ချစ်သူများနေ့ကျရင် ကျွန်မကို ဒီလက်ဆောင်လေးပဲပေးပါ… မောင်။

blank

မောင်ရေ… မကြာခင် အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ ချစ်သူများနေ့ကို တစ်ကမ္ဘာလုံးမှာ ကျင်းပကြတော့မယ်နော်။

လူငယ်စုံတွဲတွေကြား ချောကလက်တွေ၊ ပန်းစည်းတွေ အလုအယက် လက်ဆောင်ပေးကြတော့မယ်။ ချစ်ခြင်းတွေကို ဖော်ပြကြမယ်။ မိန်းကလေး သူငယ်ချင်းတွေကြားမှာလည်း ကိုယ့်ချစ်သူက ဘယ်လိုလက်ဆောင်မျိုးပေးတယ် ဆိုတာကို အချင်းချင်း ဂုဏ်လုပ်ကြွားဝါတာတွေ ရှိလာတော့မယ်။

ဘယ်ယောက်ျားလေးမဆို ချစ်သူများနေ့မှာတော့ ကိုယ့်ချစ်သူကို စိတ်ချမ်းသာပျော်ရွှင်အောင် ကြိုးစားကြလိမ့်မယ် မောင်။

ချစ်သူများနေ့ကို အခွင့်ကောင်းယူပြီး ကိုယ့်ချစ်သူကို တန်ဖိုးမထားတဲ့ လုပ်ရပ်မျိုးတွေလည်း လုပ်လာကြလိမ့်မယ်။ ယောက်ျားတိုင်းတော့ မဟုတ်ဘူးပေါ့။

ဒါတွေထားပါလေ… အခုကျွန်မပြောချင်တဲ့ အကြောင်းလေးကတော့ မောင်တို့ယောက်ျားတွေဆီက ကျွန်မတို့ မိန်းကလေးတွေ အလိုချင်ဆုံးအရာတွေကိုပါ။

ချစ်သူများနေ့မှာ မောင်ပေးတဲ့ ပန်းစည်းကို လိုချင်တယ်ဆိုတာ ကျွန်မ ပန်းမဝယ်နိုင်လို့ မဟုတ်ပါဘူး။ မောင့်ရဲ့ အသိအမှတ်ပြုမှုကို လိုချင်တာပါမောင်။

မောင်ကျွေးမယ့် ချောကလက်ကို မက်မောတယ်ဆိုတာ ကျွန်မကိုယ်တိုင် ဝယ်မစားနိုင်လို့ မဟုတ်ပါဘူး။ မောင့်ရဲ့ အချစ်တွေကို ခံစားချင်လို့ပါ။

မောင်ဝယ်ပေးမယ့် လက်ဆောင်ကို တမ်းတတယ်ဆိုတာ ကျွန်မက ပစ္စည်းမက်လို့မဟုတ်ပါဘူး။ တန်ဖိုး နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အမှတ်တရအဖြစ်သိမ်းထားချင်လို့ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မောင်ရေ… ကျွန်မပြောခဲ့တဲ့ ချောကလက်တွေ၊ ပန်းစည်းတွေက ကျွန်မတို့ရဲ့ တကယ့်လိုအပ်ချက်တွေလည်း မဟုတ်ပြန်ပါဘူး။

ကျွန်မလိုချင်တာ မောင့်ရဲ့ ချစ်ခြင်းမေတ္တာ၊ သစ္စာနဲ့ ကရုဏာတွေပါ မောင်။

ချစ်သူများနေ့ တစ်ရက်တည်းအတွက်တော့ မဟုတ်ဘူးမောင်။ ကျွန်မကို လောဘကြီးတယ်ပဲဆိုဆို တစ်နှစ်မှာ ၃၆၅ရက်လုံး မောင့်အချစ်တွေကို သိမ်းပိုက်ချင်နေမိတာပါ။

မောင်ပေးမယ့် တန်ဖိုးကြီးလက်ဆောင်ထက် ပိုတန်ဖိုးရှိတာ မောင်ပေးမယ့် ကတိသစ္စာကို စောင့်ထိန်းနိုင်မှုပါ။

မောင် တခြားကောင်မလေးတွေကို ငေးမကြည့်တော့တာလည်း ကျွန်မအတွက် လက်ဆောင်ပါမောင်။

ကျွန်မ မကြိုက်တဲ့အရာတွေ မလုပ်တော့ဘူးဆိုတာကလည်း ကျွန်မအတွက် လက်ဆောင်ပါမောင်။

ကျွန်မကို အစစအရာရာ အနွံတာခံမယ်ဆိုတာကလည်း ကျွန်မအတွက်လက်ဆောင်ပါမောင်။

မောင်နဲ့ ကျွန်မကြား ပြဿနာတွေဖြစ်တဲ့နေ့ဆို ကျွန်မတို့ ဖြတ်သန်းခဲ့တဲ့ ချစ်သူများနေ့ကို ပြန်သတိရမိတယ်။ ပြီးတော့ နေ့ရက်တိုင်းကိုလည်း ချစ်သူများနေ့ ဖြစ်ချင်မိတယ်။ မောင်လည်း ကျွန်မလိုပဲ တွေးမိနေမှာပါ။

တကယ်တော့ ဒါဟာ မခက်ပါဘူးမောင်။ မောင်နဲ့ကျွန်မကြား နားလည်မှုတွေ၊ သံယောဇဉ်တွေ၊ သည်းခံခွင့်လွှတ်မှုတွေ၊ ကတိသစ္စာတွေနဲ့ ရစ်ပတ်နှောင်တွယ်ထားမယ်ဆိုရင် နေ့ရက်တိုင်းဟာ ကျွန်မတို့အတွက် ချစ်သူများနေ့ ဖြစ်လာမှာပါမောင်။

ကျွန်မတို့ရဲ့ နှစ်ယောက်တည်းကမ္ဘာလေးထဲကို ဝင်လာတဲ့ မကောင်းတဲ့အရာတွေမှန်သမျှကို အတူတူရှင်းထုတ်ပစ်မယ်။ ပိုမိုကောင်းမွန်ခိုင်မာလာအောင် အချစ်တွေနဲ့ တည်ဆောက်မယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေ ဝေမျှပြီး နေ့ရက်တိုင်းကို ကျွန်မတို့ရဲ့ ကိုယ်ပိုင်ချစ်သူများနေ့အဖြစ် ဖန်တီးသွားရအောင်လား ချစ်သောမောင်ရေ…။