ဂျစ်ကန်ကန် ကလေးဆိုးလေးတွေကို လိမ္မာလာအောင်ပြုပြင်နိုင်မယ့် လျှို့ဝှက်နည်းဗျူဟာများ

blank
၁။ သူ့ရဲ့ပင်ကိုယ်စိတ်ရင်းအတိုင်း ဆုံးဖြတ်လုပ်ဆောင်ခွင့်ပေးပါ။
ကျွန်မတို့ရဲ့ အတွေးအမြင်တွေက အမြဲတမ်းမမှန်နိုင်ပါဘူး။ တစ်ခါတလေမှာ ကျွန်မတို့မှားနေပြီး ကျွန်မတို့ကလေးတွေက မှန်နေတတ်တာမျိုးလည်းရှိပါတယ်။ ဒါကြောင့် နေရာတကာ ကိုယ်ဖြစ်ချင်သလို အတင်းပုံမသွင်းဘဲ ကလေးတွေကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးသင့်ပါတယ်။ တစ်ခါတလေမှာ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် တွေက ကျွန်မတို့ကို အံ့သြစေတတ်တာမျိုးတွေလည်း ရှိပါတယ်။

၂။ ကောင်းတဲ့အပြုအမူလေးတွေအတွက် ချီးမွမ်းပါ။

ကလေးငယ်တွေနဲ့ နီးနီးကပ်ကပ်နေပြီး သူတို့ရဲ့ အပြုအမူတွေကို စောင့်ကြည့် လိုက်ပါ။ သူတို့ရဲ့ စိတ်ရင်းအတိုင်း ကောင်းတဲ့အပြုအမူလေးတွေ လုပ်လာပြီဆိုရင် လိမ္မာကြောင်းပြောပြီး ချီးမွမ်းပေးရမှာက ကျွန်မတို့တာဝန်ပါ။ ဒီလိုလုပ်တာက ကျွန်မတို့ အတွက် အပမ်းမကြီးပေမယ့် သူတို့လေးတွေအတွက်ကတော့ လိမ္မာရေးခြားရှိဖို့ အားဆေးတစ်ခွက်ဖြစ်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အမှားကို အပြစ်မပြောဘဲ အမှန်ပြင်ခွင့်ပြုလိုက်ပါ။
ကလေးဆိုတာ လူကြီးတွေလောက် ဆင်ခြင်နိုင်စွမ်းမရှိဘူးလေ။ ဒီတော့ တစ်ခါတလေ သူတို့လေးတွေအမှားလုပ်တဲ့အခါ ဆင်ခြင်နိုင်စွမ်းပိုသာတဲ့ ကျွန်မတို့ လူကြီးတွေက အပြစ်မပြောဘဲ ခွင့်လွှတ်ပေးလိုက်ပါ။ သူတို့ရဲ့လက်ကိုဆုပ်ကိုင်ပြီး အမှားကို အမှန်ပြင်နိုင်အောင် နည်းလမ်းမှန်ကို ပြသပေးလိုက်ပါ။

၎။ စကားများများပြောပါ။ မေးခွန်းတွေ မေးပါ။

သူတို့လေးတွေ ကျွန်မတို့စကားကို မနာခံတဲ့အခါ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကို သိရဖို့ သူတို့နဲ့ စကားများများပြောရပါမယ်၊ မေးခွန်းလေးတွေ မေးရပါမယ်။ ဒါမှ သူတို့ရဲ့ အတွင်းစိတ်ကို မြင်နိုင်ပြီး “ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ”ဆိုတဲ့ အခြေအနေ တစ်ခုရောက်အောင် ညှိယူနိုင်မှာဖြစ်ပါတယ်။

၅။ သူငယ်ချင်းလို ပေါင်းသင်းဆက်ဆံပါ။
ကျွန်မတို့အတွက် အရေးကြီးဆုံးက သူတို့လေးတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိဖို့ပါပဲ။ ဒီတော့ ကျွန်မတို့ သူတို့ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်အောင် အရင်ဆုံးကြိုးစား သင့်ပါတယ်။ သူတို့နဲ့အတူတူစားသောက်ပါ၊ စကားပြောပါ၊ ဆော့ကစားပါ။ သူတို့နဲ့ရင်း နှီးမှုရရှိခြင်းက ထူးခြားမှုတွေ ပေးစွမ်းနိုင်မှာပါ။
၆။ ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်ပြသပါ။

ကျွန်မတို့ရဲ့စကားကို မနာခံဘဲ ကလန်ကဆန်တွေလုပ်နေတဲ့အခါ သူတို့လေး တွေအပေါ်မှာ ဒေါသထွက်မိတတ်ပါတယ်။ ဒါပေမယ့် မိဘဖြစ်တဲ့ ကျွန်မတို့က သူတို့လေးတွေအပေါ်အချစ်မလျော့ကြဘူးလေ။ ဒါကို သူတို့သိအောင် ထုတ်ဖော် ပြသသင့်ပါတယ်။ ဒါမှ မေတ္တာရဲ့နွေးထွေးမှုက သူတို့လေးတွေရဲ့ စိတ်ဓာတ်လေးတွေကို ပျော့ပျောင်းစေနိုင်မှာလေ။

၇။ ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပခွင့်ပေးလိုက်ပါ။
ဘယ်လောက်ပဲ မနာခံတတ်တဲ့ကလေးပဲဖြစ်ပါစေ၊ သူတို့ဟာ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေပါပဲ။ သူတို့ဆီမှာ အနာဂတ်တွေ၊ သင်ယူစရာတွေ၊ အတွေ့အကြုံယူ စရာတွေ အများကြီး ရှိနေပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အလင်းရောင်ကို ပိုမိုတောက်ပ လာအောင် ကူညီစွမ်းဆောင်ပေးရမှာက ကျွန်မတို့ရဲ့ တာဝန်ပါ။ ကျွန်မတို့ ဒီတာဝန်ကို ကျေပွန်မှ သူတို့လေးတွေဘဝမှာ အကောင်းဆုံးကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာမှာပါ။

“ကလေးကောင်းမှ၊ လူကြီးကောင်းတာပါ”။ ကလေးဘဝကတည်းက လိမ္မာရေးခြားရှိမှ အရွယ်ရောက်တဲ့အခါ လောကကြီးအတွက် တန်ဖိုးရှိတဲ့ လူတော်လူကောင်းလေးတွေ ဖြစ်လာနိုင်မှာပါ။ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေကို မွေးထုတ်ပေးမယ့် မိဘတွေအတွက် ဒီစာစောင်လေးက အကျိုးရှိစေမယ်လို့ ရည်ရွယ်ရင်း ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။