အကြိမ်ကြိမ်လဲပြိုကျပြီးနောက် “ကိုယ့်ဘဝ ဘယ်သူ့ကြောင့်မှ မပျက်စီးစေရဘူး” လို့ ချမှတ်လိုက်တဲ့ ကျွန်မရဲ့ ဆုံးဖြတ်ချက်။

blank

ကျွန်မအနားမှာ မနေချင်တဲ့သူတွေအတွက် နဂိုကလို ကျွန်မ မငိုတော့ပါဘူး။ ကျွန်မအတွက် မျက်ရည်ကျမှာ မဟုတ်တဲ့သူတွေအတွက် ကျွန်မမျက်ရည်တွေကို မဖြုန်းတီးတော့ဘူး။ ကျွန်မအတွက် စဉ်းစားမပေးတဲ့သူတွေအတွက် ကျွန်မနှလုံးသားမှာ နေရာအပိုတွေ ချန်မထားတော့ပါဘူး။ ပြီးတော့ ဘယ်သူ့ကိုမှ ကျွန်မရဲ့တန်ဖိုးကို သတ်မှတ်ခွင့်မပြုတော့ပါဘူး။ ကျွန်မစိတ်တွေ အလိုမကျဖြစ်ချင်ဖြစ်မယ်၊ စိတ်ညစ်ချင်ညစ်မယ်၊ ဒါပေမယ့် ကျွန်မဘဝကို ဘယ်သူကမှ ဖျက်ဆီးလို့မရအောင် ကာကွယ်ထားမယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မရဲ့ဘဝထဲမှာ ရှိမနေချင်သူတွေကို ကျွန်မဘဝထဲကို အတင်းဆွဲခေါ်မထားတော့ဘူး။ ကျွန်မအတွက် အကျိုးမဖြစ်ထွန်းစေမယ့် အရာတွေအတွက် ကျွန်မရဲ့ အချိန်နဲ့ စွမ်းအင်တွေကို အကုန်မခံနိုင်တော့ဘူး။

ဘဝခရီးကို အတူတူလျှောက်လှမ်းမယ်လို့ သဘောတူထားပြီး ကျွန်မကိုစောင့်မခေါ်ဘဲ ရှေ့ကသွားနှင့်သူကို မှီအောင် မလိုက်တော့ဘူး။

အမှန်တရားကို ဆန့်ကျင်ပြီး တလွဲယုံကြည်နေကြတဲ့သူတွေအတွက် အချိန်ကုန်၊ လူပင်ပန်းခံပြီး အမှန်တရားကို မီးမောင်းထိုးမပြတော့ဘူး။

ကျွန်မအကြောင်းသေချာ မသိဘဲ ကျွန်မကို အမျိုးမျိုးသမုတ်နေကြတဲ့သူတွေကိုလည်း ကျွန်မ အပင်ပန်းခံပြီး ရှင်းပြမနေတော့ဘူး။

ကျွန်မအကြောင်းကို ကွယ်ရာမှာ အတင်းပြောနေတဲ့သူတွေကိုလည်း ကျွန်မဂရုမစိုက်တော့ပါဘူး။

ကျွန်မမျက်လုံးထဲက အမှန်တရားတွေကိုမြင်အောင် မကြည့်နိုင်ဘဲ အလိမ်အညာစကားတွေကို နားယောင်နေတဲ့သူတွေကိုလည်း ကျွန်မ ပျာပျာသလဲ မရှင်းပြချင်တော့ဘူး။

အကြိမ်ကြိမ်နာကျင်ဖူးတဲ့ ကျွန်မနှလုံးသားလေးကလည်း နောက်ထပ် တစ်စစီ ဖြစ်တော့မှာ မဟုတ်ပါဘူး။ ကျင့်သားရနေလို့ ရလာသမျှဒဏ်ရာတွေကိုတောင် သူ့အလိုလို ကုစားတတ်နေပြီလေ။ ကျွန်မ နှလုံးသားလေးဟာ အချစ်တုတွေပေါ်မှာ သာယာချင်သာယာမိလိမ့်မယ်။ ဒါပေမယ့် ဘယ်သူကမှ အပိုင်ယူလို့ရမှာမဟုတ်ဘူး။ ကျွန်မနှလုံးသားကို ကျွန်မကပဲ ပိုင်ဆိုင်တယ်လေ။

ကျွန်မကို လဲကျအောင် လုပ်ဖူးတဲ့သူတွေက ကျွန်မဘဝကို ဘယ်လိုနည်းနဲ့မှ မြှင့်တင်မပေးနိုင်ဘူးဆိုတာ အမှန်တရားတစ်ခုပါပဲ။ ဒီတော့ ကျွန်မနာကျင်နေရင် တောင်၊ ဝမ်းနည်းရရင်တောင် သူတို့ကို သွားခွင့်ပေးလိုက်တော့မယ်။ ကိုယ့်အတွက် ကိုယ်ပဲ ဦးစားပေးမိတဲ့အခါ ဘယ်သူ့ကိုမှ တောင်းပန်မနေတော့ဘူး။ ကျွန်မဘဝထဲကို ခဏလောက်ပဲ လာနေမယ့်သူတွေ စိတ်ကျေနပ်စေဖို့အတွက်လည်း ခခယယ တောင်းပန်မနေတော့ဘူး။

ကျွန်မဘာလို့ ဒီလိုတွေ ဆုံးဖြတ်လိုက်လဲ သိလား။ လူတွေကြောင့် ကျွန်မဘဝ အကြိမ်ကြိမ်လဲပြိုခဲ့ရတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထပေမယ့် လူတွေရဲ့အတ္တ တွေက ကျွန်မကို ခဏခဏ ပြန်တွန်းချတယ်။ ရှုံးနိမ့်မှုတွေနဲ့ အတူပါလာတဲ့ သင်ခန်းစာတွေက ကျွန်မဘဝကို ခိုင်မာစေခဲ့တယ်။ ကျွန်မဘဝကို ဖျက်ဆီးနိုင်ဖို့ ဒီလူတွေကို ကျွန်မကိုယ်တိုင်ခွင့်ပြုပေးခဲ့တာပါလားလို့ နားလည်လာမိတယ်။ နောက်ဆုံးတော့ ကျွန်မဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ “ကျွန်မကိုယ်တိုင်ကလွဲပြီး တခြားဘယ်သူ့ကိုမှ ကျွန်မဘဝကို ဖျက်ဆီးခွင့်မပေးနိုင်ဘူး “ လို့ပေါ့။