ကိုယ့်အပေါ် အရမ်းလွှမ်းမိုး ချုပ်ကိုင်ချင်တဲ့ ချစ်သူမျိုးကို ဘယ်လိုတုန့်ပြန်မလဲ

blank
၁။ သူဘာကြောင့် ကိုယ့်ကို လွှမ်းမိုးချင်ရလဲ ဆိုတာ သိအောင် လုပ်ပါ။

လူတွေက ကိုယ့်ဘဝကို ကျေနပ်မှု မရှိတဲ့အခါ တစ်ခြားသူတစ်ယောက်ရဲ့ ဘဝကို လွှမ်းမိုး ချုပ်ကိုင်ချင်လာကြပါတယ်။ ဒီတော့ သူဒီလိုမျိုးဖြစ်ရတဲ့ အကြောင်းအရင်းကို မြင်အောင်ကြည့်ပြီး ဖြည့်ဆည်းနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ ဥပမာ- သူကမေတ္တာငတ်ခဲ့တဲ့သူဆိုရင် သူ့ကို ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အေးချမ်းစေမယ်။ တစ်စုံတစ်ယောက်ရဲ့ သစ္စာဖောက်ခြင်းခံရတာကြောင့်ဆိုလည်း သူ့ယုံကြည်မှုရအောင် အမြဲ ကြိုးစားနေထိုင်တာမျိုးပေါ့။ တဖြည်းဖြည်းနဲ့ သူသင့်အပေါ် လွှမ်းမိုးချုပ်ကိုင်ချင်တဲ့ စိတ်တွေ လျော့ကျသွားပါလိမ့်မယ်။

၂။ သူ့လွှမ်းမိုးချုပ်ကိုင်မှုအပေါ် ကိုယ်ဘယ်လို ခံစားနေရလဲ ဆိုတာ သူသိအောင် ပြောပြပါ။

သူ့ရဲ့ အလွန်အမင်း ထိန်းချုပ်လိုမှုတွေ၊ ပြုပြင်ပြောင်းလဲ လိုမှုတွေက သင့်ကို ဘယ်လောက်ထိ အကျပ်အတည်းဖြစ်စေလဲ၊ နာကျင်စေလဲဆိုတာ သူသိအောင် အပြုသဘောဆောင်ပြီး ရင်ဖွင့် ပြောဆိုပါ။ သူသာ သင့်ကို တကယ် ချစ်မြတ်နိုးတဲ့သူဆိုရင် သင့်စိတ်တွေ မနာကျင်ဖို့ သူ့ခံယူချက်တွေကို ပြုပြင်ပါလိမ့်မယ်။

၃။ ကိုယ်မနိုင်တဲ့ ဝန်တွေ ဇွတ်ထမ်းတာမျိုး မလုပ်ပါနဲ့။

ကိုယ့်ချစ်သူပြောသမျှ၊ သူဆုံးဖြတ်သမျှ လိုက်လျောနေမယ်ဆိုရင် သင့်အပေါ် သူပိုပြီး လွှမ်းမိုးချင်လာပါလိမ့်မယ်။ တစ်ခါတစ်လေ ကိုယ်မလုပ်နိုင်တဲ့ ကိစ္စတွေအတွက် ငြင်းဆိုဖို့ သတ္တိရှိပါ။ အဲဒီအချိန်မှာ ချစ်သူရဲ့ ငြိုငြင်မှုတွေ ခံကောင်း ခံရပါလိမ့်မယ်။ ဒါပေမယ့်လည်း ကိုယ့်ဆန္ဒမပါဘဲနဲ့ အလွန်အမင်းလိုက်လျောတာမျိုးက ကြာလာရင် နှစ်ဦးလုံးအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ ရွေးချယ်မှုတွေကိုတော့ ကိုယ်တိုင်ပဲ ချုပ်ကိုင်ပါ။

သင့်ချစ်သူဟာ လွှမ်းမိုးချုပ်ချယ်ချင်တဲ့ သူဆိုရင် သင်လုပ်သမျှ အသေးစိတ်လေးတွေက အစ လိုက်ပြီး စွက်ဖက်ချင်နေပါလိမ့်မယ်။ လူတစ်ယောက်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ရှိသင့်ပါတယ်။ အသေးအဖွဲကစပြီး ကိုယ့်ရဲ့ အရေးပါတဲ့ ကိစ္စတွေ အထိ ဝင်စွက်ဖက်လာရင်တော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ မိဘတွေ၊ ကိုယ့်ဘဝလမ်းကြောင်းဖြစ်တဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တာတွေကိုတော့ ကိုယ်တိုင် ပဲ ရွေးချယ်ပါ။

၅။ ကိုယ့်ရဲ့ တန်ဖိုးစံတွေကို သူ့အတွက်နဲ့ ပြောင်းလဲ မပစ်လိုက်ပါနဲ့။

ကိုယ့်ကိုယ်ကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ ကိုယ်လိုချင်တဲ့ အရာတွေကို ကိုယ်တိုင် စွမ်းဆောင်နိုင်တယ်ဆိုတာ စိတ်ထဲမှာ အမြဲ သတိရနေပါ။ အများသူငါ ထောက်ခံချက်ပေးမှ၊ လူအများက လက်ခံမှ ကိုယ့်တန်ဖိုး တက်လာတာမဟုတ်ပါဘူး။ ဘဝကို ကိုယ့်စိတ်ကြိုက် ဖြတ်သန်းနိုင်အောင် ကြိုးစားပါ။ ကိုယ့်စိတ်ကို တစ်ကယ်ပျော်ရွှင်စေမယ့် အရာတွေကို အာရုံစိုက် လုပ်ဆောင်ပါ။ ကိုယ့်ချစ်သူကို အရမ်းချစ်လို့ သူ့အလိုတွေ လိုက်လျောရင်းက ကိုယ်တိုင်သူကြိုးဆွဲရာ ကရတဲ့ အရုပ်လေးတစ်ရုပ်ဖြစ်မသွားဖို့ လိုအပ်ပါတယ်။

၆။ ကိုယ့်ဘဝအဓိပ္ပါယ်က relationship ပေါ်မှာပဲ ရှိနေတာမျိုး မဖြစ်ပါစေနဲ့။

တစ်ကယ်တော့ relationship ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခု မျှသာပါပဲ။ ကိုယ့်ဘဝတစ်ခုလုံးရဲ့ အလယ်ဗဟိုချက်အဖြစ် ခွင့်ပေးလိုက်ဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် ကိုယ့်အပေါ် အရမ်း လွှမ်းမိုးချုပ်ချယ်ချင်တဲ့ သူကို ကိုယ့်ရဲ့ အချိန်တွေ ပေးနေမယ့်အစား relationshipရဲ့ ပြင်ပမှာ ပျော်ရွှင်နိုင်အောင် ကြိုးစားပါ။ တစ်ဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှုတွေလျော့ကျပြီး ကိုယ့်ဘဝကို တန်ဖိုးထားတတ်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ အမြင်တွေလည်း ပြောင်းလဲလာပြီး မိမိချစ်သူနဲ့ ဘယ်လိုညှိနှိုင်း နေထိုင်မလဲဆိုတာလည်း မြင်သာလာပါလိမ့်မယ်။

၇။ သူ့အပေါ်မှာ အရမ်းကြီး မှီခိုမနေပါနဲ့။

အကယ်လို့သင်ဟာ သင့်ချစ်သူအပေါ်မှာမှီခိုနေတဲ့သူ တစ်ယောက် ဖြစ်မယ်ဆို သင်နဲ့ပတ်သက်တဲ့ အရာအားလုံးကို သူပဲ ဆုံးဖြတ်ချုပ်ချယ်ဖို့ ခွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒီလိုဖြစ်တာများလာတဲ့အခါ ကိုယ့်ကိုယ်ကို တန်ဖိုးထားတာတွေ လျော့ကျသွားနိုင်ပါတယ်။ ဒီလိုမျိုး လုံးဝအဖြစ်မခံပါနဲ့။ ကိုယ့်ရဲ့ တန်ဖိုးကို မြင့်သထက်မြင့်အောင်ကြိုးစားလိုက်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာပြီဆိုရင် တစ်ဖက်လူလည်း ကိုယ့်အပေါ် အလွန်အမင်း လွှမ်းမိုးချင်တာတွေ ရပ်သွားပါလိမ့်မယ်။ သင့်ကိုလည်း တလေးတစား ဆက်ဆံလာပါလိမ့်မယ်။

၈။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်ပါ။

ကိုယ့်အပေါ် သူတစ်ပါး အလွန်အမင်း လွှမ်းမိုးချင်တာမျိုးတွေကို ရှောင်ရှားနိုင်ဖို့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ ဘယ်သူမှ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ကိုယ့်မှာရှိတဲ့ အားနည်းချက်တွေကို အလိုမကျ ဖြစ်နေမယ့်အစား ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာပဲ အာရုံစိုက်ပါ။ ကိုယ့်ကို တန်ဖိုးကျစေမယ့် လုပ်ရပ်မျိုး ဘယ်တော့မှ မလုပ်မိပါစေနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာတဲ့ အခါ ကိုယ်က ဘာတွေနဲ့ ထိုက်တန်တယ်ဆိုတာလည်း သိလာပါလိမ့်မယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။