ရန်ကိုရန်ချင်း မတုံ့နှင်းစေလို၊ ဒေါသမီးများငြိမ်းစေလို

Photo Reference: http://arynrbates.blogspot.co.uk

စာဖတ်ပရိသတ်ကြီးရေ…

ဒေါသတွေကြောင့် ကျွန်မတို့စိတ်တွေဆူပွက်လာတဲ့အခါ တုန့်ပြန်တဲ့နည်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ဒေါသတကြီးနဲ့ ပေါက်ကွဲပြီး ရန်ကိုရန်ချင်းတုန့်ပြန်တာဟာ ဒေါသပြေသွားတဲ့အခါ ကိုယ့်လုပ်ရပ်တွေအပေါ်နောင်တရတာမျိုးဖြစ်စေလိမ့်မယ်။ အဲဒီလိုမဖြစ်ရအောင် ဒေါသသူပုန်ထကြွတဲ့အခါ အကင်းပါးပါးနဲ့ ထိန်းချုပ်နိုင်မယ့်နည်းလမ်းလေးတွေကို တင်ပြပေးလိုက်ပါတယ်။

၁။ ရှောင်ထွက်သွားပါ။

ကိုယ်အရမ်းကို ဒေါသဖြစ်နေတယ် ပြဿနာလည်းမဖြစ်ချင်ဘူးဆိုရင်တော့ အဲဒီနေရာကနေ ရှောင်ထွက်သွားလိုက်ပါ။ ကိုယ်ဘာကြောင့်ရှောင်ထွက်သွားတာလဲဆိုတာကို ယဉ်ယဉ်ကျေးကျေးနဲ့ ပြောသွားမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ အဲဒါဆိုရင်တော့ သင်တို့ဆက်ဆံရေးတွေလည်း ကတောက်ကဆမဖြစ်တော့ပါဘူး။

၂။ ချရေးထားပါ။

တစ်ခါတစ်ရံကျရင် ဒေါသတွေကိုလျော့ပါးစေတဲ့ အကောင်းဆုံးနည်းလမ်းက ချရေးလိုက်ခြင်းပါပဲ။ သင့်ဘာတွေခံစားနေရလဲဆိုတဲ့ အသေးစိတ်အချက်တွေကို ချရေးထားပါ။ သင့်စိတ်ကြိုက်ရေးပြီးသွားပြီဆိုရင် စာကိုစုတ်ဖြဲပစ်လိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ထုတ်ဖော်ပြောပြပါ။

လူတိုင်းက သင်မနှစ်သက်တဲ့အရာတွေကို မသိနိုင်ပါဘူး။ တစ်စုံတစ်ခုကြောင့် သင့်ကိုစိတ်ဆိုးဒေါသထွက်စေတယ်ဆိုရင် အထိရောက်ဆုံးနည်းကတော့ သင်မနှစ်သက်တဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါ။ ဒါမှသင်မနှစ်သက်တဲ့အရာတွေကိုသိပြီး နောင်မှာရှောင်ကြဉ်လို့ရမှာဖြစ်ပါတယ်။

၎။ လူမရှိတဲ့နေရာမှာ ပေါက်ကွဲပစ်ပါ။

သင်ကပေါက်ကွဲလိုက်ရမှ ကျေနပ်တတ်သူဆိုရင်တော့ စိတ်လွတ်ကိုယ်လွတ်အော်လို့ရမယ့် (ရေချိုးခန်းလို၊ အိမ်သာလိုမျိုး)နေရာကိုသွားပြီး အော်ပစ်လိုက်ပါ။

၅။ တစ်မှ နှစ်ဆယ်အထိ ရေပါ။

ဒီနည်းကတော့ ကိုယ့်ကိုကိုယ် စိတ်ရှည်သည်းခံတတ်အောင် လေ့ကျင့်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ ကိုယ့်ကို ဒေါသထွက်စေတဲ့လူကို ဒေါသတကြီးအော်ငေါက်မယ့်အစား စိတ်ကိုလျှော့ပြီး တစ်မှနှစ်ဆယ်အထိရေပါ။

၆။ မရိုင်းပျပါနဲ့။

သင့်ကိုရိုင်းရိုင်းပျပျ ဆက်ဆံတဲ့လူတွေကို ရိုင်းရိုင်းပျပျမဆက်ဆံပါနဲ့။ သင်ဘယ်လောက်ပဲဒေါသထွက်ထွက်ပါ အပျက်သဘောနဲ့ ပြုမူလိုက်မယ်ဆိုရင် သင့်ကိုလည်းအလားတူလူမျိုး ဖြစ်သွားစေမှာပါ။ သင့်ကိုရန်စကားလာပြောခဲ့ရင်တောင် သင်ကမသိချင်ဟန်ဆောင်လိုက်ပါ။

၇။ အကူအညီရယူပါ။

သင်ဒေါထွက်နေတယ်ဆိုလျှင် သင့်ဒေါသတွေကိုလျှော့ချပေးနိုင်ပြီး သင့်ကိုထိန်းမတ်ပေးနိုင်တဲ့သူနဲ့ စကားပြောပါ။ သင်ခံစားနေရတဲ့ စိတ်ရှုပ်ထွေးမှု၊ စိတ်ဓာတ်ကျမှုတွေကို အကူအညီပေးနိုင်မယ့်လူတစ်ယောက်က သင့်မိတ်ဆွေတွေမှာ ရှိကောင်းရှိမှာပါ။

အထက်ပါနည်းလမ်းတွေထဲမှာ ဘယ်နည်းကို သင်အကြိုက်ဆုံးလဲ။ သင်ဒေါသထွက်တဲ့အခါ ဒေါသကိုဘယ်လိုကိုင်တွယ်ဖြေရှင်းလဲ။ စာဖတ်ပရိသတ်တွေကို ဝေမျှချင်တဲ့ဒေါသကို ကိုင်တွယ်တဲ့နည်းတွေကို ပြောပြပေးပါလား။