တစ်ဦးတည်းသော ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ။

blank

တစ်ဦးတည်းသော ကလေးငယ်တွေဟာ ကံကောင်းတဲ့ ကလေးငယ်တွေပါ။ ငယ်ငယ်ကတည်းက မိဘတွေရဲ့အချစ်ကို တစ်ဦးတည်းမောင်ပိုင်စီးခဲ့ရပြီး လိုတိုင်းတ၊ တတိုင်းရခဲ့တဲ့ဘဝကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုအချစ်ခံရမှုတွေက အသက်ကြီးလာတဲ့အခါမှာ အတ္တလေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ငယ်စဉ်ကလို လိုတာမရတဲ့အခါ အခြားကလေးတွေထက် ပိုပြီး ခံစားရတတ်ပါတယ်။ အချို့တစ်ဦးတည်းသောကလေးတွေဆိုရင် စိတ်ရှည်သည်းခံခြင်း၊ မျှဝေပေးကမ်းခြင်း၊ ပေါင်းသင်းဆက်ဆံရေးတို့မှာလည်း ညံ့ဖျင်းလာတတ်ကြပါတယ်။

ဒီလိုပြဿနာတွေ ရင်ဆိုင်ရခြင်းဟာ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုအပေါ်မှာ အများကြီးမူတည်ပါတယ်။ တစ်ဦးတည်းသော ကလေးငယ်တွေဟာ လောကပျိုးခင်းထဲက အခြားပန်းပွင့်လေးတွေနဲ့မတူဘဲ အထူးသီးသန့်ပြုစုပျိုးထောင်ပေးရမယ့် လှပတဲ့ ပန်းပွင့်လေးတွေဖြစ်ပါတယ်။ မိဘဥယျာဉ်မှုးတွေအနေနဲ့ မိမိရဲ့ရင်သွေးပန်းပွင့်လေး ငှားငှားစွင့်စွင့် ပွင့်လန်းနေဖို့ စနစ်တကျပြုစုပျိုးထောင်ပေးသင့်ပါတယ်။ ဒါ့ကြောင့် တစ်ဦးတည်းသော ကလေးငယ်တွေကို ပြုစုပျိုးထောင်ရာမှာ လိုအပ်တဲ့ နည်းလမ်းကောင်းလေးတွေကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အခြားကလေးတွေနဲ့ ခင်မင်စွာ ပေါင်းသင်းဆက်ဆံဖို့ အခွင့်အရေးတွေဖန်တီးပေးပါ။

တစ်ဦးတည်းသောသား၊တစ်ဦးတည်းသောသမီးတွေဟာ မောင်နှမရှိတဲ့ကလေးတွေထက် ပေါင်းသင်းဆက်ဆံရေးမှာ ညံ့ဖျင်းတတ်ကြပါတယ်။ ကစားပွဲမှာ ရှုံးနိမ့်တာ၊ ကိုယ့်အလှည့်ရောက်အောင် စောင့်စားရတာတွေ၊ အသင်းအဖွဲ့လိုက် လုပ်ဆောင်ရတာတွေက တစ်ဦးတည်းသောကလေးတွေအတွက် ခက်ခဲတဲ့အလုပ်တွေဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ဦးတည်းသောကလေးငယ်ကို လူမှုအသိုင်းအဝိုင်းအသီးသီးမှာ ဝင်ဆံ့ပြီး လူတကာနဲ့ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံတတ်အောင် သင်ပြပေးပါ။

၂။ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးပါ။

မိဘတွေဟာ ကိုယ့်ရဲ့ တစ်ဦးတည်းသောကလေးတွေကို အချစ်လွန်တာရယ်၊ စိုးရိမ်တာရယ်ကြောင့် အရာရာတိုင်းကို ချုပ်ချယ်ကန့်သတ်တတ်ပါတယ်။ အချို့အလုပ်တွေဆိုရင်လည်း ကလေးတွေကို ကိုယ်တိုင်မလုပ်ခိုင်းဘဲ မိဘတွေက လိုက်လုပ်ပေးတာမျိုး ရှိပါတယ်။ အဲဒီ့အခါမှာ တစ်ဦးတည်းသော ကလေးတွေဟာ လွတ်လပ်မှုကို ကောင်းကောင်းမခံစားတတ်တော့တဲ့အပြင် ကိုယ့်အားကိုယ်ကိုးပြီး လုပ်ကိုင်ချင်စိတ်တွေ ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်ကို လွတ်လပ်စွာ စဉ်းစားပြီး ကိုယ်တိုင်လုပ်ပိုင်ခွင့်ပေးလိုက်ပါ။ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ငြင်းခုံရန်ဖြစ်တာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်အောင် သင်ကြားပေးပါ။

မိဘတိုင်းဟာ ကိုယ့်သားသမီးကို ကာကွယ်ပေးချင်ကြတာ သဘာဝပါ။ ဒါပေမယ့် ကလေးအချင်းချင်း ဆော့ကစားရင်းနဲ့ ငြင်းခုံရန်ဖြစ်တာမျိုးမှာတော့ မိဘတွေအနေနဲ့ မပါဝင်သင့်ပါဘူး။ ဒီလိုအငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ မောင်နှမရှိတဲ့ကလေးတွေအတွက် အဆင်ပြေပေမယ့် တစ်ဦးတည်းသော ကလေးတွေအတွက်တော့ ခက်ခဲပါတယ်။ ဒါ့ကြောင့် မိမိသားသမီး ဆော့ကစားရင်းရန်ဖြစ်လာတိုင်း ဒေါသကိုမောင်းတင်ပြီး တစ်ဖက်ကလေးကို အပြစ်မတင်မယ့်အစား အငြင်းပွားမှုတွေကြုံရတဲ့အခါ ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာကို သင်ပြထားပေးလိုက်ပါ။

၎။ ကလေးအပေါ်မှာ ဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေပဲ ထားပါ။

တစ်ဦးတည်းသောကလေးတွေဟာ အရွယ်ရောက်မြန်တတ်ကြပြီး သင်ယူတတ်မြောက်လွယ်ကြပါတယ်။ သားသမီးကို အချစ်ပိုပြီး ဖြစ်ထွန်းချင်စိတ်ရှိကြတဲ့မိဘတွေဟာ ကလေးတွေအပေါ်မှာ အသက်အရွယ်နဲ့မလိုက်တဲ့ မျှော်လင့်ချက်ကြီးတွေ ထားရှိတတ်ကြပါတယ်။ လူကြီးတွေရဲ့ ဒီအတ္တက ကလေးတွေရဲ့စိတ်ကို အရောင်ဆိုးနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ဒါ့ကြောင့် မိမိသားသမီးအပေါ်မှာ ဖြစ်နိင်တဲ့မျှော်လင့်ချက်ပဲထားပါ။ ကလေးဘဝရဲ့ ပျော်စရာအချိန်တွေကို ဖိအားကင်းကင်းနဲ့ ခံစားခွင့်ပေးလိုက်ပါ။

၅။ ပြီးပြည့်စုံမှုကိုလိုချင်တဲ့ အတ္တကို စွန့်လွှတ်လိုက်ပါ။

သားသမီးတစ်ယောက်တည်းရှိတဲ့ မိဘတွေဟာ ကိုယ့်ရင်သွေးအပေါ်မှာ လောဘကြီးကြီးထားတတ်ကြပြီး ပြီးပြည့်စုံတဲ့ကလေးတစ်ယောက် ဖြစ်စေချင်ကြပါတယ်။ အဲ့ဒီအတ္တစိတ်ကြောင့် ကလေးငယ်ကို စိတ်ဓာတ်ကျလောက်သည်အထိ ဆူပူကြိမ်းမောင်းမိတာတွေ ဖြစ်တတ်ပါတယ်။ ထို့အတူပဲ တစ်ဦးတည်းသောကလေးငယ်တွေရဲ့ စိတ်ထဲမှာလည်း မိဘတွေအလိုကျဖြစ်ချင်တဲ့ဆန္ဒတွေနဲ့ ပြည့်သိပ်နေကြပါတယ်။ ကိုယ်ဖြစ်ချင်တာမဖြစ်လို့ စိတ်ဓာတ်ကျတာနဲ့ မိဘအလိုမကျဖြစ်လို့ အပြစ်တင်ခံရတာတွေနဲ့ ပေါင်းစပ်သွားတဲ့အခါ ကလေးအတွက် စိတ်ကျရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကလေးကို ဘယ်အခြေအနေမှာမဆို ချစ်နိုင်အောင် ကြိုးစားပါ။ ပြီးပြည့်စုံမှုကို အလွန်အမင်းမမျှော်လင့်ပါနဲ့။

၆။ အလွန်အမင်း အလိုလိုက်တာမျိုးတွေကို ရှောင်ကြဉ်ပါ။

တစ်ဦးတည်းသောကလးငယ်ဟာ ငယ်ရွယ်စဉ်ကတည်းက “လိုတရ”ဘဝကို ပိုင်ဆိုင်ခဲ့ကြရပါတယ်။ မောင်နှမတွေရှိတဲ့ကလေးငယ်တွေကတော့ လိုချင်တာရဖို့ ပေးဆပ်ရတယ်ဆိုတဲ့ လောကသဘာဝကို နားလည်ကြပါတယ်။ နောင်တစ်ချိန်အရွယ်ရောက်လာတဲ့အခါ “လိုချင်တာရတယ်”ဆိုတဲ့ စိတ်အထင်လွဲမှုလေးတွေ မဖြစ်အောင် တစ်ဦးတည်းသောကလေးကို ထိုက်သင့်သလောက်ပဲ အလိုလိုက်ပေးပါ။ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရမယ်ဆိုတာကို သင်ပြပေးပါ။ ဥပမာ- တံမြက်စည်းလှည်းမှ မုန့်ဖိုးပေးမယ်ဆိုတာမျိုးပေါ့။ တစ်နေ့တာအတွက် စည်းကမ်းသတ်မှတ်ပါ။ တင်းကြပ်သင့်တဲ့နေရာမှာ တင်းကြပ်ပါ။

၇။ အရာရာတိုင်းကို မျှဝေတတ်တဲ့အကျင့်ရှိအောင် လေ့ကျင့်ပေးပါ။

မောင်နှမရှိတဲ့ကလေးငယ်တွေဟာ အရာရာတိုင်းကို မျှဝေတတ်ပြီး သူတစ်ပါးရဲ့လိုအပ်ချက်ကို သိရှိကြပေမယ့် တစ်ဦးတည်းသော ကလေးငယ်တွေကတော့ မျှဝေမှုရဲ့ ရသကို နားမလည်ကြပါဘူး။ ဒီတော့ သင်ကိုယ်တိုင်က မျှဝေတတ်တဲ့သူ၊ စေတနာထက်သန်တဲ့သူတစ်ယောက်အဖြစ် ရှေ့ဆောင်လမ်းပြပြုပေးပြီး ကလေးငယ်ကို အတုယူခိုင်းပါ။ သူတစ်ပါးကို မျှဝေပေးလိုက်လို့ ရလာတဲ့ပီတိရဲ့ ချိုမြိန်မှုကို တစ်ဦးတည်းသောကလေးတွေ သိရှိအောင် လမ်းပြပေးလိုက်ပါ။