အမျိုးသမီးများ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာစေဖို့

blank

ကျွန်မတို့ အမျိုးသမီးတွေဟာ ကိုယ့်ချစ်သူအတွက်ဆို အရမ်းအနစ်နာ ခံတတ်ကြပါတယ်။ တစ်ကယ်တော့ သာယာတဲ့ relationship တစ်ခု ဖြစ်ဖို့အတွက် ကိုယ်တစ်ယောက်တည်း ကြိုးစားနေလို့ မရပါဘူး။ ကိုယ့်ချစ်သူကလည်း ဒီဆက်ဆံရေးလေး အဆင်ပြေ ချောမွေ့စေဖို့ တတ်နိုင်သလောက် အားထုတ်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့လည်း ကိုယ့်ကိုယ်ကို တန်ဖိုးကျလာတဲ့အထိ ကိုယ့်ချစ်သူအပေါ် အနစ်နာခံဖို့ မသင့်ပါဘူး။

ကိုယ့်ကိုယ်ကို တန်ဖိုးထားလေးစားမှ အခြားသူကလည်းကိုယ့်ကို လေးလေးစားစား ဆက်ဆံနိုင်မှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကို နှိမ့်ချ ဆက်ဆံနေဦးတော့ သည်းခံ လက်တွဲနေတဲ့ မိန်းကလေးတွေအတွက် ကိုယ့်ဘဝကို တန်ဖိုးထား ရပ်တည်နိုင်စေဖို့၊ မိမိချစ်သူက မိမိအတွက် လက်တွဲဖော်ကောင်း တစ်ယောက် ဟုတ်မဟုတ် ဝေဖန်လို့ ရအောင် အောက်ဖက်က စာလေးတွေ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

၁။ ကိုယ့်အပေါ် သစ္စာဖောက်ဖူးတဲ့ သူကို မျက်စိစုံမှိတ် ပြန်ယုံကြည်ဖို့ မသင့်ပါဘူး။

ခြံခုန်ဖူးတဲ့ နွားဆိုတာ ထပ်ကာ ထပ်ကာ ခုန်ချင်နေတာ သဘာဝပါ။ သင်ကိုယ်တိုင်က သူ ငါ့အပေါ် သစ္စာဖောက်သွားမှာလား ဆိုတဲ့ စိတ်နဲ့ သံသယတွေ များနေပြီ ဆိုရင်တော့ အကောင်းဆုံးက သူနဲ့ လမ်းခွဲလိုက်ဖို့ ပါပဲ။ ယုံကြည်မှု ပျောက်ဆုံးနေတဲ့ relationship က ဖုန်းလိုင်းမရှိတဲ့ ဖုန်းတစ်လုံးလို ပါပဲ။ ဂိမ်းကစားရုံက လွဲလို့ ဘာမှ အသုံးမဝင်ပါဘူး။

၂။ တစ်ယောက် ရည်မှန်းချက် တစ်ယောက်က အပြန်အလှန် ပါရမီဖြည့်ပေး နိုင်ရပါမယ်။

တစ်ယောက်နဲ့တစ်ယောက် ရည်မှန်းချက် ပန်းတိုင်တွေ မတူကြဘူး ဆိုရင်တောင် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဖေးမကူညီရမှာက ချစ်သူတွေရဲ့ သမိုင်းပေး တာဝန်ပါ။ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်ရည်မှန်းချက် ပန်းတိုင်တွေကို မလေးစားတဲ့အပြင် ကူညီဖော်ဆောင်ပေးဖို့ ပျက်ကွက်သူ ဆိုရင်တော့ ဘယ်လိုမှ ရှေ့ဆက် လက်တွဲလို့ မဖြစ်နိုင်ပါဘူး။

၃။ ကိုယ့်ကို တန်ဖိုးထား ဆက်ဆံနိုင်သူ ဖြစ်ရပါမယ်။

ကိုယ့်အပေါ် နိုင်ထက်စီးနင်းနဲ့ ကိုယ့်သိက္ခာကို မကျကျအောင် ဆွဲချနေတတ်တဲ့သူမျိုး ဘဝမှာ အများကြီး ကြုံဖူးကြပါတယ်။ မိမိချစ်သူကိုယ်တိုင်က မိမိအပေါ် အထင်ကြီးလေးစားမှုမရှိဘဲ ကိုယ့်ဂုဏ်ကို နိမ့်အောင် လုပ်နေမယ်ဆိုရင်တော့ ဒီလိုလူမျိုးကို ကိုယ့်ဘဝတစ်ခုလုံး ပုံပြီး ယုံကြည်လိုက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်ကြတဲ့သူတွေဟာ တစ်ယောက်အားနည်းချက်တစ်ယောက် ဖေးမပြီး အကောင်းဆုံးတွေဖြစ်လာအောင် ကြိုးစား ရုန်းကန် တတ်ကြသူတွေပါ။

၎။ မိမိကိုယ်တိုင်ကိုရော မိမိတို့ relationship ကိုပါ တန်ဖိုးထားတဲ့သူ ဖြစ်ရပါမယ်။

Relationship တစ်ခု အဆင်ပြေဖို့က ကာယကံရှင် နှစ်ယောက်လုံးနဲ့ သက်ဆိုင်နေပါတယ်။ ဒါကြောင့် တစ်ယောက်ထဲကချည်းပဲ ဒီဆက်ဆံရေးကို အဆင်ပြေအောင် အနစ်နာခံနေလို့ မရပါဘူး။ ကြာလာရင် အားလုံး အဆင်မပြေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်က ကိုယ်တို့ relationship အပေါ် လိုအပ်တဲ့ ထိန်းမတ်မှု အနစ်နာခံမှုမျိုးလေးတွေ ရှိဖို့ လိုအပ်ပါတယ်။ တစ်ကယ်လို့ မရှိဘူး ဆိုရင်တော့ သူ့လိုလူမျိုးကို တစ်သက်လုံး လက်တွဲဖို့ တော်တော် စဉ်းစားဖို့ လိုပါတယ်။

၅။ ကိုယ့်မိသားစု သူငယ်ချင်းတွေရဲ့ အရေးပါမှုကို တန်ဖိုးထားတတ်သူ ဖြစ်ရပါမယ်။

မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ဆိုတာ သင့်တစ်ယောက်ထဲ ရှိစဉ်က သင်အခက်အခဲ ကြုံတိုင်း အသင့် ရှိနေတတ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ သင့်ဘဝအတွက် အရေးပါတဲ့ သူတွေဆိုတာ ကို သင့်ချစ်သူ ကောင်းကောင်း နားလည်ဖို့ လိုအပ်ပါတယ်။ သူတို့နဲ့ ဆက်ဆံတဲ့ အခါမှာလည်း တလေးတစားနဲ့ အကောင်း မြင်စိတ်လေးနဲ့ ဆက်ဆံနိုင်တဲ့ သူဖြစ်ရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ တစ်သက်လုံး လက်တွဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကိုယ့်ကို သိမ်ငယ်အောင် လုပ်နေတာကို သည်းခံမနေပါနဲ့။

ကိုယ့်ကို လောကကြီးထဲမှာ သိမ်ငယ်မှု ခံစားစေမယ့်သူတွေ အများကြီးပါ။ အဲထဲမှာ ကိုယ့်ချစ်သူတော့ ပါလို့မရပါဘူး။ တစ်သက်လုံး လက်တွဲဖို့ ရည်ရွယ်ထားတဲ့ သူကပါ ဒီလို နှိမ့်ချ ဆက်ဆံမယ်ဆို ကိုယ့်အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒီလိုလူမျိုး အနားမှာတော့ ပေကပ်ပြီး ငြိတွယ်နေဖို့ မသင့်ပါဘူး။ လောကကြီးထဲမှာ ကိုယ့်အချစ်နဲ့ ထိုက်တန်တဲ့သူ ရှိနေသေးတယ် ဆိုတာ သတိရလိုက်ပါ။

၇။ သင့်အပေါ် ရုပ်ပိုင်းအရရော စိတ်ပိုင်းပါ နာကျင်အောင် လုပ်ဖို့ ခွင့်မပြုပါနဲ့။

ကိုယ့်ချစ်လို့ တစ်သက် လုံး လက်တွဲဖို့ ရည်ရွယ်ထားတဲ့ လူကြောင့် နာကျင်ရတယ်ဆိုတာ သိပ်တော့ သဘာဝ မကျလှပါဘူး။ တစ်ကယ် ကိုယ့်အပေါ် ချစ်ခင် မြတ်နိုးတဲ့ သူဆိုတာ ကိုယ့်ကို နာကျင်အောင် လုပ်ဖို့ နေနေသာသာ ကိုယ်နာကျင်နေတဲ့ အချိန်မှာတောင် အားပေးဖို့ အသင့်ရှိနေသူပါ။ဒါကိုမှ တစ်နေ့နေ့တော့ ပြောင်းလဲလာမှာပါလို့ ထင်ပြီး ဆက်တွဲနေအုံးမယ် ဆိုရင်တော့ သင့်ကို ထပ်ပြီး နာကျင်အောင် လုပ်ဖို့ အခွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။

၈။ ကိုယ့်အပေါ် မလေးမစား ဆက်ဆံတာမျိုး၊ နိုင်လိုမင်းထက် ပြုတာမျိုးတွေ လက်မခံပါနဲ့။

လောကကြီးမှာ ဘယ်သူမှတော့ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် သင့်လက်တွဲဖော်က သင့်ရဲ့ အားနည်းချက်တွေအတွက် သင့်အပေါ် နှိမ့်ချ ဆက်ဆံတာမျိုး ရှိလာရင် ဘယ်တော့မှ ခွင့်မပြုပါနဲ့။ ဒီလိုတစ်ဖက်လူ နှိမ့်ချ စော်ကားတာ မခံချင်ရင် ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ လိုအပ်ပါတယ်။ ကြာလာရင် ကိုယ့်ကို လူရှေ့သူရှေ့မှာလည်း စော်ကားမော်ကား ပြုလာနိုင်ပါတယ်။ ဒီလိုလူမျိုးကို ဘဝတစ်လျှောက်လုံး ဘယ်လိုပုံအပ် လက်တွဲလို့ ရပါ့မလဲ။

၉။ ဆေး ဒါမှမဟုတ် အရက်စွဲနေတာမျိုးဆို ဖြတ်ခိုင်းဖို့ကြိုးစားပါ။

အကယ်လို့ မိမိချစ်သူက မူးယစ်ဆေးဝါး၊ (သို့ ) အရက် စွဲနေတာမျိုးဆို ကိုယ်နဲ့ ဘဝတစ်လျှောက်လုံး လက်တွဲရမယ့်သူ ဖြစ်တာကြောင့် မလွန်ခင်ကတည်းက ကြိုတားထားဖို့ လိုအပ်ပါတယ်။ အဲလိုမှ တားလို့ မရဘူးဆို ရင်တော့ သူနဲ့ လက်တွဲဖို့ ပြန်စဉ်းစားဖို့ သင့်ပါပြီ။ လက်ထက်ပြီးတဲ့ အခါမှာ ဒီထက်ဆိုးရွားတဲ့ အမူအကျင့်တွေ ရှိလာနိုင်ပါတယ်။

၁ဝ။ သူ့ အချစ်နဲ့ ထိုက်တန်သလောက်ပဲ ပြန်တုန့််ပြန်ပါ။

တစ်ကယ်လို့ စိတ်ထဲမှာ ကိုယ့်ချစ်သူက “ကိုယ့်ကို ကိုယ်ချစ်သလောက် မချစ်ဘူးလို့ ခံစားနေရပြီဆို ” စွန့်လွှတ်လိုက်ဖို့ တုန့်နှေးမနေပါနဲ့။ အဆိုးတွေကို မစွန့်လွှတ်နိုင်သေး သရွေ့တော့ အဲဒီထက်ကောင်းတဲ့ အရာတွေ ရောက်လာမှာ မဟုတ်ပါဘူး။ ကိုယ့်အချစ်တွေနဲ့ အမှန်တကယ် ထိုက်တန်တဲ့သူဆိုတာ ရှိလာပါလိမ့်မယ်။ ဒါကြောင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အရာတွေကို တွန့်ဆုတ်မနေပါနဲ့။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။