မေမေဖတ်ဖို့ သမီးရေးတဲ့စာ။

blank

မေမေနဲ့အဝေး သူစိမ်းတွေရဲ့ကြားမှာ သမီးအဆင်ပြေအောင်နေနေပါတယ်မေမေ။

မေမေနဲ့ဝေးရာမှာ ဘဝကိုရုန်းကန်ရတဲ့အခါ  မေမေ့ရင်ခွင်ရဲ့အေးမြမှုတွေကို သမီးငတ်မွတ်လာတယ်မေမေ။

မေမေ့အိမ်ကို လွမ်းဆွတ်လာတဲ့အခါ၊ မေမေ့ကိုသတိရလာတဲ့အခါ မေမေ့ကျေးဇူးတွေကို ပိုပြီးမြင်တတ်လာတယ်မေမေ။

သမီးတို့မောင်နှမတွေအတွက် မေမေကိုယ်ကျိုးစွန့်ခဲ့တာတွေကို စဉ်းစားရင် သမီးရဲ့ သားသမီးတွေရလာတဲ့အခါ အဲ့ဒီလိုပေးဆပ်မှုတွေပေးနိုင်ပါ့မလားလို့ တွေးပူတတ်လာတယ်။ သမီး မလိမ်မိုးမလိမ်မာအရွယ်က သမီးကြောင့် စိတ်ကသိကအောက်ဖြစ်ခဲ့တာတွေအတွက် သမီးတောင်းပန်ပါတယ် မေမေ။ လောကကြီးနဲ့ တိုက်ရိုက်ပတ်သက်ရမှပဲ မေမေသမီးကို ဆိုဆုံးမခဲ့တာတွေရဲ့ ရည်ရွယ်ချက်တွေကို မြင်တတ်လာပြီး မေမေ့မေတ္တာတွေကို ခံစားတတ်လာတယ်မေမေ။

သမီးကျောကို မေမေအသာအယာသပ်ပြီး ချော့သိပ်တတ်တာတွေ၊ သမီးအိပ်ပျော်သွားတဲ့အခါ သမီးနဖူးကိုနမ်းပြီး “ချစ်စရာကောင်းလိုက်တဲ့သမီး” လို့ တိုးတိုးလေးပြောတတ်တာလေးတွေကို  ညတိုင်း သမီးသိပ်လွမ်းတယ်မေမေ။ နာကျင်မှုတွေကြောင့် သမီးငိုကြွေးချိန်တိုင်း မေမေအပြေးရောက်လာတတ်ပြီး သမီးကို တင်းတင်းဖက်ထားပေးတတ်တာကိုလည်း သမီးသိပ်တမ်းတတာပဲ မေမေရယ်။ အခက်အခဲတွေကြုံလာတိုင်း ငယ်ငယ်တုန်းကလိုများ မေမေဘွားခနဲပေါ်လာမလားဆိုပြီး သမီးအခုထိ မျှော်လင့်နေတုန်းပဲမေမေရေ…။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အရွယ်ရောက်လာတဲ့ မေမေ့သမီး ငယ်ငယ်ကရခဲ့တဲ့ မေမေ့နှစ်သိမ့်မှုတွေကို အလိုရှိနေတုန်းပဲဆိုတာ မေမေသိရင် သမီးကို ဟားတိုက်ရယ်မလားမသိဘူးနော်။ အထူးသဖြင့် ပင်ပန်းခက်ခဲတဲ့နေ့တွေမှာ မေ့မေ့ကိုအရင်ဆုံးတမိတယ် မေမေ။ “ခလုတ်ထိမှအမိတ” တာလားလို့ မေမေသမီးကို အပြစ်မတင်ပါနဲ့နော်။ အခြေအနေမျိုးစုံကို ကြုံတွေ့ရတိုင်း မေမေ့ရဲ့ရှုထောင့်ကနေပါ စဉ်းစားတတ်တာကြောင့် သမီးရဲ့အမြင်တွေက ထောင့်စေ့လာတယ် ဆိုတာလည်း မေမေယုံပေးပါ။

နေ့ရက်တွေတိုင်းမှာ မတူညီတဲ့ပုံစံမျိုးစုံနဲ့ သမီးကိုချစ်ကြောင်းပြသခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်မေမေ။ ဆံရစ်ဝိုင်းလေးနဲ့ ကလေးအရွယ်ကနေ ဆံထုံးလေးနဲ့ အိနြေ္ဒရရအမျိုးသမီးအရွယ်အထိ လျှောက်လှမ်းလာခဲ့တဲ့ လမ်းတစ်လျှောက်မှာ မေမေ့အချစ်တွေက မီးပြတိုက်တစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုမေမေသိချင်မှ သိမှာပါ။

“လူတွေရဲ့ငြင်းပယ်မှုတွေကို ခံရတိုင်း ငါ့အမေ ငါ့ကိုချစ်နေသေးတယ်၊  

ကျရှုံးမှုတွေကြုံရတိုင်းလည်း ငါ့အမေ ငါ့ကိုချစ်နေသေးတယ်၊

ဘယ်သူတွေဘယ်လိုနှိမ့်ချဆက်ဆံဆက်ဆံ ငါ့အမေ ငါ့ကို ချစ်နေသေးတယ်”

လို့ သမီးအားတင်းနိုင်ခဲ့တယ် မေမေ။ ဒါ့ကြောင့် ဒီနေ့သမီးရပ်တည်နေတဲ့နေရာဟာ မေမေ့ချစ်ခြင်းမေတ္တာတွေကြောင့်ဆိုတာ မေမေဝမ်းမြောက်စွာသိပေးပါမေမေ။

“မိခင်တိုင်းက သားသမီးတွေအတွက်ပေးဆပ်တတ်ကြတာပဲ” လို့မေမေစောဒကတက်မယ်ဆိုတာ သမီးသိပေမယ့် သမီးမေမေ့ကိုပြောပြချင်သေးတယ်မေမေ။

ကမ္ဘာပေါ်မှာရှိတဲ့ရင်သွေးတိုင်းဟာ သမီးလိုကံမကောင်းပါဘူးမေမေ။ ကိုယ့်ရဲ့ရင်သွေးတွေအတွက် လုံခြုံတဲ့ရင်ခွင်တစ်ခု၊ ခိုင်မာတဲ့အမိုးတစ်ခု၊ အချိန်တိုင်းမှာ မေမေရှိတာပဲ၊ ဘာမဆိုတိုင်ပင်လို့ရနေတဲ့ မေမေရှိနေတာပဲဆိုတဲ့ ခံစားမှုကြီးကို လူတိုင်းမရနိုင်ပါဘူးမေမေရယ်။ သမီးဆယ်ကျော်သက်အရွယ်က စဉ်းစားမိခဲ့တဲ့ နေရာတကာလိုက်ချုပ်ချယ်နေတာပဲဆိုတဲ့ ခံစားမှုကြီးဟာ လောကကြီးနဲ့ နဖူးတွေ့ဒူးတွေ့တွေ့လိုက်ရချိန်မှာ ပျောက်ဆုံးသွားခဲ့တယ်မေမေ။ သမီးအတောင်ပံတွေနုနယ်စဉ်မှာ မေမေမျက်ခြေမပြတ်စောင့်ရှောက်ပေးခဲ့ပေမယ့် သမီးပျံသန်းရမယ့်အရွယ် ရောက်လာတဲ့အခါမှာ ဘဝကောင်းကင်မှာ မြင့်မားစွာပျံသန်းခွင့်ပေးခဲ့တာကို သမီးသဘောပေါက်လာတယ်။

အခုတော့ ကမ္ဘာပေါ်က ရင်သွေးငယ်တိုင်း လိုချင်ကြတဲ့ အမေမျိုးဆိုတာ မေမေ့လိုမျိုးအမေဆိုတာကို သဘောပေါက်လာခဲ့တယ်မေမေ။ သူများတွေအသေအလဲလိုချင်နေကြတဲ့ မိခင်မျိုးကို သမီးပိုင်ဆိုင်ထားပေမယ့် မေမေ့ကို တန်ဖိုးမထားသလို ဆက်ဆံခဲ့မိတာတွေအတွက် သမီးတောင်းပန်ပါတယ်မေမေ။

မေမေဟာ သမီးဘဝအတွက်အရေးအကြီးဆုံး၊ အသန်မာဆုံးနဲ့ ဉာဏ်ရည်အထက်မြက်ဆုံးလူသားတစ်ယောက်ပါ။ တစ်ခါတရံမှာ မေမေ့ကိုစိတ်ညစ်စေခဲ့တဲ့အတွက် သမီးကိုယ်သမီးနောင်တရလို့မဆုံးပါဘူးမေမေ။

မေမေ့ရဲ့ ချစ်ခြင်းမေတ္တာတွေကို နားလည်လာလေလေ သမီးကိုယ်သမီး ကံကောင်းတယ်လို့ ခံစားရလေလေပါပဲ။

သမီးအတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေတတ်တဲ့အတွက် ကျေးဇူးပါမေမေ။

သမီးအတွက် စွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့အတွက် ကျေးဇူးပါမေမေ။

သမီးကိုပေးခဲ့တဲ့ အနှိုင်းမဲ့ချစ်ခြင်းမေတ္တာတွေအတွက် ကျေးဇူးပါမေမေ။

ဘဝမှာအောင်မြင်တဲ့နည်းလမ်းတွေနဲ့ ကျရှုံးတဲ့အခါ လက်ခံနိုင်ဖို့ စိတ်ခွန်အားတွေပေးခဲ့တဲ့အတွက် ကျေးဇူးပါမေမေ။

ကမ္ဘာ့အကောင်းဆုံးမိခင်ကို ပိုင်ဆိုင်ခွင့်ရတဲ့ ကံထူးရှင်ဖြစ်စေခဲ့လို့ ကျေးဇူးပါမေမေ။

မေမေ့အပေါ်တင်နေတဲ့ ကျေးဇူးတွေအားလုံးကိုကျေအောင်မဆပ်နိုင်ဘူးဆိုတာကို သမီးသိပါတယ်မေမေ။ ဒါပေမယ့် မေမေပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေထက်မလျော့တဲ့ ချစ်ခင်ကြင်နာမှုတွေနဲ့ သမီးငယ်ငယ်က ဂရုစိုက်ခဲ့သလို မေမေ့ကို ပြန်ဂရုစိုက်ပါ့မယ်လို့ ကတိပေးပါတယ်မေမေ။ မေမေ့မှာ အခက်အခဲတွေကြုံတဲ့အခါ ပထမဆုံးသတိရတတ်တာ သမီးပဲဖြစ်စေရပါမယ်။

မေမေပေးခဲ့သမျှတွေကို သမီး မေမေ့ကို ပြန်ပေးနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါမယ်။

သမီးငယ်ငယ်ကတည်းက မေမေ့ကြောင့် ဂုဏ်မငယ်ခဲ့ရသလို သမီးကြောင့်မေမေမျက်နှာပွင့်ရအောင် သမီးကြိုးစားပါ့မယ်။ မေမေ့ကိုယ်ကို ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးမိခင်တစ်ယောက်လို့ ခံစားရပါစေမယ်မေမေ။

သတိရစွာဖြင့်-

မေမေရဲ့သမီးငယ်။