မလိုအပ်တဲ့အကြံပေးမှုတွေကို သင့်တော်စွာ ငြင်းပယ်လိုတဲ့အခါ…

blank

ကျွန်မတို့ဘဝမှာ ကိုယ်က မတောင်းဆိုရဘဲ၊ ကိုယ့်အတွက်လည်း လိုအပ်မနေဘဲ အကြံဉာဏ် ပေးတတ်သူတွေနဲ့ မလွှဲမရှောင်သာကြုံဆုံရလေ့ရှိပါတယ်။ အကြံဉာဏ်ပေးသူက သူစိမ်းမဟုတ်ဘဲ မိသားစု၊ မိတ်ဆွေသူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆိုရင် အချင်းချင်း အခင်မင် မပျက်စေမယ့် တုံ့ပြန်နည်းလေးတွေ သိထားဖို့လိုအပ်လှပါတယ်။

ဒါ့ကြောင့်… မလိုအပ်တဲ့အကြံပေးချက်တွေကို ငြင်းပယ်လိုတဲ့အခါ တုံ့ပြန်နိုင်မယ့်နည်းလမ်း လေးတချို့ကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ “ အကြံပေးချက်ကို  စဉ်းစားကြည့်မယ်လေ ”

ကိုယ့်အနေနဲ့ တကယ်စဉ်းစားမှာမဟုတ်ရင်တောင် ဒီနည်းကို သုံးခြင်းဖြင့် ယဉ်ကျေးစွာ ငြင်းပယ်ရာရောက်ပါတယ်။ သူတို့ပေးတဲ့အကြံဉာဏ်ကို တကယ်လုပ်မလုပ် ပြန်စစ်ဆေးခံရမယ့် ဒုက္ခတော့ ရှိနိုင်ပါတယ်။

၂။ “ သိပ်ကောင်းတဲ့အကြံပဲ။ အသုံးတည့်ရင် သုံးမယ်နော် ”

အကြံပေးချက်က ကောင်းမွန်ပေမယ့် ကိုယ့်အတွက် အသုံးတည့်မှသုံးမယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ ကတိမပေးတဲ့အတွက် ကတိမတည်လည်း ပြဿနာမရှိနိုင်တဲ့ မယုတ်မလွန်နည်းလမ်းပဲဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ “ စိတ်ဝင်စားစရာကောင်းပေမယ့် ဒီနည်းလမ်းသုံးဖို့ စဉ်းစားရဦးမယ် ”

တစ်စုံတစ်ယောက်က ကိုယ့်ကို ချက်ခြင်းပြောင်းလဲစေလိုစိတ်နဲ့ အကြံပေးချိန်မှာ ကိုယ့်ဘက် ကလည်း ပြောင်းလဲဖို့မဖြစ်နိုင်သေးတဲ့အခါ တုံ့ပြန်ဖို့ သင့်တော်တဲ့နည်းလမ်းဖြစ်ပါတယ်။

၎။ “ အခုလောလောဆယ် ဘာအကြံဉာဏ်မှ မလိုပါဘူး ”

စိတ်ရှုပ်မခံချင်ဘူးဆိုရင် ဒီနည်းလမ်းကို သုံးသင့်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုနားလည် ပေးနိုင်မယ့် ရင်းနှီးသူတွေနဲ့ပဲ သုံးသင့်တဲ့နည်းလမ်း ဖြစ်ပါတယ်။

၅။ “ အကြံဉာဏ်က ခံယူချက်နဲ့ မကိုက်ညီဘူး ”

တစ်စုံတစ်ယောက်က ကိုယ့်ခံယူချက်နဲ့လွဲနေတဲ့အကြံကို ပေးလာရင် ဒီနည်းလမ်းသုံးသင့်ပါ တယ်။ ကိုယ့်ခံယူချက်ကိုသိသွားရင် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နောက်ထပ် အကြံပေးတာမျိုး ကြုံရတော့မှာမဟုတ်ပါဘူး။

၆။ “ အဲ့ဒီအကြံကို သေချာပေါက်လုပ်ဖြစ်မှာမဟုတ်ပါဘူး ”

ကိုယ်မလုပ်နိုင်မှန်းသိသိကြီးနဲ့ အကြံဉာဏ်ပေးတတ်တဲ့လူတွေကို တုံ့ပြန်သင့်တဲ့နည်းလမ်း ဖြစ်ပါတယ်။ အဲ့ဒီလူတွေအတွက် အခုလိုပြတ်ပြတ်သားသားပြောလိုက်တာက အကောင်းဆုံးပါပဲ။

ပရိသတ်ကြီးရေ… မလိုအပ်တဲ့အကြံဉာဏ်တွေကို ငြင်းပယ်တဲ့နည်းလမ်းလေးတွေကတော့ အားလုံးအတွက် အသုံးတည့်မှာပါနော်။ သေချာတာက တစ်ဖက်သားရဲ့အကြံဉာဏ်ကိုလက်ခံနိုင် သည်ဖြစ်၊ လက်မခံသည်ဖြစ်စေ အကြံဉာဏ်အတွက် ကျေးဇူးတင်စကားထည့်ပြောတာက အချင်း ချင်းကြားမှာ အခင်မင်မပျက်စေတဲ့ အကောင်းဆုံးနည်းလမ်းဆိုတာပါပဲရှင်။

အားလုံးလည်း မလိုအပ်တဲ့အကြံဉာဏ်တွေကြောင့် စိတ်ပင်ပန်းရတဲ့အဖြစ်တွေက ကင်းဝေးပြီး ပျော်ရွှင်စရာလူနေမှုဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေနော်။