတစ်ပတ်မှာတော့ ဘယ်အရွယ်ကလေးငယ်ကို ဘယ်လိုအလုပ်တွေ ခိုင်းလို့ရပြီလဲဆိုတာကို ဂန္ထဝင်စာဖတ်ပရိသတ် မိခင်များအတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။   ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁။ အသက် ၂နှစ်မှ ၃နှစ်အရွယ် ကလေးငယ်တွေဆိုရင်

  • အရုပ်တွေကို သိမ်းဆည်းတာ
  • အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အစာဖြည့်ပေးတာ
  • အဝတ်တွေကို ခြင်းထဲ ထည့်တာ
  • ဖိတ်ထားတဲ့ အရည်တွေကို ပွတ်တိုက်သန့်ရှင်းတာ
  • ဖုန်သုတ်တာ
  • စာအုပ်လေးတွေကို စီတာ စတဲ့အလုပ်လေးတွေကို ခိုင်းလို့ရပါတယ်။

၂။ အသက် ၄နှစ်မှ ၅နှစ်အရွယ် ကလေးငယ်တွေဆိုရင်

အထက်မှာ ဖော်ပြပေးခဲ့တဲ့ အလုပ်လေးတွေအပြင်

  • ကိုယ့်အိပ်ရာကိုယ်ခင်းတာ
  • အမှိုက်ခြင်းလေးတွေ သွန်တာ
  • သတင်းစာ သွားကောက်ခိုင်းတာ
  • စားပွဲရှင်းတာ
  • အိမ်ဝင်းထဲက ပေါင်းပင်လေးတွေကို နှုတ်ခိုင်းတာ
  • စားကြွင်းစားကျန်လေးတွေကို သန့်ရှင်းခိုင်းတာ
  • ပန်းပင်လေးတွေကို ရေလောင်းတာ
  • ဆေးပြီးသားပန်းကန်လေးတွေကို နေရာတကျထားခိုင်းတာ
  • ပလက်စတစ်ပန်းကန်လေးတွေကို ကိုယ်တိုင်ဆေးခိုင်းတာမျိုးတွေ လုပ်ခိုင်းလို့ရပါတယ်။

၃။ အသက် ၆နှစ်မှ ၇နှစ်အရွယ် ကလေးငယ်တွေဆိုရင်

အထက်မှာ ဖော်ပြပေးခဲ့တဲ့ အလုပ်လေးတွေအပြင်

  • တံမြက်စည်းလှည်းတာ
  • စားပွဲတွေကို ရှင်းတာ
  • ထမင်းစားပွဲပြင်ဆင်ရာမှာ ကူညီခိုင်းတာ
  • သစ်ရွက်တွေကို လှည်းကျင်းတာ
  • ကိုယ့်အိပ်ခန်းကို ကိုယ်တိုင်သန့်ရှင်းတာမျိုးလေးတွေကိုလည်း ခိုင်းလို့ရပါတယ်။

၎။ အသက် ၈နှစ်မှ ၉နှစ်အရွယ် ကလေးငယ်တွေဆိုရင်

အထက်မှာ ဖော်ပြပေးခဲ့တဲ့ အလုပ်လေးတွေအပြင်

  • ပန်းကန်ဆေးတာ
  • အစားအသောက်တွေကို စနစ်တကျ သိမ်းဆည်းတာ
  • ဖုန်စုပ်တာ
  • ထမင်းပွဲပြင်ဖို့ ကူညီခိုင်းတာ
  • ထမင်းစားပြီးတဲ့အချိန် စားပွဲကို သန့်ရှင်းရေးလုပ်တာ
  • ကိုယ့်အဝတ်အစားတွေကို ကိုယ်တိုင်သိမ်းဆည်းတာ
  • အပ်နဲ့အပ်ချည်ကိုသုံးပြီး ကိုယ်တိုင်အင်္ကျီကြယ်သီးတပ်တာ
  • သစ်သီးအခွံနွှာတာ
  • ကြမ်းတိုက်တာ
  • အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ လမ်းလျှောက်ထွက်တာလေးတွေ လုပ်ခိုင်းလို့ ရပါတယ်။

၅။ အသက် ၁ဝနှစ်နဲ့အထက် ကလေးငယ်တွေဆိုရင်

အထက်မှာ ဖော်ပြပေးခဲ့တဲ့ အလုပ်လေးတွေအပြင်

  • မီးပူတိုက်တာ
  • အဝတ်ခေါက်တာ
  • ရေချိုးခန်း သန့်ရှင်းရေးလုပ်တာ
  • ပြတင်းပေါက်သန့်ရှင်းတာ
  • ကားဆေးတာ
  • လွယ်ကူတဲ့ဟင်းလေးတွေ ချက်ပြုတ်တာ
  • အဝတ်လျှော်တာ
  • အိမ်ကလူကြီးတွေနဲ့အတူ ကလေးကူထိန်းပေးတာ
  • မီးဖိုချောင် သန့်ရှင်းပေးတာ
  • အိပ်ရာခင်းလဲတာ စတဲ့ အလုပ်တွေကို ခိုင်းလို့ရပါတယ်။

သင့်ကလေးငယ်မှာ သင်ထင်ထားထက်ပိုပြီး လုပ်နိုင်စွမ်းတွေရှိနေပါတယ်။

အခြားမေမေတွေဖတ်ဖို့ SHARE လိုက်ပါဦးနော်။