ပုရိသတို့ နားမလည်နိုင်တဲ့ ဣိတ္ထိယတို့၏ ချစ်စရာအမူအကျင့်လေးများ

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… တစ်ခါတစ်လေ သင့်ချစ်သူယောက်ျားလေးတွေရဲ့ မျက်နှာပေါ်မှာ သင့်ကြောင့် စိတ်ရှုပ်ရတဲ့ အရိပ်အယောင်လေးတွေ တွေ့မြင်ဖူးကြမှာပါ။ အကြောင်းရင်းကတော့ သင်ဘာတွေ လုပ်နေတာလဲ၊ ဘာ့ကြောင့် သင်ဒီလိုလုပ်တာလဲဆိုတာကို သူတို့ တကယ်ကို နားမလည်နိုင်လို့ဖြစ်ပါတယ်။ ယောက်ျားလေးတွေအတွက်တော့ ကျွန်မတို့ မိန်းကလေးတွေရဲ့ အပြုအမူတွေဟာ လုံးဝကို ထူးဆန်းပြီး နားလည်ရခက်နေပါတယ်။ ဒီတပတ်မှာတော့ ကျွန်မတို့ရဲ့ သာမန်အမူအကျင့်ဖြစ်ပေမယ့် သူတို့အဖို့ နားလည်ရခက်မယ့် အဖြစ်အပျက်လေးတွေကို ဖော်ပြပေးထားပါတယ်။ ဖတ်ကြည့်လိုက်ရအောင်…။

၁။ ဒီလောက်အဝတ်တွေအများကြီးကို ဝတ်စရာမရှိဘူးပြောပြန်ပြီ။

ကုန်တိုက်ကြီးတွေထက်များတဲ့ အဝတ်အထည်တွေ ဗီရိုနဲ့အပြည့်၊ အခန်းနဲ့အပြည့်ရှိနေတာတောင် ဝတ်စရာမရှိဘူးလို့ ညည်းညူတတ်ကြပါတယ်။ ကျွန်မတို့အတွက်ကတော့ မထူးဆန်းပေမယ့် သူတို့အတွက်တော့ ထူးဆန်းနေပါလိမ့်မယ်။ တစ်ခါတစ်လေ ကိုယ်တော်ချောများက မနေ့က အင်္ကျီလေးပြန်ဝတ်လိုက်ပါလားလို့တောင် အကြံပေးတတ်ကြလေရဲ့။

၂။ ခြေထောက်အနာခံပြီး ဖိနပ်အမြင့်တွေ စီးပြန်ပြီ။

သက်တောင့်သက်သာမရှိတဲ့ ဒေါက်ဖိနပ်အမြင့်ကြီးတွေကို ဘာလို့စီးနေသေးတာလဲ။ လှချင်လို့ စီးနေတာလေ။ ဒါပေမယ့် ယောက်ျားလေးတွေကတော့ အဓိပ္ပာယ်မရှိဘူးလို့ သတ်မှတ်ကြတယ်။ ဒေါက်ဖိနပ်လှလှလေးတွေနဲ့သာဆို ကိုယ့်ခြေထောက်လေးတွေ လှပပြီး ကိုယ်နေဟန်ထား စမတ်ကျတယ်လေ။ သက်တောင့်သက်သာ မရှိတာလေးတော့ သည်းခံရမှာပေါ့။ လှချင်ကြတာကိုး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ဘယ်လိုချော့ရမှန်းမသိပါဘူးဆို ငိုပြန်ပြီ။

မိန်းကလေးတွေ မျက်ရည်ကျရင် သူတို့မှာ ခြေမကိုင်မိ လက်မကိုင်မိကို ဖြစ်လို့။ မျက်ရည်ကျတာကို မကြိုက်ဘူး၊ ပြန်ချော့ရမယ်ဆိုတာလည်းသိတယ်။ ဒါပေမယ့် ဘယ်လိုပြန်ချော့ရမှန်းမသိလို့ “စိတ်မရှိပါနဲ့”၊ “ဒါကအရေးမကြီးပါဘူး”၊ “နောက်တော့လည်း မေ့သွားမှာပါ” အစရှိတဲ့ နှစ်သိမ့်စကားတွေက ကျွန်မတို့အတွက် အရေးမပါဘူးဆိုတာကိုတော့ နားမလည်ကြပါဘူး။

၎။ တစ်ခုခုဖြစ်နေတာကို ဘာမှမဖြစ်သလို ဟန်ဆောင်တတ်ကြတယ်။

သင့်ချစ်သူကို ဘာမှထုတ်မပြောဘဲ သင့်စိတ်ကို အလိုလိုနားလည်လာစေချင်တာဟာ ဝက်ကို လေပေါ်ပျံခိုင်းရသလိုကို ခဲယဉ်းပါတယ်။ သင်ထုတ်မပြောရင် သူတို့က သင်ဘာမှမဖြစ်သလိုပဲ မှတ်နေလိမ့်မယ်။ သင့်ဘက်က ပွင့်ပွင့်လင်းလင်းပြောပြပြီး ညှိနှိုင်းတာကိုပဲ လိုချင်ကြတယ်။

၅။ ရှေ့မှာသူငယ်ချင်း၊ နောက်ကွယ်ကြတော့ ရန်သူတွေ ဖြစ်သွားကြပြန်ပြီ။

သူငယ်ချင်းရန်သူတွေဆိုတာ ဘာပါလိမ့်။ ယောက်ျားလေးအများစု နားမလည်နိုင်ကြပါဘူး။ ကျွန်မတို့ သူငယ်ချင်းတွေကြား အပေါ်ယံခင်မင်နေပေမယ့် နောက်ကွယ်မှာ အတင်းတုပ်တာ၊ ပြိုင်ဆိုင်မနာလိုတာတွေ ရှိတတ်ကြပါတယ်။ ဒါတွေဟာ သူငယ်ချင်းရန်သူလို့ခေါ်ပါတယ်။ ယောက်ျားလေးတွေမှာတော့ ဒီလိုကိစ္စတွေ မရှိဘူးလေ။

၆။ ချစ်သူသက်တမ်းတစ်လျှောက်လုံးရဲ့ အမှတ်တရတွေကို ဘာလို့အသေးစိတ် သတိရနေကြတာပါလိမ့်။

ကျွန်မတို့မိန်းကလေးတွေ ချစ်သူသက်တမ်းတစ်လျှောက် အမှတ်တရဖြစ်ရပ်တွေ၊ ရက်စွဲတွေကို ဘာကြောင့် အသေးစိတ်မှတ်မိနေတာလဲဆိုတာ သူတို့နားမလည်နိုင်ကြဘူး။ ယောက်ျားလေးတော်တော်များများကတော့ နှစ်ပတ်လည်နေ့တွေကို မှတ်မိကြပါတယ်။ ဒါပေမယ့် ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ဘာဝတ်လာတယ်၊ ပထမဆုံးအနမ်းကို ဘယ်အချိန်မှာပေးတယ် စတာတွေကိုတော့ ဝါးတားတားလောက်ပဲ မှတ်မိတတ်ကြတယ်လေ။

၇။ မိန်းကလေးသန့်စင်ခန်းထဲမှာ အကြာကြီး ဘာလုပ်နေတာလဲ။

ယောက်ျားလေးတွေ သန့်စင်ခန်းတစ်ခါဝင်တယ်။ အလွန်ဆုံးကြာ ၅ မိနစ်ပေါ့။ ကျွန်မတို့ မိန်းကလေးတွေ သန့်စင်ခန်းဝင်ရင် ဘာလို့ နာရီဝက်လောက်ကြာနေရတာလဲ။ အဲဒီ့သန့်စင်ခန်းထဲမှာ ဘာများဖြစ်နေလို့ပါလိမ့်ဆိုတာကို သူတို့တွေ အရမ်းကို သိချင်ကြပါတယ်။

၈။ သူငယ်ချင်းတွေ စုံပြီဆိုတာနဲ့ သူများအတင်းပြောကြပြန်ပြီ။

ကျွန်မတို့ မိန်းကလေးသူငယ်ချင်းတွေကြား အမူအယာပိုပြိး အတင်းပြောတာကို သူတို့နားမလည်ကြဘူး။ သူများတွေ ဘာလုပ်နေတယ်၊ ဘာဖြစ်နေတယ် ဆိုတာကို ဘာလို့အဲ့လောက်စိတ်ဝင်စားကြတာလဲ၊ ဘာလို့များ သူများအကြောင်းကို သူငယ်ချင်းတွေကြားမှာ အရေးတယူပြောနေတာလဲဆိုတာ သူတို့တကယ်ကို ထူးဆန်းနေကြပါတယ်။

၉။ ရာသီစက်ဝန်းနဲ့ ပတ်သတ်ပြီး ဘယ်အချိန်လဲဆိုတာပဲ သိချင်တယ်။

သင့်ချစ်သူက ခေတ်မီတဲ့ယောက်ျားတစ်ယောက်၊ မိန်းကလေးတွေရဲ့ ရာသီစက်ဝန်းနဲ့ ပတ်သတ်ပြီးတော့လည်း သိသင့်သလောက်သိတယ်။ အဲ့အချိန်တွေမှာ ကျွန်မတို့ ဘယ်လိုခံစားရတယ်၊ စိတ်အပြောင်းအလဲတွေ ဘယ်လိုဖြစ်တယ်ဆိုတာ သူတို့ မသိဘူး၊ သိလည်းမသိချင်ကြဘူး။ ကျွန်မတို့ရာသီစက်ဝန်းက ဘယ်အချိန်လဲဆိုတာကိုပဲ သူတို့ သိချင်ကြတယ်။ ဒါမှ သူတို့ ကျွန်မတို့ကို စိတ်တိုစေတဲ့ လုပ်ရပ်တွေကို ဆင်ခြင်လို့ရမှာလေ။

၁ဝ။ တစ်နေ့တစ်မျိုး ပစ္စည်းတွေပျောက်နေတယ်။ ပေါ့ဆလိုက်တာ။

အကယ်၍ သင်သော့ပျောက်လို့ “သော့လေး တွေ့မိသေးလား” လို့ အော်မေးလိုက်ရင် စိတ်ချ ဘာမှပြန်ဖြေမှာမဟုတ်ဘူး။ မထုံတတ်တေးထိုင်နေပြီး စိတ်ထဲကလည်းတွေးနေလိမ့်မယ်။ “ငါကဘာလို့ မင်းသော့ကို တွေ့ရမှာလဲ၊ မင်းထားခဲ့တဲ့နေရာမှာပဲ ရှိမှာပေါ့၊ နေ့တိုင်းနီးပါး ဒီသော့လောက် ပျောက်နေတာပဲ” လို့ပေါ့။

ကဲ…ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ။ ပရိသတ်ကြီးရော ယောက်ျားလေးတွေ နားမလည်နိုင်တဲ့ မိန်းကလေးတွေရဲ့ အကျင့်လေးတွေအကြောင်း တခြားဘာများ ဖြည့်စွက်ချင်ပါသေးလဲ။ Comment Box မှာ ရေးခဲ့ပါနော်။ သင့်အကျင့်လေးတွေကို နားမလည်တဲ့ သင့်ချစ်သူကိုလည်း Mention ခေါ်လိုက်ပါဦး။ ပျော်ရွှင်ပါစေရှင်။