အတွေးခေါင်တတ်တဲ့ သူငယ်ချင်းလေးထံသို့ အိတ်ဖွင့်ပေးစာ

နေရာတကာမှာ လေးလေးနက်နက်တွေးတတ်လွန်းတဲ့ သူငယ်ချင်းလေးရေ…

“လူတိုင်းမှာ နေရာတကာ အတွေးလွန်တတ်တဲ့သူငယ်ချင်းတစ်ယောက်စီ ရှိတတ်ကြတယ်” တဲ့။ နင်ကလည်း ငါ့အတွက် အဲ့ဒီလိုထူးထူးခြားခြား သူငယ်ချင်းလေးတစ်ယောက်ပဲပေါ့။ လူတွေက နင့်ကို “စာအုပ်ကြီးသမား”တို့၊ “အူကြောင်ကြောင်လေး” လို့ သတ်မှတ်ကြတဲ့အခါ ငါမခံမရပ်နိုင်ဖြစ်မိတယ်။ ငါကတော့ အဲ့ဒီလိုမထင်ပါဘူး။ နင်က အူကြောင်ကြောင်နိုင်တာမဟုတ်ပါဘူး။ အတွေးလွန်လွန်းတာပါ။ တစ်ခါတစ်လေမှာ ငါ့အလုပ်ချိန်ကြီး ငါ့ဆီကိုမက်ဆေ့ခ်ျပို့ပြီး ငါစာမပြန်အားတဲ့အခါ ဘာများဖြစ်လို့လဲဆိုပြီး ထိတ်ထိတ်ပျာပျာဖုန်းလှမ်းဆက်တတ်တာကိုပဲကြည့်လေ။ နင်ဘယ်လောက်များစိတ်ပင်ပန်းလိုက်လဲ။

တကယ်တော့လေ နင်က စိတ်ထားလေးဖြူစင်သလို၊ သိပ်ကိုခင်ဖို့ကောင်းတဲ့ သူငယ်ချင်းလေးတစ်ယောက်ပါ။ ဒါပေမယ့် နင်ကအတွေးလွန်တတ်တာကြောင့် နင့်စိတ်တွေ ပူပင်ကြောင့်ကျနေရတာကိုတွေ့တိုင်း ငါ အားမလိုအားမရဖြစ်မိတယ်။

တစ်ခါတလေမှာ နင်က တကယ်မရှိတဲ့ပြဿနာတွေကိုလည်း တွေးပူနေတတ်တယ်။ နင့်ကိစ္စမှာတင်မကပဲ တခြားသူတွေရဲ့ကိစ္စတွေကိုပါ လိုက်ခံစားပေးနေပြီး ဖြေရှင်းဖို့နည်းလမ်းတွေကိုလည်း စဉ်းစားပေးနေတတ်တယ်။ နောက်ဆုံးတော့လည်း အဲ့ဒီကိစ္စတွေက သူတို့ဘာသာဖြေရှင်းရင်းပြီးသွားတာပါပဲ။ နင်ကသာ ကြားထဲကနေ စိတ်ပင်ပန်းပြီး ကျန်ရစ်ခဲ့ရတာလေ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဲ့ဒီလို နေရာတကာ အသေးစိတ်အထိ လိုက်စဉ်းစားလွန်းနေတာက နင်ပင်ပန်းလွန်းပါတယ် သူငယ်ချင်းရယ်။ လောကကြီးမှာ ဥပက္ခာပြုသင့်တဲ့အချက်လေးတွေကိုလည်း ဥပက္ခာပြုတတ်ပါမှ နေပျော်စရာရှိတော့မှာပေါ့။ ဒါ့ကြောင့် အသေးစိတ်စဉ်းစားစရာမလိုတဲ့ကိစ္စတွေမှာ အတွေးတွေကိုလျှော့ဖို့သတိထားပါ သူငယ်ချင်းရေ။

ပြီးတော့ နင့်ကိစ္စတွေမှာ လူတိုင်းဆီလိုက်အကြံဉာဏ်တောင်းတာလေးနဲ့ ပတ်သက်ပြီးတော့လည်း နည်းနည်းပြောချင်တယ်။ “ဆရာများရင် သားသေ” ဆိုတဲ့စကား နင်လည်းကြားဖူးမှာပါ။ လူဆယ်ယောက်က ပေးတဲ့အကြံဆိုတာ နင့်အတွက်ဆယ်မျိုးဖြစ်နေတော့ နင်လည်းရွေးရခက်တယ်။ ခေါင်းစားရတယ်။ တကယ်တော့ အရေးကိစ္စကြုံလာတဲ့အခါ နင့်ကိုယ်ပိုင်တွေးခေါ်မှုနဲ့ စဉ်းစားဆုံးဖြတ်တာက အကောင်းဆုံးပါသူငယ်ချင်း။ လူဆိုတာ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့အရာကို ကိုယ်တိုင်ဆုံးဖြတ်တာကအဖြစ်သင့်ဆုံးပါပဲ။

အဲ့ဒီလိုဆုံးဖြတ်နိုင်ဖို့ နင့်ကိုယ်နင်ယုံကြည်မှုလေးတော့ ထားရမှာပေါ့။

ဘဝကိုမားမားမတ်မတ်ရပ်တည်နိုင်ဖို့ အလိုအပ်ဆုံးက ကိုယ့်ကိုယ်ကို ယုံကြည်မှုပဲ သူငယ်ချင်း။

လူဆိုတာ ပြည့်ဝတဲ့သူမရှိတဲ့အတွက် လိုအပ်လာတဲ့အခါ

ကိုယ့်ထက်တတ်သိနားလည်သူတွေဆီက အကြံဉာဏ်တောင်းခံတာက သဘာဝကျပေမယ့်

ဆုံးဖြတ်တဲ့နေရာမှာတော့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပဲ ဆုံးဖြတ်တာအကောင်းဆုံးပါ။

နောက်တစ်ခုက ပြီးပြီးသားကိစ္စတွေအကြောင်း ပြန်တွေးလွန်းတဲ့အကျင့်ကို ဖျောက်ပစ်စေချင်တယ်။ လူတိုင်းမှာ အတိတ်ဆိုတာရှိပါတယ်။ အဲ့ဒီအတိတ်ကိုလည်း ဘယ်သူမှပြောင်းလဲပစ်လို့မရပါဘူး။ ဒါ့ကြောင့် နင့်အတွက် စိတ်မချမ်းသာစရာ အတိတ်ဆိုရင် ထပ်တလဲလဲပြန်တွေးနေမယ့်အစား အတိတ်ကို အတိတ်မှာပဲထားခဲ့ပြီး လက်ရှိဘဝကို အဆင်ပြေအောင်ပဲ တည်ဆောက်လိုက်စမ်းပါဟာ။

တကယ်တော့ လောကကြီးမှာနင်တို့၊ ငါတို့ဘယ်တော့မှ နားမလည်နိုင်တဲ့အရာတွေ အများကြီးရှိနေတာပါ သူငယ်ချင်း။ နားမလည်နိုင်တဲ့အရာတွေကို လိုက်တွေးနေရတာက စိတ်ပင်ပန်းရုံထက် မပိုပါဘူး။ တွေးလိုက်လို့ နင်တို့၊ ငါတို့ရဲ့ လက်ရှိအခြေအနေက ပြောင်းလဲသွားနိုင်မယ်ဆိုရင်တော့တစ်မျိုးပေါ့ဟာ။ အဲ့ဒါကြောင့် ရိုးရှင်းတဲ့ကိစ္စတွေကို ရိုးရိုးလေးလက်ခံလိုက်တာပဲကောင်းပါတယ်။

သိပ်ပြီး မွန်းကြပ်လာတဲ့အခါ ဘာမှမတွေးပဲ အသက်ဝဝရှူပြီး အနားယူလိုက်ပါ။ တကယ်တော့ အဲ့ဒီလိုဖြစ်နေတာတွေဟာ နင့်ရဲ့အလေးအနက်ထားတတ်တဲ့စိတ်ကြောင့်ဆိုတာ ငါနားလည်ပါတယ်။ ဒါပေမယ့် လိုအပ်တာထက် နေရာတကာတိုင်းကို အလေးအနက်ထားပူပန်တာကျတော့ ကြာလာရင် နင့်အပေါ်စိတ်ဖိစီးစရာဖြစ်လာနိုင်တယ်လေ။

တစ်ခါတလေမှာ သိပ်တွေးလွန်းတာက နင်ဖြစ်ချင်တဲ့အရာတစ်ခုခုကို အစမပျိုးရသေးခင် ဖျက်ဆီးပစ်လိုက်နိုင်တယ်တဲ့။

အတွေးဆိုတာ

လိုသလောက်ပဲတွေးရင် မိတ်ဆွေကောင်းဖြစ်နိုင်သလို

လိုတာထက်ပိုတွေးလွန်းရင်လည်း ရန်သူဖြစ်လာနိုင်တယ်တဲ့။

ငါကတော့ နင့်သူငယ်ချင်းမို့ နင့်အတွက် အကောင်းဆုံးတွေကိုပဲဖြစ်စေချင်တယ် သူငယ်ချင်းရေ။ ငါ့စာထဲကနေ ငါ့စေတနာကို နင်မြင်ပါစေလို့ ဆုတောင်းရင်းနဲ့ပဲ စာလည်းရှည်နေပြီမို့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်တော့မယ်နော်။

နင့်ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းတာကို မြင်ချင်တဲ့

နင့်ရဲ့ချစ်လှစွာသော သူငယ်ချင်း