သူများ စုံတွဲတွေကို အားကျပြီး ကိုယ့် relationship ကို အားမလို အားမရ ဖြစ်နေပါသလား။ – အပိုင်း – (၁)

blank

မတူညီတဲ့ အသိုင်းအဝိုင်း နှစ်ခုက မွေးဖွားလာတဲ့ သူတွေဖြစ်တာမို့ ချစ်သူနှစ်ဦးကြား အဆင်မပြေမှု လေးတွေတော့ ရှိတတ်ကြတာပါပဲ။ ဒါကို သူများတွေတော့ ဘယ်လို အဆင်ပြေနေတယ်။ သာယာနေတယ် ဆိုပြီး ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေတာက ကိုယ့် relationship ကို ပိုပြီး ဆိုးရွား စေတတ်ပါတယ်။ တစ်ကယ်တမ်းကျ လူတိုင်းဟာ သူ့အခက်အခဲနဲ့ သူ ရှိနေပါတယ်။ အပေါ်ယံ ရွှေမှုန်ကြဲ ထားတာကို အမှန်ယူဆမိရင်တော့ နောင်တတွေ တသီကြီး ရလာပါလိမ့်မယ်။

အောက်ဖက်မှာတော့ သာယာခိုင်မာတဲ့ relationship တစ်ခုဖြစ်လာစေဖို့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ဂန္ထဝင်ပရိသတ်ကြီးအတွက် ဖော်ပြပေးထားပါတယ်။

၁။ ဘယ်လောက်ပဲ ရင်းနီးနေသူ ဖြစ်နေပါ့စေ သူတို့အတွင်းရေးတွေကို အမှန်ပြောလေ့ မရှိကြပါဘူး။

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့် relationship အဆင်မပြေနေတဲ့ အကြောင်းကို ပြောဖို့ ဝန်လေးတတ်တာ သဘာဝပါ။ တစ်ဖက်လူက အပြစ်တင်ကဲ့ရဲ့မှာကို မခံနိုင်ကြတဲ့အတွက် သင်နဲ့ ဘယ်လောက်ပဲ ရင်းနီးပါစေ သူတို့ဆက်ဆံရေး ဘယ်လောက် အဆင်ပြေ သာယာနေတယ် ဆိုတာပဲ ပြောပြပါလိမ့်မယ်။ ဒီလိုကြားရတိုင်းသာ ကိုယ့်ဆက်ဆံရေးကို အားမရနိုင် ဖြစ်နေမယ် ဆိုရင်တော့ သင်နေစရာကို ရှိမှာ မဟုတ်တော့ပါဘူး။ ဘယ် relationship မှ စင်းလုံးချော အဆင်ပြေနေတယ် ဆိုတာ မရှိပါဘူး။ အားလုံး ကိုယ့်အထွာနဲ့ ကိုယ့်အပြဲ ချည်းပါပဲ။ အရေးကြီးတာက ဖြစ်လာသမျှ ကိုယ့်ချစ်သူနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းနိုင်ဖို့ပါပဲ။

၂။ လူမှုကွန်ယက် တွေပေါ်မှာ အဆင်ပြေပျော်ရွှင်သယောင် ထင်ရတဲ့ အတွဲတွေလည်း လက်တွေ့မှာ ပြဿနာတွေ ရှိနေတတ်တယ်ဆိုတာ သိထားပါ။

လူမှုကွန်ယက်တွေပေါ်မှာ သူငယ်ချင်းတွေက သူတို့ချစ်သူက သူတို့ကို ဘယ်လောက် ချစ်ကြောင်း၊ အလေးအနက်ထားကြောင်းတွေ ရေးကြတာမျိုး တွေ့တဲ့အခါ ကိုယ့်ချစ်သူကို အလိုမကျတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ တစ်ကယ်တမ်းကျတော့ သူတို့တွေမှာလည်း သူတို့ အခက်အခဲနဲ့ သူတို့ပါ။ သင် ယုံချင်မှ ယုံမယ်။ သူတို့ ပြောသလောက်သာ အဆင်ပြေနေမယ်ဆိုရင် စိတ်ဆင်းရဲမှု ဆိုတာ ဘယ်မှာ ရှိပါတော့မလဲ။ ဒါကြောင့် ဒီလို အတုအယောင် ကမ္ဘာထဲက အကြောင်းအရာ တွေကြောင့် ကိုယ့် relationship ကို ဖျက်စီးတာမျိုး မလုပ်မိပါစေနဲ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အရာအားလုံး ဖြစ်ချိန်တန်ရင် အလိုလို ဖြစ်လာပါလိမ့်မယ်။

ကိုယ့်သူငယ်ချင်းထဲက တစ်ယောက်ယောက် မင်္ဂလာဆောင်သွားတဲ့ သတင်းကိုကြားပြီး ကိုယ်တွေကတော့ ဒီအဆင့်ကကို မတက်နိုင်သေးဘူးဆိုပြီး အားမလို အားမရ ဖြစ်တတ်ပါတယ်။ တစ်ကယ်တော့ လက်ထပ်တယ်ဆိုတာ လွယ်လွယ်နဲ့ လုပ်လို့ရတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ဘာမှ အဆင်သင့်မဖြစ်ဘဲ သူများလက်ထပ်တိုင်း လိုက်ပြီး လက်ထပ်မယ် ဆိုရင်တော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေပဲ ရလာပါလိမ့်မယ်။

၎။ မလိုလားအပ်ဘဲ စိုးရိမ်ကြောင့်ကြခြင်းတွေနဲ့ အချိန်ဖြုန်းမနေပါနဲ့။

ကိုယ်ထိန်းချုပ်လို့ မရနိုင်တဲ့ အရာတွေအတွက် ထိုင်ပြီး အချိန်ကုန်နေမယ့်အစား ကိုယ်ရှေ့ဆက်လျှောက်ရမယ့် လမ်းအတွက် အားအင်တွေအပြည့် စုစည်းလိုက်ပါ။ ပြီးရင်တော့ အကျိုးရလာဒ်ကောင်းတွေ ရလာဖို့ တက်ညီလက်ညီ ကြိုးစားလျှောက်လှမ်းလိုက်ပါ။

၅။ သူများရဲ့ ကောင်းသတင်းတွေနားထောင်ပြီး ကိုယ့် relationship မှာ ရှိတဲ့ အပြစ်အနာအဆာတွေကြောင့် စိတ်ဓါတ်တွေ ကျလာတာမျိုး မဖြစ်ပါစေနဲ့။

သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ချစ်သူတွေရဲ့ အကြောင်း သင်အနည်းနဲ့ အများတော့ သတိထားမိမှာပါ။ များသောအားဖြင့်တော့ ကောင်းသတင်းတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုတွေ များလာတဲ့ အခါ ကိုယ့် relationship ကိုယ် အားမလို အားမရတွေ ဖြစ်လာပါလိမ့်မယ်။ ဒီလို သူများနဲ့ ယှဉ်ပြီး စိတ်ညစ်နေမယ့်အစား လိုအပ်နေတဲ့ ဟာကွက်လေးတွေကို ပြန်ဖြည့်စွက်လိုက်ပါ။ သင်ထင်ထားတာထက် ပိုအဆင်ပြေသွားပါလိမ့်မယ်။

၆။ အခြားသူတွေနဲ့ နှိုင်းယှဉ်တဲ့ အခါ ကိုယ်ဘာတွေ ပြုပြင်မလဲ ဆိုတာသိအောင် ကြိုးစားဖို့လိုပါတယ်။

တစ်ခါတစ်လေ သူများအတွဲတွေ အကြောင်းပဲ စိတ်ဝင်စားနေပြီး ကိုယ့် relationship အကြောင်းကို လျစ်လျူရှုမိ နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သူများအတွဲတွေ သာယာပျော်ရွှင် နေတာက လွယ်လွယ်နဲ့ ရထားတာတော့ မဟုတ်ပါဘူး။ ကိုယ်တိုင်ကလည်း သာယာပျော်ရွှင်တဲ့ ချစ်သူဘဝလေး ပိုင်ဆိုင်နိုင်ဖို့ ဘာတွေ လိုအပ်နေလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ပဋိပက္ခတွေ ဖြစ်လာတိုင်း လူနှစ်ယောက်ကို ကွဲကွာစေတာ မဟုတ်ပါဘူး။ နားလည်မှုလေးတွေနဲ့ ဖြေရှင်းမယ်ဆိုရင် တစ်ယောက်ကို တစ်ယောက် ပိုပြီးရင်းနီးလာဖို့ပဲ ရှိပါတယ်။

ဗဟုသုတရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။