မိဘတွေရဲ့ အသံတွေကို အသံသွင်းပြီး မှတ်တမ်းယူထားလိုက်ပါ။

blank

သင့်မိဘတွေရဲ့ အသံကို အသံသွင်းမှတ်တမ်းတင်ထားဖို့ အရမ်းနောက်ကျသွားတဲ့အချိန်ထိ စောင့်မနေပါနဲ့။

သင့်အဖေရဲ့ အသံကို သင်နောက်ဆုံး ဘယ်အချိန်က ကြားလိုက်သလဲ။ ကျွန်မအဖေရဲ့ အသံကို နောက်ဆုံးကြားခဲ့ရတာ လွန်ခဲ့တဲ့ ၁ဝနှစ်လောက်ကပေါ့။ ချမ်းအေးလွန်းတဲ့ ဒီဇင်ဘာညတစ်ညမှာ အဖေကျွန်မဆီ ဖုန်းဆက်ခဲ့တယ်။ တစ်နယ်တစ်ကျေးမှာ ကျောင်းတက်နေတဲ့ ကျွန်မဆီကို အဖေနဲ့ အမေလာလည်မယ့်အကြောင်း ပြောခဲ့တာလေ။ သိပ်မကြာပါဘူး၊ ကျွန်မဆီလာဖို့ အထုပ်အပိုးတွေပြင်ပြီးမှ ကျွန်မအဖေဟာ Heart Attack ရပြီး ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အမေနဲ့ ကျွန်မတို့မောင်နှမ ၃ယောက် အရိပ်ထဲမှာ ယပ်ခတ်ပြီး ထမင်းစားနိုင်ဖို့ အဖေက အလုပ်တွေကို အရမ်းကြိုးစားလုပ်ခဲ့ရရှာတာ။ အချိန်ပြည့်အလုပ်တစ်ခုရော၊ အချိန်ပိုင်းအလုပ် ၃ခုကိုရော မပင်မပန်း ဇယ်ဆက်သလို လုပ်ခဲ့ရတယ်။ ဒီတော့ သားသမီးတွေအတွက် အချိန်မပေးနိုင်သလို ကျွန်မလည်း အဖေ့အသံကို သိပ်မကြားခဲ့ရဘူးလေ။

အဖေ့ရဲ့ အချိန်ပိုင်းအလုပ်တစ်ခုက စားသောက်ဆိုင်တစ်ခုရဲ့ သံစုံတီးဝိုင်းမှာ အဆိုရှင်အဖြစ် ဖျော်ဖြေရတာပေါ့။ ကျွန်မ ငယ်ငယ်တုန်းကလည်း အဖေသီချင်းဆိုတာကို နားမထောင်ခဲ့ရဘူး၊ အရွယ်ရောက်လာတော့လည်း ရပ်ဝေးမှာ ပညာရှာနေတဲ့ ကျွန်မအတွက် အဖေ့ရဲ့သီချင်းဆိုသံက နားစိမ်းလွန်းလှပါတယ်။

အလုပ်တွေအချိန်ပြည့် လုပ်နေတဲ့အဖေနဲ့ ကျွန်မကြားမှာ ရင်းရင်းနှီးနှီး ဖွင့်ဟပြောဆိုတာမျိုး၊ အချိန်အကြာကြီး စကားပြောတာမျိုးတွေ မရှိခဲ့ဘူး။ အဖေ ပင်စင်ယူသွားတော့မှသာ အဖေနဲ့ကျွန်မ စကားတွေအများကြီး ပြောမယ်လို့ အားခဲထားခဲ့မိတယ်။ ဒါပေမဲ့လေ သေမင်းတမန်ရဲ့ လက်တစ်စုံက အဖေ့ကို စောစောစီးစီးပဲ လက်ကမ်းခဲ့တာကြောင့် ကျွန်မတွေးထားသမျှတွေ ပျက်စီးသွားခဲ့ရတယ်။ ကျွန်မဘဝခရီးလမ်းအတွက် အဖေ့ဆီက တန်ဖိုးရှိတဲ့လမ်းညွှန်မှုတွေ တစ်ခုတလေတောင် မရလိုက်ဘူးလေ။ ဒီလိုနဲ့ နှစ်တွေအတော်ကြာသွားခဲ့တော့ ကျွန်မ အဖေ့အသံကိုတောင် မေ့ချင်ချင်ဖြစ်လာခဲ့တယ်။

လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ကျွန်မမောင်လေးဆီ အလည်သွားတော့ သူ့ကားထဲကနေ တိပ်ခွေလေးတစ်ခွေထုတ်လာပြီး ကျွန်မကိုပေးတယ်။

“မမ။ ဒါ အဖေ့တိပ်ခွေလေ။ ကျွန်တော် မဖွင့်ဖြစ်တာတောင် တော်တော်ကြာပြီ။ ကောင်းသေးရဲ့လားမသိဘူး။ မမနားထောင်ချင်ရင် ယူသွားလေ” တဲ့။

ကျွန်မ ချက်ချင်းပဲ ဖွင့်လိုက်တယ်။ တိပ်ခွေက အကောင်းကြီးရှိပါသေးတယ်။ ဖွင့်ဖွင့်ချင်းကြားရတာက စားသောက်ဆိုင်မှာ အဖေဆိုနေတဲ့ သီချင်းသံလေးပေါ့။ နားထောင်လို့ကောင်းလိုက်တာဆိုတာလေ၊ ကမ္ဘာပေါ်က ဘယ်အဆိုရှင်ကမှ အဖေ့လောက်မကောင်းဘူးလို့တောင် အတ္တစိတ်လေးသမ်းခဲ့မိတယ်။ သီချင်းဆိုပြီးတဲ့အခါ အောက်ကပရိသတ်ကို “ပျော်ရွှင်စရာ ညချမ်းလေးဖြစ်ပါစေဗျာ”လို့ နှုတ်ခွန်းဆက်သတဲ့ အသံလေးကလည်း အေးချမ်းလိုက်တာ။ ကျွန်မ သိပ်မကြားခဲ့ရတဲ့အသံကို အဲဒီပရိသတ်တွေ ညတိုင်းနီးပါး ကြားခဲ့ရမှာပဲလို့လည်း တွေးမိတယ်။

ဒီတိပ်ခွေလေးက တိုက်ရိုက်အသံသွင်းထားတာမို့ အသံတွေက သိပ်မကြည်ဘူးဖြစ်နေခဲ့တယ်။ နောက်တော့ ကျွန်မယောက်မနဲ့ ရေဒီယိုနည်းပညာကျွမ်းကျင်သူတစ်ဦးရဲ့ အကူအညီနဲ့ အသံစိစစ်ပြီး အခွေသစ်မှာ ကူးယူခဲ့တယ်။ ပြီးတော့ အဲဒီအခွေလေးကို ကျွန်မတို့ မောင်နှမသုံးယောက် ကော်ပီတစ်ခွေစီကူးထားပြီး အဖေ့ကို သတိရတိုင်း နားထောင်ကြတယ်။ နားထောင်တိုင်းမှာလည်း အဖေကျွန်မတို့နားရောက်နေသလို ခံစားလိုက်ရပြီး ခွန်အားတွေရှိသွားတယ်။ မိဘမေတ္တာက အံ့သြဖို့ကောင်းလိုက်တာနော်။

သင်တို့လည်း မိဘတွေရဲ့ အသံတွေကို မှတ်တမ်းတင်ပြီးအသံမသွင်းရသေးရင် အခုပဲ အသံသွင်းယူထားလိုက်ပါလို့ ကျွန်မတိုက်တွန်းပါရစေ။ စိတ်ဓာတ်ကျတဲ့အချိန်၊ အနားမှာဘယ်သူမှမရှိဘူးလို့ အားငယ်နေတဲ့အချိန်တွေမှာ မိဘတွေရဲ့ အသံလေးတွေက အားဆေးတစ်ခွက်ဖြစ်လာမယ်ဆိုတာ ကျွန်မကိုယ်တွေ့မို့ ရဲရဲကြီးအာမခံပါတယ်။ ပြီးတော့ ဒီအသံလေးတွေဟာ မိဘတွေဆီကရမယ့် အဖိုးမဖြတ်နိုင်တဲ့ အမွေတစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် အရမ်းနောက်ကျမသွားခင် အသံသွင်းထားလိုက်ပါ။ အစားထိုးမရတဲ့ မိဘတွေကို မဆုံးရှုံးရခင် အမှတ်တရလေးတစ်ခုတော့ ယူထားလိုက်ပါ။ နောင်မှရတဲ့ “နောင်တ” ဆိုတာ ခါးသီးလွန်းလှပါတယ်။

မိဘတွေကို ချစ်တဲ့သားသမီးတစ်ယောက်ဆိုရင် ဒီစာစောင်လေးကို တခြားလူတွေကို SHARE ပေးလိုက်ပါ။