မောင်နှမအချင်းချင်း ရန်မပွားဘဲ ချစ်ခင်စေဖို့ မိဘတွေကျင့်သုံးသင့်တဲ့ ပြုစုပျိုးထောင်နည်းလေးများ

blank

၁။ အလျှော့ပေးသည်းခံတတ်အောင် သင်ပေးပါ။

မောင်နှမတွေရန်ဖြစ်တဲ့အခါ စပြီးရန်ရှာတဲ့ကလေးကို အပြစ်ပေးမယ့်အစား နှစ်ယောက်စလုံးရဲ့ ဖြစ်ချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောပြခိုင်းပါ။ နှစ်ဦးနှစ်ဖက်လုံး စိတ်ကျေနပ်အောင် ကိုယ်တိုင်ညှိနှိုင်းခိုင်းပါ။ ဒီလို ညှိနှိုင်းတတ်တဲ့ အကျင့်ရှိလာတာနဲ့ အမျှ ရန်ပွဲတွေဘက်ကို ဦးမတည်တော့ဘဲ ငြိမ်းချမ်းစွာဖြေရှင်းတတ်လာပါလိမ့်မယ်။ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးတတ်တဲ့ အကျင့်ကောင်း လေးတွေလည်း ပိုင်ဆိုင်လာပါလိမ့်မယ်။

၂။ နှိုင်းယှဉ်ပြောဆိုတာတွေကို ရှောင်ကြဉ်ပါ။

မောင်နှမအချင်းချင်းကို နှိုင်းယှဉ်ပြောဆိုတာက ကလေးတွေအကြား မနာလိုမှု တွေ၊ မကျေနပ်မှုတွေ တိုးပွားလာစေပြီး ချစ်ခင်မှုကို ပျက်ပြားစေမှာ ဖြစ်ပါတယ်။ ဒီလို နှိုင်းယှဉ်ခြင်းက ကလေးတွေရဲ့ စည်းလုံးညီညွတ်မှုကိုပါ ထိပါးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးတစ်ယောက်စီရဲ့ အားနည်းချက်၊ အားသာချက်တွေအကြောင်း တစ်ယောက် ချင်းစီကို ပြောပြပါ။ တစ်ယောက်ရဲ့ အားသာချက်ကို တစ်ယောက်က မနာလိုတာမျိုး မဖြစ်စေဘဲ အားကျအတုယူတတ်အောင် ပြောပြပေးပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မိသားစုအတွင်း စည်းကမ်းသတ်မှတ်ထားပါ။

အော်ဟစ်ဆူပူတာ၊ ငြင်းခုံရန်ဖြစ်တာ၊ ကိုယ်ထိလက်ရောက်ရန်ပြုတာတွေကို လုံးဝလက်မခံပါနဲ့။ ဒီလိုအပြုအမူတွေလုပ်လာရင်လည်း နှစ်ဖက်စလုံးကို အပြစ်ပေးမယ့် အကြောင်းကို သေချာသတိပေးထားပါ။ ဒီစည်းကမ်းကို အိမ်က မောင်နှမတွေကြားမှာ တင်မဟုတ်ဘဲ ကျောင်းကသူငယ်ချင်းတွေကြားမှာပါ လိုက်နာကျင့်သုံးတတ်အောင် သင်ပေးထားပါ။

၎။ ရပိုင်ခွင့်တွေကို လေးစားတတ်အောင် သင်ပေးပါ။

ပစ္စည်းတစ်ခု (သို့) စားစရာတစ်ခုကို လုရင်းရန်ဖြစ်ကြတဲ့အခါ အကောင်းဆုံး ဖြေရှင်းနည်းလမ်းက တစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို တစ်ယောက်က လေးစားတတ် အောင် သင်ကြားပေးခြင်းပါပဲ။ အခန်းတွင်းမှာ နေရာလုတယ်ဆိုရင်လည်း တစ်ယောက်ချင်းစီအတွက် ကိုယ်ပိုင်နေရာတစ်ခုစီကို သတ်မှတ်ပေးထားပါ။ တစ်ယောက်ရဲ့ပစ္စည်းကို တစ်ယောက်က ယူသုံးမယ်ဆိုရင်လည်း ခွင့်တောင်းတတ် အောင် သင်ပြပေးပါ။ ဒါဟာ မောင်နှမတွေကြားမှာတင်မဟုတ်ဘဲ အရွယ်ရောက်လာတဲ့ အခါ လူမှုအသိုင်းအဝိုင်းမှာ ဝင်ဆံ့ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

၅။ အလှည့်ကျလုပ်ဆောင်တတ်အောင် သင်ပြပေးပါ။

တီဗွီအစီအစဉ်ရွေးချယ်တာမျိုး၊ အရုပ်တစ်ခုတည်းကို ကစားတာမျိုးတွေမှာ ကိုယ်ဖြစ်ချင်တာကို ရှေ့တန်းတင်ရင်း အငြင်းမပွားကြစေဖို့ ကလေးငယ်တွေကို အလှည့်ကျလုပ်ဆောင်တတ်အောင် လေ့ကျင့်ပေးထားသင့်ပါတယ်။ လောကကြီးရဲ့ “အပေးအယူ”သဘောကိုလည်း နားလည်အောင် သင်ပြထားခြင်းက နောင်တစ်ချိန် အရွယ်ရောက်လာတဲ့အခါ လူမှုဆက်ဆံရေးကောင်းမွန်စေဖို့ အထောက်အကူဖြစ်စေ ပါတယ်။

မိဘဆိုတာ သားသမီးတိုင်းကို တူညီတဲ့ချစ်ခြင်းတွေနဲ့ ချစ်ကြတာပါ။ ဒါပေမယ့် သင်သတိမမူလိုက်မိတဲ့ အပြုအမူလေးတစ်ခုက သားသမီးတွေအတွက် အထင်မှားစရာ ဖြစ်လာနိုင်ပြီး မောင်နှမကြား ရန်တိုက်ပေးသလို ဖြစ်တတ်တာကြောင့် အစစအရာရာ ဆင်ခြင်သင့်ပါတယ်။ နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေးတည်ဆောက်နိုင်ဖို့ ဒီစာစောင်လေးက အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်ရှင်။