ကျွန်မကိုချစ်ရင် ဒီစာလေးကို အဆုံးထိဖတ်ပေးပါ မောင်…

blank

သို့

ချစ်လှစွာသော ခင်ပွန်းရေ…

မောင်နဲ့ကျွန်မ နှစ်ယောက်တစ်ဘဝထူထောင်ရင်း တဖြည်းဖြည်းနဲ့ ရက်တွေလတွေကို ဖြတ်သန်းလာခဲ့ပြီးကြပြီနော်။

မောင့်ကို ကျွန်မ ပြောချင်တာလေးတွေ၊ အမှာစကားပါးချင်တာလေးတွေရှိလို့ အချိန်ပေးပြီး နားထောင်ပေးပါနော်။

မောင့်ဘဝ မပြည့်စုံသေးချိန်၊ ပိုင်ဆိုင်မှုတွေကို လက်ဆုပ်လက်ကိုင်မပြနိုင်သေးတဲ့ အချိန်မှာ ကျွန်မ မောင့်ဘေးမှာနေပြီး တတ်နိုင်သလောက် ပါရမီဖြည့်ပေးခဲ့တယ်။ မောင့်ဘဝပြည့်စုံလာတဲ့အချိန်မှာ မောင်ကျွန်မကို ပြည့်စုံအောင် မဖြည့်ဆည်း ပေးနိုင်ရင်တောင် တခြားမိန်းမတစ်ယောက်ရဲ့လိုအပ်ချက်တွေကို စေတနာဗရပွနဲ့ မဖြည့်ဆည်းပေးပါနဲ့ မောင်။

မောင် ဘတ်စ်ကားတိုးစီးပြီး ဘဝကိုအကောင်းဆုံးကြိုးစားနေတဲ့အချိန်မှာ မောင့်လက်ကို မြဲမြဲဆုပ်ကိုင်ပြီး အတူတူ ဘတ်စ်ကားစီးရင်း အလုပ်ကို အတူတူ ကြိုးစားခဲ့ကြတယ်။ မောင် အောင်မြင်လာလို့ ကားအကောင်းစားကြီးတွေ စီးနိုင်တဲ့အချိန် မောင့်ကားပေါ်မှာ ကျွန်မကို တင်မခေါ်နိုင်ရင်တောင် တခြားမိန်းမတစ်ယောက်ကို တင်ပြီး သွားချင်ရာကို လိုက် မပို့ပေးပါနဲ့ မောင်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မောင့်တစ်လဝင်ငွေပမာဏနည်းတုန်းက မောင်အပ်တဲ့ငွေလေးနဲ့ လောက်ငှအောင် ဝယ်ခြမ်းချက်ပြုတ်ပြီး မောင်နဲ့ကျွန်မ မြိန်ရေယှက်ရေ ထမင်းလက်ဆုံစားခဲ့ကြတယ်။ မောင်ချမ်းသာသွားတဲ့အချိန် ကျွန်မကို ဟိုတယ်အကောင်းစားတွေမှာ ဒင်နာ ကောင်းကောင်းမကျွေးနိုင်ရင်တောင် တခြားမိန်းမတစ်ယောက်ကို ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး ညနေစာလိုက်မကျွေးပါနဲ့ မောင်။

မောင့်ဘဝ သာမန်ထက်မပိုသေးတဲ့အချိန် မောင့်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကျွန်မရဲ့ ငယ်ရွယ်နုပျိုမှုတွေကို စတေးခဲ့တယ်။ မောင့်ဘဝအောင်မြင်ပြီး ဝတ်ကောင်းစားလှတွေ ဝတ်နိုင်တဲ့အချိန် ကျွန်မရဲ့အိုမင်းမှုကြောင့် ကျွန်မကိုမလှဘူးလို့ သတ်မှတ်ရင်တောင် အလှအပကို ငွေနဲ့ရောင်းစားနေတဲ့ ခပ်လန်းလန်းမိန်းမတွေရဲ့ အလှမှာ မနစ်မျောပါနဲ့ မောင်။

မောင့်ဘဝ အညတရဖြစ်နေချိန် ကျွန်မမိဘအိမ်မှာ လိုတရတဲ့မင်းသမီးဘဝကို စွန့်လွှတ်ပြီး မောင့်နောက်ကိုလိုက်၊ မောင်နဲ့အတူ ဒုက္ခတွေကို မျှဝေခံစားပေးခဲ့တယ်။ မောင့်ဘဝမှာ ဘုရင်တစ်ဆူဖြစ်လာတဲ့အချိန် ကျွန်မကို မိဖုရားခေါင်နေရာ မပေးနိုင် ရင်တောင် တခြားမိန်းမတစ်ယောက်ကို မိဖုရားမမြှောက်ပါနဲ့မောင်။

မောင့်ကို လက်ထပ်ခဲ့တာ ကျွန်မကိုယ့်ဘဝကိုယ် မရပ်တည်နိုင်လို့ မဟုတ်ပါဘူး။ ကျွန်မတို့မိန်းမသားတွေမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ အစွမ်းသတ္တိ တွေ အများကြီးရှိပါတယ်။ ကိုယ့်ချစ်သူကို ချစ်လွန်းလို့သာ မာနတွေခဝါချ၊ ချစ်သူ နောက်လိုက်ပြီး “သားကို သခင်၊ လင်ကိုဘုရား” လို ကိုးကွယ်နေတာပါ မောင်။

မောင့်ဘဝ အောင်မြင်ပြည့်စုံလာမှ မောင့်နားကပ်လာတဲ့ ခပ်ညံ့ညံ့မိန်းမတွေကို မောင့်ရဲ့ ဆိုးတူကောင်းဖက် ငယ်ပေါင်းမယားဖြစ်တဲ့ ကျွန်မနဲ့ ယောင်လို့တောင် မနှိုင်းယှဉ်လိုက်ပါနဲ့မောင်။

မောင့်ဘဝကို သေတပန်သက်တဆုံး ပါရမီဖြည့်ပေးပါရစေနော်။

မောင့်ကိုချစ်တဲ့

မောင့်ဇနီးလေး