ဘယ်သူတွေ သစ္စာပျက်ပျက် ကိုယ်မပျက်စေဖို့…

blank

ချစ်ရသူ၊ ယုံကြည်ထားသူတွေရဲ့ သစ္စာဖောက်ခံရခြင်းက ဒေါသစိတ်တွေ ဖြစ်စေပြီး စိတ်ဒုက္ခရောက်စေပါတယ်။ အရာရာကို စိတ်အလိုမကျဖြစ်နေတတ်တယ်၊ အရမ်းကို နာကျင်ခံစားရပြီး ပုံမှန်အခြေအနေပြန်ရောက်ဖို့ကိုလည်း အချိန်ယူရပါတယ်။ သင့်ကို သစ္စာဖောက်သွားတဲ့သူကို ခွင့်မလွှတ်နိုင်ဖြစ်နေပေမယ့် ဒီဖြစ်ရပ်ကြီးကို သင့်ဘဝတစ်လျှောက်လုံး ပြန်တွေးပြီး ပူဆွေးနေဖို့ မဖြစ်နိုင်ဘူးလေ။ ဒါ့ကြောင့် သင့်စိတ်တွေကို ပြန်လည်ကောင်းမွန်အောင်တည်ဆောက်ပြီး ဘဝကြီးကို ရှေ့ဆက်လိုက်ပါ။

အောက်မှာ ဖော်ပြပေးထားတဲ့ အချက်လေးတွေကတော့ သစ္စာဖောက်ခံရလို့ နာကျင်ခံစားရတာတွေ လျော့ကျစေဖို့၊ ဘဝကိုရှေ့ဆက်ဖို့အတွက် နည်းလမ်းအကြံဉာဏ်ကောင်းလေးတွေပဲဖြစ်ပါတယ်။

၁။ ဖွင့်ထုတ် ပြောပြလိုက်ပါ။

သစ္စာဖောက်ခံရလို့ နာကျင်နေတာကို သင့်စိတ်ထဲမှာ ကျိတ်မှိတ်မျိုသိပ်ပြီး တစ်ယောက်တည်းခံစားမနေပါနဲ့။ သင့်ကို သစ္စာဖောက်တဲ့သူ ဒါမှမဟုတ် သင့်ကိုကူညီပေးနိုင်မယ့် လူရင်းတစ်ယောက်ယောက်ကို ဖွင့်ပြောပြပါ။ ဒီလိုဖွင့်ပြောပြတာဟာ ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းသစ်တွေ ပေါ်ထွက်လာစေပါတယ်။

၂။ လက်ခံလိုက်ပါ။

သစ္စာဖောက်ခံရတာကို ခဏခဏပြန်မတွေးချင်လို့ ဒီအဖြစ်အပျက်တွေကို နှလုံးသားမှာ တွင်းနက်နက်တူးပြီး မြှုပ်နှံလိုက်တယ်၊ ပြီးတော့ ဘာမှမဖြစ်ခဲ့သလိုပဲ နေလိုက်တယ်ဆိုတာ တကယ့်မဟာအမှားကြီးပါ။ သစ္စာဖောက်ခံရတာကို ငြင်းဆိုလိုက်တယ်ဆိုတာက သင့်ခံစားချက်တွေကို ခဏတာအတွက် သက်သာစေပေမယ့် တစ်ဘဝလုံး တနုံ့နုံ့နဲ့ ခံစားရစေပါတယ်။ ဒါ့ကြောင့် သင်သစ္စာဖောက်ခံခဲ့ရတယ်ဆိုတာကို လက်ခံလိုက်ပါ။ အချိန်တစ်ခုထိ ခံစားပြီး သင့်စိတ်ထဲကနေ အမြစ်ပြတ်ရှင်းထုတ်ပေးလိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အကောင်းမြင်စိတ်နဲ့ ကြည့်ပါ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုက သစ္စာဖောက်ခံရတဲ့ သင့်စိတ်နှလုံးသားကို ပိုမိုခိုင်မာလာအောင် စွမ်းဆောင်ပေးပါတယ်။ လှည့်စားခံလိုက်ရလို့ သင်စိတ်ဓာတ်ကျနေပြီဆိုရင် သင့်ကို စိတ်ပျော်ရွှင်စေမယ့် အလုပ်တွေကို လုပ်ပါ။ စိတ်ဓာတ်တက်ကြွစေမယ့် ပျော်ရွှင်စေမယ့် အကောင်းဆုံးလုပ်ရပ်ကတော့ အရာရာကို အကောင်းမြင်ဝါဒနဲ့ ကြည့်ခြင်းပါ။

၎။ သင်ကြိုက်တဲ့အလုပ်တွေ လုပ်ပါ။

သူငယ်ချင်းတွေနဲ့ ညဘက်အပြင်ထွက်တာမျိုး၊ နေ့တိုင်းရုပ်ရှင်သွားကြည့်တာမျိုး စတဲ့ သင်ကြိုက်နှစ်သက်တဲ့ အလုပ်တွေနဲ့ မအားမလပ် အချိန်ဖြုန်းလိုက်ပါ။ ပျော်ရွှင်တက်ကြွစွာနေပါ။ သင့်စိတ်ထဲက မကောင်းတဲ့အတွေးတွေ ထွက်သွားဖို့ သင်စိတ်ပျော်ရာ အလုပ်တွေကို တစိုက်မတ်မတ် လုပ်လိုက်ပါ။

၅။ ဒေါသကို ထိန်းချုပ်ပါ။

သင်ယုံကြည်စိတ်ချရသူ၊ ချစ်ရသူရဲ့ မညှာမတာ သစ္စာဖောက်ခြင်းခံရတာဟာ အရမ်းကို ဒေါသဖြစ်စရာကောင်းပါတယ်။ တစ်ဘက်ကကြည့်မယ်ဆိုရင် ဒေါသထွက်ခြင်းက သင့်ရဲ့ စိတ်ခံစားမှုတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့ကြောင့် သစ္စာဖောက်ခံရလို့ ဒေါသအကြီးအကျယ်ထွက်နေချိန်မှာ ဘာဆုံးဖြတ်ချက်ကိုမှ မချမှတ်ပါနဲ့။ ဒေါသမြူခိုးတွေ ပျက်ပြယ်သွားရင် ဖြစ်လာမယ့် ရလဒ်ဆိုးတွေကို ကြိုတွေးထားပါ။

၆။ ခွင့်လွှတ်ပေးလိုက်ပါ။

ကိုယ့်ကို သစ္စာဖောက်လှည့်ဖြားသွားသူကို ခွင့်လွှတ်ပေးလိုက်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ ရန်ငြှိုးတွေကို ဆုပ်ကိုင်ထားတယ်ဆိုတာကလည်း သင့်ဘဝပြန်လည်ကောင်းမွန်အောင် ပြုပြင်ရာမှာ အလွန်တရာ ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်တာနဲ့ သင့်ဘဝတစ်လျှောက်လုံး ဆွဲကိုင်ထားရမယ့် ပူလောင်တဲ့ အာဃာတတွေကို ကင်းဝေးစေတာကြောင့် ခွင့်လွှတ်ပေးလိုက်ပါ။

ဂန္ထဝင်ပရိသတ်ကြီးရေ… သင်တို့ပတ်ဝန်းကျင်မှာလည်း သစ္စာဖောက်ခံရတဲ့သူတွေရှိခဲ့ရင် ဒီစာစောင်လေးကို ဝေမျှပြီး အားပေးစကားပြောဆိုပေးလိုက်ပါ။ ကိုယ့်ကို သစ္စာဖောက်တဲ့သူကို မေတ္တာထားပြီး ခွင့်လွှတ်ပေးလိုက်ပါ။ သစ္စာဖောက်ခံရတဲ့ အဖြစ်အပျက်ကြီးကို မေ့ပစ်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝသစ်ကို ထူထောင်လိုက်ရအောင်လားရှင်။