သားသမီးတိုင်းအတွက် မိဘကျေးဇူး ဆိုတာ မမေ့ကောင်းတဲ့ အရာပါ…

blank

တစ်ညမှာ ဆူး(Sue) နဲ့ သူ့အမေ စကားများကြပြီး သူမဟာ စိတ်ဆိုးမာန်ဆိုးနဲ့ အိမ်က ထွက်လာခဲ့တော့တယ်။ လမ်းတစ်ဝက်ရောက်မှ သူမ သတိရလိုက်တာက အိတ်ကပ်ထဲမှာ ပိုက်ဆံ တစ်ပြားမှ မပါတာကို ပါပဲ။ အရေးကြုံလို့ အိမ်ကို ဖုန်းပြန်ခေါ်ဖို့တောင် အကြွေ အလုံအလောက်လည်း ပါမလာဘူးလေ။

အဲ့အချိန် ခြေဦးတည့်ရာ လျှောက်လာရင်း ခေါက်ဆွဲပြုတ်ဆိုင် တစ်ဆိုင်ရှေ့အရောက် အနံ့လေးက သူမ နှာခေါင်းထဲ တိုးဝင်လာတယ်။ ဒီတော့ ချက်ချင်းဆိုကို ဗိုက်ဆာလာတော့တာပေါ့။ သူမဟာ ခေါက်ဆွဲပြုတ် စားချင်စိတ် ပေါက်လာပေမယ့် ပိုက်ဆံမှ ပါမလာပဲလေ။

ခေါက်ဆွဲဆိုင် ပိုင်ရှင်ကြီးဟာ ရပ်ကြည့်နေတဲ့ ဆူးကို မြင်သွားပြီး မေးလိုက်တာက

“ဟေး မိန်းကလေး ခေါက်ဆွဲ စားမလို့လား…”

ဒီတော့ ဆူးက “ဟုတ်ကဲ့ ဦးလေး ဒါပေမယ့် သမီးမှာ ပိုက်ဆံမပါဘူး ရှင့်…” ဆိုပြီး ရှက်ရှက်နဲ့ ပြန်ပြောလိုက်တယ်။

“သြော်ရပါတယ် ကလေးမရယ် ဦးလေး ကျွေးမှာပေါ့… လာ… ဆိုင်ထဲလာခဲ့ ဦးလေး ခေါက်ဆွဲ ပြုတ်ပေးမယ်…”

အချိန်အနည်းငယ် ကြာပြီးတဲ့နောက် ဆိုင်ရှင်ဦးလေးကြီးက သူမအတွက် ခေါက်ဆွဲပြုတ်ပူပူ တစ်ပွဲ ယူလာပေးတယ်။ အနည်းငယ် စားပြီးတဲ့အခါမှာတော့ ဆူးဟာ ဆက်စားရင်း ငိုခြင်းချပါတော့တယ်။

“ဟဲ့ ကလေးမ စားရင်းသောက်ရင်း ဘာများဖြစ်တာလဲ ကွဲ့”

“ ဘာမှ မဖြစ်ပါဘူး ဦးလေးရယ်… ဦးလေးရဲ့ အကြင်နာတရားကြောင့် ကျွန်မရင်ထဲထိကို စူးစူးနစ်နစ် ခံစားလိုက်ရလို့ပါ… “ဆိုပြီး ဆူးက မျက်ရည်တွေ သုတ်ရင်း ပြောလိုက်ပါတယ်။

“လမ်းမှာတွေ့တဲ့ သူစိမ်းကတောင် စေတနာပါပါနဲ့ ခေါက်ဆွဲ ပြုတ်ကျွေးတယ်လေ… ကျွန်မအမေကတော့ အော်တယ် ဟစ်တယ်… အိမ်ကလည်း မောင်းထုတ်သေးတယ်… အမေ အရမ်းရက်စက်တယ်”

“ကလေးမ ဘာလို့ အဲ့ဒီလို ထင်တာလဲ… သေချာပြန်စဉ်းစား ကြည့်ပါဦးကွယ်… ဦးလေး ကျွေးတဲ့ ခေါက်ဆွဲပြုတ်လေး တစ်ပွဲကြောင့်တောင် ကလေးမ ဒီလို ခံစားလိုက် ရတယ်မလား… ကလေးမ အမေဆိုရင် ငယ်စဉ်တောင်ကျေး ကလေးဘဝထဲက ပြုစုပျိုးထောင် ပေးခဲ့တာလေ… အဲ့ဒါတောင် ဘာလို့ အမေ့ကျေးဇူးတွေကို မျက်ကွယ်ပြုပြီး ကလန်ကဆန်တွေ လုပ်နေရတာလဲကွယ်…”

ဒါကို ကြားလိုက်ရတဲ့အခါ ဆူးဟာ အရမ်းကို အံသြမိသွားတယ်…

“ကျွန်မ ဘာလို့ ဒါကို မတွေးမိတာပါလိမ့်… သူစိမ်းကျွေးတဲ့ ခေါက်ဆွဲပြုတ်တစ်ပွဲ အတွက်တောင် ဒီလောက် ကျေးဇူးတွေ တင်မိပြီး ကလေးဘဝကတည်းက လိုအင်တွေ ဖြည့်ပေးခဲ့တဲ့ အမေ့ကျေးဇူးတွေကိုတော့ လျစ်လျူရှုထားခဲ့မိတယ်… ဟင့် အင်း အမေ့ကို ကျေးဇူးတင်ဖို့ ဆိုတာ ကျွန်မ လုံးဝကို သတိမရခဲ့မိတာပါပဲရှင်…” ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အိမ်ပြန်လမ်းတစ်လျှောက်လုံးမှာ ဆူးတွေးလာတာက အိမ်ပြန်ရောက်တဲ့အခါ သူမ အမေကို ဘာပြောသင့်လဲ ဆိုတာပါပဲ။” အမေ သမီးတောင်းပန်ပါတယ်” လို့ ပြောရမလား။ “သမီးမှားပါတယ် မေမေ” ဆို ကောင်းမလား။ “သမီးကို ခွင့်လွှတ်ပါ မေမေ” ဆိုရင်ရော။

အိမ်ပေါက်လည်းရောက်ရော သူမကို လိုက်ရှာထားရလို့ အမောတကော ဖြစ်နေတဲ့ သူမ အမေကို တွေ့လိုက်ရတယ်။ သူမကို ကြည့်ပြီး အမေဖြစ်သူ ပြောလိုက်တာက “ ဆူး… သမီးလေး… ဘယ်တွေသွားနေတာလဲ… လာ လာ အိမ်ထဲဝင်… ဗိုက်ဆာနေပြီမလား… မေမေ သမီးအတွက် ထမင်းဟင်းတွေ ချက်ထားတယ်… ပူတုန်းလေး စားလိုက်နော်… “ တဲ့လေ။

အဲ့ဒီစကားကို ကြားကြားချင်း ဆူးလည်း အောင့်မထားနိုင်တော့တဲ့ အဆုံး သူ့အမေ ရင်ခွင်ထဲ တိုးဝင်ပြီး ရှိုက်ကြီးတစ်ငင် ငိုချလိုက်ပါတော့တယ်။

ကျွန်မတို့ဟာ မိမိပတ်ဝန်းကျင်က သူစိမ်းတွေရဲ့ မပြောပလောက်တဲ့ အကူအညီလေးတွေကိုတော့ လွယ်လင့်တကူ ကျေးဇူးတင်တတ်ကြပေမယ့် မိမိဆွေမျိုးတွေ၊ အထူးသဖြင့် မိဘတွေရဲ့ ကျေးဇူးကြီးမားမှုတွေ ကိုတော့ လျစ်လျူရှု ထားတတ်ကြပါတယ်။ ကျွန်မတို့ စိတ်မှာ အရိုးစွဲနေတာက မိဘဆိုတာ သားသမီးတွေကို လုပ်ပေးရမယ့် တာဝန်ရှိပြီးသား ဆိုပြီးပေါ့။

တစ်ကယ်တော့ မိဘတွေရဲ့ ချစ်မေတ္တာတွေနဲ့ အလေးထားမှုတွေ ဆိုတာ ကျွန်မတို့ မွေးကင်းစ ကတည်းက ရရှိဖူးတာတွေထဲမှာ အဖိုးထိုက်တန်ဆုံး လက်ဆောင်တွေပါပဲ။

မိဘတွေဟာ ကျွန်မတို့ ဆီက ဘာမှ ပြန်မမျှော်လင့်ဘဲ ပြုစုပျိုးထောင် ပေးခဲ့ကြတာပါ။ ဒါပေမယ့် ကျွန်မတို့တွေ မိဘကျေးဇူးကို အမြဲ အမှတ်ရနေကြရဲ့လား… အဖိုးမဖြတ်နိုင်တဲ့ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာ တွေကိုရော… ။