သမီးကို အချစ်ကြီးလွန်းသော မေမေ့ထံသို့ အိတ်ဖွင့်ပေးစာ

blank

သို့/

သမီးကိုအချစ်တွေပိုပြီး နေရာတကာချုပ်ချယ်တတ်တဲ့ မေမေရေ…။

“ညအိပ်ညနေခရီးမထွက်နဲ့။”

“ညနေခင်းအတန်းဆိုရင် လုံးဝမတက်ရဘူး။”

“သူငယ်ချင်းမွေးနေ့သွားရင် မေမေလိုက်ခဲ့မယ်။”

“မေမေမပါဘဲ ဘယ်မှမသွားရဘူး။”

“ရေကူးတယ်ဆိုတာ အန္တရာယ်များပါတယ်။”

“တောင်တက်မလို့လား။ ပင်ပန်းပါတယ်သမီးရယ်။”

မေမေ့ရဲ့ အဲဒီစကားတွေကြားရတိုင်း သမီးစိတ်သိပ်ညစ်ရတယ်မေမေ။ သမီးအသက် (၁၈) နှစ်ပြည့်ပါပြီမေမေရဲ့။ လောကကြီးကို စူးစမ်းချင်စိတ်တွေအပြည့်နဲ့ လျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေချိန်မှာ မေမေစကားတွေက သမီးကိုအမြဲချည်နှောင်ထားတယ်။ မေမေသမီးကို အခုလိုတားဆီးနေတာတွေက မေမေ့မေတ္တာကြောင့်ဆိုတာ သမီးနားလည်ပါတယ်မေမေရယ်။ ဒါပေမယ့် မေမေရဲ့စေတနာလွန်ကဲတဲ့ တချို့အချက်တွေက သမီးနောင်ရေးအတွက် အဟန့်အတားတွေဖြစ်စေပါတယ်မေမေ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ညနေခင်း သင်တန်းတွေတက်ခွင့်မရတဲ့အတွက် ကျောင်းတစ်ဖက်နဲ့ အင်္ဂလိပ်စာတွေလေ့လာချင်တဲ့သမီးအတွက် အင်္ဂလိပ်စာလေ့လာဖို့ အခွင့်အရေးတွေဆုံးရှုံးတယ်မေမေ။ မိဘတွေကနားလည်ပေးပြီး ထိုက်သင့်တဲ့လွတ်လပ်မှုကိုရတဲ့ သမီးသူငယ်ချင်းတွေက သူတို့တွေပျံသန်းခဲ့တဲ့ကောင်းကင် လှကြောင်းပြောပြတဲ့အခါ သမီးပါးစပ်အဟောင်းသားနဲ့ နားထောင်ခဲ့ရတယ်မေမေ။ သမီးအတွက်တော့ မေမေမိုးပေးထားတဲ့ ခေါင်မိုးကြီးအပြင်ကနေတစ်ခါမှ မထွက်ဖူးတော့ သူတို့ပြောသမျှတွေဟာ သမီးအတွက်တော့ အဆန်းပေါ့မေမေရာ။

ဟိုးတစ်နေ့က ကျောင်းမှာစကားရည်လုပွဲတစ်ခုလုပ်တယ်။ သမီးသူငယ်ချင်းဝတ်ရည်ကို မေမေသိတယ်မလား။ သမီးကိုတုံးအလွန်းတယ်လို့ အားလုံးဖယ်ကြဉ်ထားတဲ့ကြားမှာ သမီးကို ခင်တွယ်တဲ့ ရှားရှားပါးပါးသူငယ်ချင်းလေးလေ။ အဲဒီပြိုင်ပွဲမှာ ဝတ်ရည်ဝင်ပြိုင်တယ်မေမေ။ သူယုံကြည်လက်ခံရာကို ရဲရဲဝံ့ဝံ့သွက်သွက်လက်လက် ပြောသွားတဲ့ဝတ်ရည်ကို သမီးသိပ်အားကျတာပဲမေမေ။ လူတွေနဲ့ အပေါင်းအသင်းသိပ်မလုပ်ရတဲ့ သမီးမှာတော့ စင်ပေါ်မပြောနဲ့ အတန်းထဲဆရာမစာမေးရင်တောင် စာဘယ်လောက်ရရ တုန်တုန်ယင်ယင်ဖြစ်သွားတတ်တယ်မေမေ။

ဝတ်ရည်ကပြောတယ် ယောက်ျားလေးသူငယ်ချင်းရှိတာက ယောက်ျားလေးတွေအကြောင်းပိုသိတယ်တဲ့။ အဲဒီတော့ ယောက်ျားလေးတွေလှည့်စားတာမှန်သမျှ မခံရဘူးတဲ့။ယောက်ျားလေးတွေရဲ့ စိတ်နေစိတ်ထားတွေကိုလည်း အကဲခတ်လေ့လာလို့ရတယ်တဲ့။ ယောက်ျားလေးသူငယ်ချင်းရှိတဲ့ မိန်းကလေးတွေကို တခြားယောကျာ်းလေးတွေကလည်း ထိကပါးရိကပါးမလုပ်ရဲဘူးတဲ့။ ရှုပ်နေတာပဲမေမေရာ သမီးကတော့နားမလည်ပါဘူး။ သမီးမှာတော့ မိန်းကလေးသူငယ်ချင်းတောင် လက်တစ်ဖက်ပြည့်အောင်မရှိဘူး။ ဝတ်ရည်ကပြောတယ် သူသမီးအတွက် စိတ်ပူတယ်တဲ့။ သမီးလည်းစိတ်ပူတာပဲမေမေ မပြောရဲ မဆိုရဲနဲ့  လူတောမတိုးတဲ့သမီးတော့ လူတွေအကြောင်းဘုမသိဘမသိဖြစ်နေမှာကို သမီးသိပ်စိတ်ပူတယ်မေမေ။

“အပြောကျယ်တဲ့ကောင်းကင်ကြီးကို မြေပြင်ကနေမော့ကြည့်ပြီး   တိမ်တိုက်လေးတွေကို ထိတွေ့ခွင့်မရသလို။

ကမ်းစပ်ကထိုင်ကြည့်ပြီး လှိုင်းလုံးလေးတွေရဲ့ အငြိမ့်ကို စီးမျောခွင့်မရသလို။

လှပတဲ့ရှုခင်းတွေကို မြေပြန့်က ထိုင်ကြည့်လို့ မရသလို။

လောကကြီးရဲ့ အကွေ့အကောက်တွေကို နားလည်ဖို့

လောကရဲ့လမ်းတွေကို လျှောက်ကြည့်မှ သမီးသိနိုင်မှာပေါ့မေမေရယ်။”

အခုသမီးပြောနေတာတွေက မေမေ့ချစ်ခြင်းမေတ္တာတွေကို သမီးနားမလည်လို့ မဟုတ်ပါဘူးမေမေ။ မေမေသမီးကို ဘယ်လောက်ထိချစ်တယ်ဆိုတာ သမီးသိတာပေါ့။ လောကရဲ့အဆိုးတွေတိုင်းကို သမီးဆီရောက်မလာအောင် မေမေကာကွယ်ပေးချင်တယ်ဆိုတာ သမီးသိတာပေါ့မေမေ။ ဒါပေမယ့်လောကဓံတွေက မေမေဘယ်လောက်ပဲကာကွယ်ပေးပါစေ သမီးဆီကိုရောက်လာမှာပဲမေမေရဲ့။ သမီးဘဝလမ်းကို သမီးကိုယ်တိုင်လျှောက်လှမ်းရတဲ့အခါ သမီးဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲမေမေ။ ဒါ့ကြောင့် လောကကြီးအကြောင်းကိုသိဖို့ သမီးလက်ကို မလိုအပ်ဘဲဆုပ်ကိုင်မထားပါနဲ့မေမေ။ သူတစ်ပါးကို အားပြုလျှောက်လှမ်းရင်း သမီးလမ်းမလျှောက်တတ်တော့မှာ စိုးလို့ပါ။

သမီးရဲ့ လွတ်လပ်ခွင့်ကိုတောင်းဆိုနေတာက မေမေ့ရင်ခွင်ကနေ စွန့်ခွာသွားဖို့ မဟုတ်ပါဘူး။ မေမေ့သမီးငယ် ဘယ်လောက်ဝေးတဲ့နေရာကိုပဲ ရောက်သွား ရောက်သွား၊ ဘယ်လောက်အမြင့်ကိုပဲ ပျံသန်း၊ ပျံသန်း နေညိုတဲ့အခါ မေမေ့ရင်ခွင်ကို ပြန်လာပြီးခိုဝင်မှေးစက်မှာပါ။ ရှုပ်ထွေးပွေလီတဲ့ လောကကြီးမှာ မေမေ့ရင်ခွင်က အန္တရာယ်အကင်းဆုံးဆိုတာကို သမီးသိပ်သိတာပေါ့မေမေ။ အတိုင်းအထွာ၊ အလျားအနံမရှိတာ မေမေ့မေတ္တာဆိုတာ သမီးသိတာပေါ့မေမေရယ်။ ဒါ့ကြောင့်မေမေ့အရိပ်မှာပဲ သမီးကိုအမှောင်ချမထားဘဲ လောကကြီးကို လေ့လာဖို့ သမီးကို ခွင့်ပြုပါမေမေ။

မေမေသမီးကို ခွင့်မပြုဘူးဆိုလည်း သမီးမေမေ့ကို ဇွတ်မပြောပါဘူးမေမေ။ မိဘဆိုတာ သားသမီးအပေါ် လွှမ်းမိုးချုပ်ကိုင်ဖို့ အခွင့်အရေးအပြည့်အဝရှိတယ်ဆိုတာ သမီးနားလည်ပါတယ်။ သမီးပြောပြတာတွေကို မေမေသေချာစဉ်းစားပြီးတဲ့အခါ မေမေသေချာဆုံးဖြတ်ပေးပါ။ သမီးငယ်ငယ်တုန်းက ဘယ်လောက်ပဲ လဲကျခဲ့ လဲကျခဲ့ မေမေသမီးကို လမ်းလျှောက်ခွင့်ပေးခဲ့သလို ကြုံတွေ့လာမယ့် အန္တရာယ်တွေကို တွေးပူမနေဘဲ သမီးရသင့်တဲ့ လွတ်လပ်ခွင့်ကို မေမေပေးပါစေလို့ ဆန္ဒပြုရုံကလွဲပြီး မေမေ့အပေါ်သမီး စိတ်ကွက်မှာမဟုတ်ပါဘူးမေမေ။ လူဖြစ်လာတဲ့အခိုက် လောကရဲ့လှပမှုတွေ၊ လူတွေရဲ့အကြောင်းတွေကို သမီးလေ့လာသိခွင့်ကို ဆုံးရှုံးရတဲ့အတွက် မေ့မေ့ကိုသမီးဘယ်တော့မှ မုန်းမှာမဟုတ်ပေမယ့် သမီးရသင့်တဲ့အခွင့်အရေးတွေကိုတော့ မေမေပေးနိုင်ဖို့မျှော်လင့်နေပါတယ်မေမေ။

သမီးရဲ့ ခံစားချက်တွေကို မေမေနားလည်လာပါစေလို့ မျှော်လင့်ရင်း

မေမေ့ကိုသိပ်ချစ်တဲ့ မေမေ့သမီးငယ်။

သင့်မေမေကိုပြောပြချင်တဲ့ စကားလုံးလေးတွေနဲ့တိုက်ဆိုင်သွားခဲ့တယ်ဆိုရင် SHARE ပေးလိုက်ပါဦးနော်။