ကိုယ့်ကိုယ်ကို မထက်မြက်ဘူးဆိုပြီး အထင်သေးနေတဲ့ညီမငယ်လေးအတွက် အိတ်ဖွင့်ပေးစာ

blank

ညီမလေးရေ…

ညီမလေးက ကိုယ့်ကိုယ်ကို မတော်ဘူး၊ မထက်မြက်ဘူး၊ မပြည့်စုံဘူးလို့ ထင်နေတယ်နော်။ ဘာလို့အဲ့ဒီလို ကိုယ့်ကိုယ်ကို တစ်ဖက်သတ် သတ်မှတ်ရတာလဲဟင်။ ညီမလေးဟာ အရမ်းကို ထက်မြက်ပါတယ်။ ညီမလေးဆီမှာ ကိုယ့်ကိုယ်ကိုမမြင်နိုင်တဲ့ အရည်အချင်းတွေ အများကြီးရှိပါတယ်။ အဲဒီအရည်အချင်းတွေက ညီမလေးကိုယ်တိုင်အတွက်သာမက ညီမလေးပတ်ဝန်းကျင်ကိုတောင် ထွန်းလင်းတောက်ပစေနိုင်တယ်ဆိုတာကို ညီမလေးမသိလို့ပါ။

ညီမလေး ဒီလိုခံစားနေရတဲ့အကြောင်းရင်းက ဘာလို့လဲသိလား။ မမတို့ ညီမလေးတို့အပါအဝင် လူတော်တော်များများက သူများတွေရဲ့ ဝေဖန်မှုတွေကို နားယောင်ပြီး ကိုယ့်တန်ဖိုး၊ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို သတ်မှတ်တတ်ကြတယ်။ ဒါဟာ လွဲမှားနေတဲ့လုပ်ရပ်ပဲကွဲ့။

ညီမလေးရဲ့ဘဝမှာ  ပတ်ဝန်းကျင်က လှောင်ပြောင်သရော်မှုတွေ ကြားရတဲ့အခါ၊ ညီမလေးရဲ့ ချစ်ရသူကလမ်းခုလတ်မှာ လက်တွဲဖြုတ်ပစ်ထားရစ်ခဲ့တဲ့အခါ ကိုယ့်ကိုယ်ကို အသုံးမဝင်သူတစ်ယောက်အဖြစ် ထင်ကောင်းထင်မိလိမ့်မယ်။ ဒါပေမယ့် ညီမလေးသိထားရမှာက ဒီလိုအဖြစ်တွေက ညီမလေးရဲ့ဘဝအတွက် အဆုံးအဖြတ်တွေမဟုတ်ဘူးကွဲ့။

ညီမလေးလုပ်ရမှာတစ်ခုက ညီမလေးဘယ်အရာတွေမှာ တော်လဲ။ ဘယ်အပိုင်းမှာ ထူးချွန်ထက်မြက်လဲဆိုတာကို သိအောင်လုပ်ရမှာလေ။ ညီမလေးမှာ ကျွမ်းကျင်တဲ့ စွမ်းရည်တစ်ခုရှိနေမယ်ဆိုတာ မမသေချာပြောရဲပါတယ်ကွာ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

          အချို့လူတွေက ခက်တယ်ကွဲ့။ ကိုယ့်ဘဝကိုယ် ဘယ်လိုတိုးတက်အောင် ကြိုးစားရမယ်ဆိုတာ မစဉ်းစားဘဲ သူတစ်ပါးကို ကဲ့ရဲ့ဖို့ပဲစဉ်းစားနေတတ်ကြတယ်လေ။ သူတို့ရဲ့ မကောင်းတဲ့ဝေဖန်ချမှုတွေကို ညီမလေး ယောင်လို့တောင် ဂရုမစိုက်မိပါစေနဲ့နော်။ ညီမလေးရဲ့ အကြောင်းကို ညီမလေးလောက် ဘယ်သူကသိနိုင်မှာလဲ။ မဟုတ်ဘူးလား။

ခိုင်မာတဲ့အနာဂတ်ရည်မှန်းချက်တွေ၊ ကျွမ်းကျင်မှုနယ်ပယ်တွေကိုသိလာတဲ့အခါ ညီမလေးကိုယ့်ကိုယ်ကို ယုံကြည်မှုတွေရှိလာလိမ့်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတာနဲ့အမျှ ညီမလေးဟာ ကိုယ်ပိုင်အရည်အချင်းတွေကို မှန်မှန်ကန်ကန်အသုံးချတတ်လာလိမ့်မယ်။

အခု နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့အမျိုးသမီးတွေ အများစုဟာ ကံကြမ္မာရဲ့ရိုက်ခတ်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့အထင်သေးကဲ့ရဲ့မှုတွေကို ကြုံတွေ့ခဲ့ရတယ်ဆိုတာ ညီမလေးသိလား။ အောင်မြင်သူတိုင်းရဲ့နောက်ကွယ်မှာ ရင်နင့်စရာဖြစ်ရပ်လေးတွေရှိတယ်ဆိုတာ ညီမလေးလေ့လာကြည့်ရင် သိနိုင်မှာပါကွယ်။ ဒါပေမယ့် သူတို့ဟာတွေ့ကြုံလာတဲ့ အခက်အခဲတိုင်းကို ကျော်လွှားပြီး အောင်မြင်တဲ့လူသားတွေအဖြစ် ရပ်တည်နိုင်ခဲ့တယ်မဟုတ်လား။ သူတို့ဘဝရဲ့ကန့်လန့်ကာနောက်ကွယ်က ကြိုးစားမှုတွေကို အတုယူပြီး ညီမလေးဘဝကို အကောင်းဆုံးတည်ဆောက်ပါ ညီမလေးရေ…။

ဘဝမှာနေပျော်ဖို့ ကိုယ့်ကိုယ်ကို ချစ်တတ်ရတယ်ညီမလေးရဲ့။ ညီမလေး ကိုယ့်ကိုယ်ကိုချစ်တတ်တဲ့လာတဲ့အခါ ညီမလေးဘဝကို အကောင်းဆုံးတည်ဆောက်ချင်လာလိမ့်မယ်။ အကောင်းဆုံးတည်ဆောက်ထားတဲ့ ညီမလေးရဲ့ဘဝမှာ ချစ်ခင်သူတွေ၊ လေးစားတန်ဖိုးထားမယ့် လူတွေရောက်လာလိမ့်မယ်။ ပန်းပွင့်လေးတွေအနားမှာ ပျားပိတုန်းတွေ ပျံဝဲနေသလိုပေါ့ ညီမလေးရယ်။ ညီမလေးဆီမှာ တောက်ပတဲ့အရည်အသွေး၊ သင်းပျံ့တဲ့မွှေးရနံ့တွေရှိနေရင် ကဲ့ရဲ့သံတွေဟာ ချီးမွမ်းသံအဖြစ်ပြောင်းသွားပါလိမ့်မယ်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ချစ်တတ်အောင်ကြိုးစားပါကွယ်။ ကိုယ့်ကိုယ်ကို ချစ်ရတာ ဘယ်တော့မှ သစ္စာဖောက်မခံရပါဘူး။ ပြီးတော့ ကိုယ့်ပန်းတိုင်ဆီကိုရောက်အောင် အတက်ကြွဆုံး ချီတက်ပါ။ လိပ်ပြာလေးတွေဟာ သူတို့ရဲ့လှပတဲ့အတောင်တွေကို မမြင်နိုင်သလိုပဲ ညီမလေးကလည်း ညီမလေးရဲ့ ထူးခြားတဲ့ အရည်အသွေးတွေကို မမြင်နိုင်ဖြစ်နေတာပါ။ မြင်အောင်ကြည့်ပါလို့ မမတိုက်တွန်းလိုက်ပါတယ်နော်။

ညီမလေးနောက်တစ်ခု သိထားရမှာက အောင်မြင်မှုမရောက်လာခင် ကျရှုံးမှုတွေ အများကြီး ကြုံရနိုင်တယ်ဆိုတာပါပဲ။ အဲဒါကြောင့် အောင်မြင်မှု မရခင်စပ်ကြား ညီမလေးရဲ့စိတ်ကို မလျှော့လိုက်ပါနဲ့။ အောင်မြင်မှုရတဲ့အထိ ဇွဲရှိရှိကြိုးစားပါနော်။ ပြီးတော့ ညီမလေးတကယ် ဝါသနာပါပြီး စိတ်ဝင်စားတဲ့အလုပ်ကိုပဲ လုပ်ပါကွယ်။

ဘဝဆိုတာ တိုတိုလေးပါကွယ်။ တိုတောင်းလှတဲ့ဘဝမှာ ညီမလေးရဲ့အိပ်မက်တွေတိုင်း၊ ရည်မှန်းချက်တွေတိုင်းကို မဆိုင်းမတွ အကောင်အထည်ဖော်ပြီး နေပျော်အောင်နေလိုက်ပါ။ ကိုယ့်ကိုယ်ကို အသုံးမကျဘူးဆိုပြီး အထင်သေးနေတာတွေ ရပ်လိုက်ပါတော့နော်။ ညီမလေးဟာ လှပလွတ်လပ်တဲ့ ဇာမဏီငှက်လေးတစ်ကောင်ပါ။ အဆုံးအစမရှိတဲ့ လောကကောင်းကင်ကြီးမှာ ညီမလေးရဲ့ အလှပဆုံးအတောင်ပံတွေကို ဖြန့်ကျက်ပြီး ယုံကြည်မှုရှိရှိနဲ့အမြင့်ဆုံးကိုပျံဝဲလိုက်ပါ ညီမလေးရေ…။

 

ညီမလေးရဲ့ ဘဝခရီးလမ်းတစ်လျှောက် ကံကောင်းခြင်းတွေ ဝေဆာနေပါစေလို့ မမဆုတောင်းပေးလိုက်ပါတယ်။

ညီမလေးကို ထက်မြက်တဲ့မိန်းကလေးအဖြစ်မြင်ချင်တဲ့ မမ