ကြုံလေ့ကြုံထရှိတဲ့ အချစ်ရေးပြဿနာများနှင့် ကိုင်တွယ်ဖြေရှင်းနည်းများ

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… အချစ်ရေးတိုင်းမှာ ပြဿနာလေးတွေ အနည်းနဲ့အများရှိနိုင်ပြီး ထိုပြဿနာလေးတွေကို ကောင်းကောင်းမဖြေရှင်းနိုင်ရင် “အမှိုက်ကစ၊ ပြဿဒ်မီးလောင်” ဆိုသလို အချစ်ရေးတစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ အချစ်ရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာလေးတွေနဲ့ ထိုပြဿနာလေးတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ ဝေမျှပေးလိုက်ရပါတယ်ရှင်။

၁။ တစ်ယောက်နဲ့တစ်ယောက်ကြား ပုံမှန်ဆက်သွယ်မှုမရှိတဲ့ ပြဿနာ။

အချစ်ရေးမှာ အချိန်ကြာလာတာနဲ့အမျှ ရည်းစားဖြစ်ခါစအချိန်လေးတွေလို စကားလေးတွေတီတီတာတာပြောတာ၊ အချိန်ပြည့်ဖုန်းဆက်နေတာလေးတွေ လျော့နည်းသွားတတ်ပါတယ်။ ဒီလိုဆက်သွယ်မှု၊ ရင်းနှီးမှုလေးတွေဟာ အရေးမပါသလိုထင်ရပေမယ့် တကယ်တော့ အချစ်ရေးရဲ့နွေးထွေးမှုအတွက် အဓိကနေရာကနေပါဝင်နေပါတယ်။

ဒါ့ကြောင့် နှစ်ဦးသားအကြားမှာ ဆက်ဆံရေးတွေနွေးထွေးနေအောင် စကားလေးတွေအမြဲမပြတ်ပြောပေးပါ။ ရာသီဥတုအခြေအနေ၊ သူငယ်ချင်းတွေအကြောင်း၊ ရုပ်ရှင်ဇာတ်ကားတွေအကြောင်းကို ရင်းရင်းနှီးနှီးဆွေးနွေးပေးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ လွဲမှားတဲ့ ငွေကြေးစီမံမှုကြောင့် ဖြစ်ရတဲ့ပြဿနာ။

လက်ထပ်ပြီးတဲ့ ဇနီးမောင်နှံတွေနဲ့ ငွေကြေးအတူသုံးစွဲတဲ့ချစ်သူစုံတွဲတွေမှာ ဖြစ်တတ်တဲ့ ပြဿနာပါ။ ဝင်ငွေထွက်ငွေကို အတူတကွမစီမံနိုင်ဘဲ တစ်ယောက်က ပိုသုံးနေတယ်ဆိုရင် အချိန် ကြာလာတာနဲ့အမျှ ပြဿနာဖြစ်လာနိုင်ပါတယ်။

ဒါ့ကြောင့် တစ်ယောက်ရဲ့ငွေကြေးကို တစ်ယောက်က ချုပ်ကိုင်ခြယ်လှယ်တာမျိုး၊ ဝင်ငွေထွက်ငွေနဲ့ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ထားတာမျိုးတွေ မဖြစ်ပါစေနဲ့။ ဖြစ်လာတဲ့ ငွေကြေးပြဿနာတွေကိုလည်း နှစ်ယောက်သား တိုင်တိုင်ပင်ပင်နဲ့ ပွင့်ပွင့်လင်းလင်းဖြေရှင်းတာမျိုးက ယုံကြည်မှုကို ပိုမိုခိုင်မာလာစေပါတယ်။

၃။ ရန်ခဏခဏဖြစ်လွန်းတဲ့ ပြဿနာ။

တစ်ခါတလေ ဘာမှမဟုတ်တဲ့ကိစ္စသေးသေးလေးကနေ ရန်ဖြစ်တတ်ကြတယ်။ ရန်ဖြစ်စိတ်ဆိုးပြီး အချိန်တန်ရင်ပြန်အဆင်ပြေနိုင်ပေမယ့် သင့်အချစ်ရေးမှာ အမာရွတ်တော့ ကျန်နေတတ်ပါတယ်။ ငြင်းခုန်ရန်ဖြစ်တာတွေများလေလေ၊ အချစ်ရေးမှာ နားလည်မှုတွေလွဲပြီး တစ်ယောက်နဲ့တစ်ယောက်ကြား လျှို့ဝှက်ချက်တွေများလေလေ ဖြစ်တတ်ပါတယ်။

ဒီပြဿနာကိုဖြေရှင်းဖို့ ကိစ္စအသေးလေးတွေကအစ အကောင်းမြင်ပေးပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ပြောဖို့မစဉ်းစားဘဲ နားလည်ပေးပါ။ နှစ်ယောက်ကြားက မာန်မာနတွေ၊ ဒေါသတွေအစား သည်းခံခွင့်လွှတ်မှုတွေနဲ့ အစားထိုးပြီး သာယာတဲ့အချစ်ရေးကို တည်ဆောက်လိုက်ပါ။

၎။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုနည်းပါးတဲ့ ပြဿနာ။

ယုံကြည်မှုဆိုတာ အချစ်ရေးမှာအရမ်းကိုအရေးပါပါတယ်။ ကိုယ့်ချစ်သူကို စပြီး သံသယဝင်တဲ့နေ့ဟာ အချစ်ရေးစတင်ပျက်စီးတဲ့နေ့လို့တောင် ပြောလို့ရပါတယ်။ ချစ်သူရဲ့ဖုန်းတွေ၊ ဖေ့ဘုတ်အကောင့်တွေကို အချိန်ပြည့်ဝင်ရောက်စစ်ဆေးနေခြင်းက သူ့အတွက်စိတ်ရှုပ်စေနိုင်သလို သင့်အတွက်လည်း သံသယတွေနဲ့ပူလောင်စေနိုင်ပါတယ်။

ဒါ့ကြောင့် သင့်ချစ်သူအပေါ် တစ်ဖက်သတ်သံသယမထားမိအောင် သင့်ကိုယ်သင်ထိန်းပါ။ အကယ်၍သင့်ချစ်သူအပေါ် သံသယဖြစ်စရာကိစ္စတစ်ခုခုရှိလာပြီဆိုရင်လည်း သူ့နောက်ကွယ်ကနေစုံစမ်းတာထက် သူ့ကိုပွင့်ပွင့်လင်းလင်း ထုတ်မေးလိုက်ပါ။

၅။ တစ်ယောက်အပေါ်တစ်ယောက် သစ္စာမရှိတဲ့ပြဿနာ။

တစ်ယောက်က တစ်ယောက်အပေါ်သစ္စာမရှိဘဲ နောက်ကွယ်မှာဖောက်ပြန်နေတယ်ဆိုရင် ခိုင်မာတဲ့အချစ်ရေးတစ်ခု ဘယ်တော့မှဖြစ်မလာနိုင်ပါဘူး။ ကိုယ်တိုင်က သစ္စာမရှိရင် ချစ်သူကလည်း ကိုယ့်အပေါ်သစ္စာရှိဖို့ မမျှော်လင့်ပါနဲ့။ သစ္စာမရှိတဲ့ အချစ်ရေးဟာလည်းအလွယ်တကူပဲ ပြိုကွဲနိုင်ပါတယ်။

ဒီပြဿနာကိုဖြေရှင်းဖို့က ကိုယ်တိုင်အသိစိတ်ကလေးရှိနေမှ ရမှာပါ။ သင်အပြင်မှာ အခြားလူတစ်ယောက်နဲ့ ညစာစားဖို့ချိန်းမယ်ဆိုတိုင်း အိမ်မှာ သင်နဲ့ညစာအတူတူစားဖို့ ချက်ပြုတ်နေတဲ့ သင့်ဇနီးရှိတယ်၊ သင်အခြားသူနဲ့ဖုန်းပြောနေတိုင်း ဖုန်းထဲကနေသင့်ချစ်စကားလေးတွေကြားချင်လို့ သင့်ဖုန်းကိုစောင့်နေတဲ့ သင့်ချစ်သူလေးရှိတယ်ဆိုတာ သတိရပေးပါ။ သင့်ချစ်သူကလွဲပြီး အခြားသူကို အားနာသမှုနဲ့တောင် နေရာမပေးမိပါစေနဲ့။

ချစ်သူအားလုံး ပျော်ရွှင်တဲ့အချစ်ရေးလေးတည်ဆောက်နိုင်ကြပါစေရှင်။ သင့်အတွက် အကျိုးရှိခဲ့တယ်ဆိုရင် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါနော်။