မိဘနဲ့သားသမီးတွေကြား “ဝေဒနာ”လေးတွေဖယ်ခွာပြီး “စေတနာ”လေးတွေ အရာရောက်စေဖို့

blank

မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေနဲ့ပတ်သက်လာရင် လောကကြီးရဲ့ အကောင်းဆုံးဆိုတဲ့ အရာတွေကို ဖြည့်ဆည်းပေးချင်ကြသူတွေချည်းပါပဲ။ ဒါပေမယ့် ကောင်းစေချင်ဇောနဲ့ မရည်ရွယ်ဘဲ ပြုလုပ်လိုက်မိတဲ့ စေတနာအမှားလေးတွေက ဝေဒနာဖြစ်သွားရတာမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒီလို အမှားလေးတွေကင်းစင်ပြီး ပျော်ရွှင်စရာ မိသားစုဘဝတည်ဆောက်နိုင်စေမယ့် ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို ဂန္တဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ထားပါတယ်ရှင်။

၁။ ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်ပြသပါ။

ချစ်ခြင်းမေတ္တာတွေနဲ့ ဝန်းရံပြီး ကြီးပြင်းခွင့်ရတဲ့ကလေးတွေဟာ လောကအလယ်မှာ ပျော်ရွှင်စွာလျှောက်လှမ်းတတ်သူတွေဖြစ်လာကြပါတယ်။ ကျွန်မတို့သားသမီးတွေကိုလည်း လောကအလယ်မှာ ပျော်ပျော်ရွှင်ရွှင် လျှောက်လှမ်းနိုင်သူတွေဖြစ်စေချင်ရင် ကျွန်မတို့ချစ်ခြင်းမေတ္တာတွေကို အမြဲတမ်းထုတ်ဖော်ပြသပေးသင့်ပါတယ်။

၂။ သူတို့ရဲ့ကိစ္စတိုင်းမှာ ဝေဖန်နေတာမျိုး မလုပ်ပါနဲ့။

သားသမီးတွေလုပ်သမျှ ဝေဖန်ပြောဆိုပေးနေမိတာဟာ ကျွန်မတို့ဘက်က စိတ်ပူလို့ဖြစ်ပေမယ့် သားသမီးတွေကိုစိတ်ကျဉ်းကြပ်စေပါတယ်။ ဒါကြောင့် သူတို့အမှားတစ်ခုခုလုပ်မိတဲ့အခါ ပြစ်တင်ဝေဖန်မယ့်အစား အကြံဉာဏ်ကောင်းပေးပြီး အမှားအမှန်ကို သူတို့ကိုယ်တိုင်ရွေးချယ်တတ်အောင် ပြုစုပျိုးထောင်ပေးတာက အကောင်းဆုံးပါပဲ။

၃။ ကိုယ့်ကို အမြဲဂရုစိုက်နေဖို့ မတောင်းဆိုပါနဲ့။

သားသမီးတွေမှာလည်း သူတို့ကိုယ်ပိုင်ဘဝအတွက် ကြိုးစားရတာတွေ၊ ရုန်းကန်နေရတာတွေရှိနိုင်တဲ့အတွက် သူတို့အနေနဲ့ ကိုယ့်အပေါ် ဂရုမစိုက်နိုင်တဲ့အချိန်တွေရှိခဲ့ရင် ကျွန်မတို့ဘက်က နားလည်ပေးသင့်ပါတယ်။

၎။ သူတို့ရဲ့အားနည်းချက်တွေကို ဟာသမလုပ်ပါနဲ့။

မိသားစုဝင်တွေနဲ့ရှိစဉ်မှာ သားသမီးတွေရဲ့အားနည်းချက်တချို့ကို ဟာသလုပ်ပြီးရယ်ရယ်မောမော စတတ်တာက ကိစ္စမရှိပေမယ့် သူစိမ်းတွေကြားမှာ လှောင်ပြောင်တာကတော့ သူတို့ရင်ထဲမှာ အမာရွတ်တွေ ဖြစ်လာနိုင်တာမို့ ကျွန်မတို့အနေနဲ့ သတိပြုသင့်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သူတို့ကို အပြစ်မတင်ပါနဲ့။

ဘာတွေလုပ်လုပ် အပြစ်တင်ခံနေရတတ်တဲ့ကလေးတွေဟာ သူတို့ကိုယ်သူတို့ယုံကြည်မှုနည်းလာပြီး ဘဝလမ်းမှာ သူများထက်နောက်ကျကျန်နေတတ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ သားသမီးတွေအပေါ် ပြစ်တင်ကြိမ်းမောင်းတာမျိုးကို ရှောင်သင့်ပါတယ်။

၆။ သူတို့ရဲ့စိတ်ခံစားချက်တွေကိုလည်း နားလည်လက်ခံပေးဖို့ကြိုးစားပါ။

ကိုယ်ပိုင်ခံစားချက်တွေကို ထုတ်ဖော်ပြသခွင့်မရှိဘဲ အရာရာမှာ မိဘတွေရဲ့ဆုံးဖြတ်ချက်နဲ့သာ ရှင်သန်ကြီးပြင်းလာရတဲ့ကလေးတွေဟာ ခံစားချက်တွေကို မြိုသိပ်ပြီး အဆိုးမြင်တတ်သူတွေ ဖြစ်လာတတ်ပါတယ်။ အဲ့ဒါကြောင့် အသေးအဖွဲကိစ္စလေးတွေကအစ သူတို့စိတ်ခံစားချက်တွေကို အလေးထားသင့်ပါတယ်။

၇။ သူတို့တွေကို အကြောက်တရားနဲ့ မအုပ်ချုပ်ပါနဲ့။

“အကြောက်တရား”ဆိုတာ လူတစ်ယောက်ရဲ့ လွတ်လပ်စွာစဉ်းစားတွေးခေါ်နိုင်စွမ်းကို ဘဝတစ်လျှောက်လုံးအထိ ထိန်းချုပ်သွားတတ်တဲ့အရာပါ။ ဒါကြောင့် ကျွန်မတို့ကို ကြောက်အောင်ခြောက်ထားတာထက် ချစ်ခင်လေးစားလို့ လိမ္မာတာမျိုးဖြစ်အောင် ပြုစုပျိုးထောင်သင့်ပါတယ်။

၈။ ကိုယ်ဖြစ်စေချင်တာထက် သူတို့ဘဝအရေး သူတို့ဆန္ဒကို အရင်မေးပါ။

တချို့မိဘတွေဟာ သားသမီးတွေအပေါ် အကောင်းတွေချည်းဖြစ်စေချင်ဇောနဲ့ သားသမီးတွေရဲ့ဘဝရွေးချယ်မှုတွေမှာ ဝင်ရောက်ဆုံးဖြတ်ပေးတတ်ကြပါတယ်။ တစ်ပါးသူရဲ့ဆုံးဖြတ်ချက်နဲ့ ရှင်သန်ရတဲ့ကလေးတွေဟာ မိမိကိုယ်ကိုယုံကြည်မှုနည်းပါးတတ်ပါတယ်။ ကျွန်မတို့အနေနဲ့ သားသမီးတွေကို မမှားသင့်တာမမှားရအောင် လမ်းညွှန်တည့်မတ်ပေးတာမျိုးကလွဲရင် လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသင့်ပါတယ်။

၉။ သူတို့ဘဝခရီးလမ်းမှာ ကိုယ်က အဟန့်အတားမဖြစ်ပါစေနဲ့။

သူတို့ဖြစ်ချင်နေတဲ့ဆန္ဒတစ်ခုကို မကြိုးစားကြည့်ရသေးခင် ကျွန်မတို့က ဖြည့်ဆည်းပေးလိုက်တာမျိုးက သူတို့ကိုယ်တိုင်ကြိုးစားနိုင်တဲ့စွမ်းရည်ကို ဟန့်တားပစ်လိုက်တာနဲ့တူပါတယ်။ ဒါကြောင့် သူတို့ဆန္ဒဖြစ်မြောက်အောင် အကောင်အထည်ဖော်ရာမှာ ကျွန်မတို့ဘက်ကတတ်နိုင်သမျှ ပံ့ပိုးကူညီပေးတာမျိုးပဲ လုပ်သင့်ပါတယ်။

၁ဝ။ သူတို့အပေါ် ထွက်ပေါက်အနေနဲ့အသုံးမချပါနဲ့။

တစ်ခါတလေ ကျွန်မတို့စိတ်ဆိုးဒေါသထွက်နေချိန်မှာ ကျွန်မတို့ရဲ့ဒေါသတွေကို သားသမီးတွေအပေါ်ပုံချလိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒါက သူတို့ရင်ထဲနာကျင်စရာအမာရွတ်တွေ ဖြစ်သွားစေနိုင်တဲ့အတွက် အဲ့ဒီအပြုအမူမျိုးကို ကျွန်မတို့အနေနဲ့ သတိထားရှောင်ကြဉ်သင့်ပါတယ်။

၁၁။ သားသမီးတွေရဲ့ကိုယ်ပိုင်အခွင့်အရေးကို အလေးထားပါ။

မိဘနဲ့သားသမီးကြားမှာပဲဖြစ်ဖြစ် လိုက်နာစောင့်ထိန်းရမယ့် လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေဆိုတာရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေကို ကျွန်မတို့လေးစားသင့်ပါတယ်။

ဂန္ထဝင်ရဲ့ ပရိသတ်ကြီးအားလုံးလည်း ပျော်ရွှင်သာယာသော မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။