နည်းနည်းလေးတော့ နှေးနေတယ်၊ နှေးနှေးလေးပဲ ကောင်းပါတယ်

blank

“ရောမမြို့ကြီးကို တစ်နေ့တည်းနဲ့ ဆောက်လို့မရဘူး”တဲ့။ ဒါဟာ အချို့ကိစ္စတွေမှာ အလျင်စလို မလုပ်မိစေဖို့ ရှေးလူကြီးများက ဆုံးမခဲ့တဲ့ စကားလေးပဲဖြစ်ပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်မှာ တချို့ချစ်သူစုံတွဲတွေဟာ မြန်မြန်ချစ်၊ မြန်မြန်လက်ထပ်တာတွေ ကြားနေမြင်နေရပါတယ်။ တကယ်တော့ ဒါမျိုးတွေမှာ တစ်ခါတစ်လေ ကောင်းကျိုးတွေထက် ဆိုးကျိုးတွေ များနေတတ်တယ်။ ဘာလို့လဲဆိုတာကိုတော့ အောက်ဖက်မှာ ဂန္ထဝင်မဂ္ဂဇင်းအနေနဲ့ ရေးသားတင်ဆက်ပေးထားပါတယ်။

၁။ အချစ်ရေးမှာ အလျင်လိုလိုက်ရင် နှစ်ယောက်ကြားမှာ ရှိလာနိုင်မယ့် အမှတ်တရလေးတွေ ကွယ်ပျောက်သွားနိုင်ပါတယ်။အနာဂတ်မှာ ကောင်းမွန်တဲ့အချစ်ရေးဖြစ်ချင်ရင် အရာရာတိုင်း ပုံမှန်လေးပဲဖြစ်ပါစေ။

၂။ တဖြည်းဖြည်းပွင့်ဖူးလာတဲ့ အချစ်ပန်းလေးတွေကို အတူတူခံစားရတာလည်း ကြည်နူးစရာအလုပ်တစ်ခုပါ။ ရေရှည်ခိုင်မာတဲ့ ချစ်ခြင်းတစ်ခုဖြစ်တည်လာဖို့ အချိန်ယူတည်ဆောက်သင့်ပါတယ်။

၃။ ရည်းစားဖြစ်တာမကြာသေးဘဲနဲ့ မြန်မြန်လက်ထပ်ရတယ်ဆိုရင် ချစ်ခြင်းရဲ့ ပီတိတွေကို မခံစားရတော့ဘဲ တွန်းအားပေးခံရသလို ဖြစ်စေပါတယ်။ သေချာ အချိန်ယူစဉ်းစားပြီးမှ အဆင့်တက်ဖို့ ကြိုးစားပါ။

၎။ ဖြည်းဖြည်းချင်းတိုးပွားလာတဲ့ အချစ်တွေမှာ အတုအယောင်တွေမပါဘူး။ ဟန်ဆောင်လိမ်ညာမှုတွေမပါဘူး။ စစ်မှန်တဲ့ အချစ်ကိုရချင်ရင် ဖြည်းဖြည်းချင်း တည်ဆောက်ယူပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ချစ်သူဘဝမှာ ချိန်းတွေ့ရတာဟာ ဘဝရဲ့ ရင်ခုန်ပျော်ရွှင်စရာအကောင်းဆုံး အချိန်တွေပါ။ ဒါဆိုဘာလို့ အိမ်ထောင်ရှင်ဘဝကို အလျင်စလိုကူးပြောင်းပြီး လက်ထပ်မှာလဲ။ ချစ်သူဘဝမှာ အချိန်ယူပြီး တစ်ယောက်အကြောင်းတစ်ယောက် သေချာလေ့လာပြီးမှ လက်ထပ်ပါ။

၆။ အချစ်ရေးမှာ မျှော်လင့်ချက်တွေ၊ ဖြစ်ချင်တာတွေအရမ်းများနေပြီး တကယ်ဖြစ်မလာတဲ့အခါ စိတ်ဖိစီးမှုတွေ ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်လိုချင်တဲ့ ပုံစံရောက်အောင် အချိန်ယူပြီး ပုံသွင်းသင့်ပါတယ်။

၇။ ပြီးပြည့်စုံတဲ့ အချစ်ရေးတစ်ခုမှာ စတွေ့တဲ့အချိန်၊ စတင်ခင်မင်တဲ့အချိန်ကစပြီး ချစ်သူဖြစ်တဲ့အချိန်၊ လက်ထပ်တဲ့အချိန်ထိ အချိန်တိုင်းဟာ တန်ဖိုးရှိလှပါတယ်။ ဒါ့ကြောင့် ပျော်စရာအမှတ်တရလေးတွေကို ဖြည်းဖြည်းချင်း ဖန်တီးယူပြီး ခိုင်မာတဲ့ အချစ်ရေးကို တည်ဆောက်လိုက်ပါ။

“ဖြည်းဖြည်းမှန်မှန်၊ အောင်ပွဲခံ” ဆိုတဲ့ ဆိုရိုးစကားလေးနဲ့အညီ အချစ်ရေးတင်မဟုတ်ဘဲ ဘယ်အရာကိုမဆို အလျင်စလိုမလုပ်မိဖို့ အကြံပေးလိုက်ပါတယ်ရှင်။

ပရိသတ်ကြီးရဲ့ အမြင်လေးတွေကိုလည်း Comment Box မှာ ဝေမျှပေးပါဦးနော်။