လမ်းခွဲရာမှာ ရှောင်ကြဉ်အပ်သော အပြုအမူများ

blank

ကိုယ်နဲ့ ဘယ်လိုမှ လက်တွဲလို့ မဖြစ်နိုင်တော့ဘူးဆိုရင် အရင်က ဘယ်လောက်ပဲ ချစ်ခဲ့ကြပါစေ လမ်းခွဲကြရမှာပါပဲ။ တစ်ချိန်က သိပ်ချစ်ခဲ့တဲ့ ချစ်သူတွေ ဖြစ်ကြတာကြောင့် လမ်းခွဲခြင်းကို ရင်ဆိုင်ရာမှာ အတော်ခက်ခဲပါလိမ့်မယ်။ လူနှစ်ယောက် တစ်သက်တာလုံး လက်ပြနှုတ်ဆက်တဲ့ အချိန်လေးက သိပ်ကို အရေးကြီးနေတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲတဲ့အခါ သတိထားသင့်တဲ့ အချက်လေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ တင်ဆက်ရေးသားလိုက်ပါတယ်။

၁။ လမ်းခွဲစကားပြောတဲ့ အခါ ဖုန်း (သို့) စာနဲ့ ပြောခြင်း မပြုလုပ်ပါနဲ့။

တစ်ယောက်နဲ့တစ်ယောက် တစ်ဘဝလုံးစာ နှုတ်ဆက်ဖို့အတွက် ဖုန်း (သို့) စာနဲ့ အဆက်အသွယ်ဖြတ်ဖို့ ပြောတာ ကလေးဆန်လွန်းပါတယ်။ တစ်ဖက်လူကိုလည်း မလေးမစား လုပ်ရာကျပါတယ်။ ဒါကြောင့် နှစ်ယောက်သား မျက်နှာချင်းဆိုင်ပဲ ပွင့်ပွင့်လင်းလင်း လမ်းခွဲလိုက်တာက အကောင်းဆုံးပါ။ အဲဒီလမ်းခွဲခြင်းကြောင့် ရလာမယ့်အကျိုးဆက်တွေကိုလည်း တစ်ခါတည်း ရင်ဆိုင်နိုင်အောင် ပြင်ဆင်သွားလိုက်ပါ။ အားလုံး ပြီးသွားတဲ့ အချိန်မှာတော့ သင် လိပ်ပြာလုံလုံနဲ့ ဘဝကို ဆက်လက် ရပ်တည်သွားလို့ ရပါပြီ။

၂။ လမ်းခွဲချင်တာနဲ့ တစ်ဖက်လူကို ဘာမှ ဖြေရှင်းခွင့်မပေးဘဲ အဆက်အသွယ် ဖြတ်လိုက်တာမျိုး မလုပ်ပါနဲ့။

ကိုယ်က သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားတာမို့ သူ့ဖုန်းတွေ မကိုင်တော့တာ၊ သူ့စာတွေ မပြန်တော့တာမျိုး၊ သူ့ကို လုံးဝခြေရာ ဖျောက်ပစ်လိုက်တာမျိုးတွေက လုံးဝ မလုပ်သင့်ပါဘူး။ ဒီလိုလုပ်လိုက်တာဟာ တစ်ဖက်လူကို လုံးဝ ထွက်ပေါက် ပိတ်ပစ်လိုက်တာပါပဲ။ တစ်ခုခုဆို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ပါ။ သူ့ကိုလည်း ဖြေရှင်းခွင့်ပေးပါ။ လုံးဝ လက်မခံနိုင်တာ သေချာသွားပြီဆိုရင် နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပါ။ ဒါဟာ နှစ်ယောက်လုံးအတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။

၃။ လမ်းခွဲစကားပြောဖို့ ရှောင်ဖယ်ပြီး ရင်မဆိုင်တာမျိုး မပြုလုပ်ပါနဲ့။

ကိုယ့်ချစ်သူက ကိုယ်နဲ့ မပျော်တော့တာ၊ ကိုယ်နဲ့ ဆက်ပြီးတော့ လက်တွဲဖို့ မဖြစ်နိုင်တော့တာ၊ နောက်တစ်ယောက် တွေ့သွားတာ စတဲ့ အခြေအနေမျိုးတွေ ကြုံလာတဲ့အခါမှာ ဘယ်သူပဲဖြစ်ဖြစ် ဝမ်းနည်းပတ်လက် ခံစားရမှာပါပဲ။ သို့ပေမယ့်လည်း ဒါကို စိတ်နာလို့ လျစ်လျူရှုပြီး မဖြေရှင်းဘဲ ရှောင်ဖယ်နေလို့ မရပါဘူး။ အတတ်နိုင်ဆုံး ပွင့်ပွင့်လင်းလင်းနဲ့ သူနဲ့ကိုယ် ရှေ့ဆက် လက်တွဲဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ဆိုတာ ကိုယ်တိုင်လည်း လက်ခံပြီး သူ့ကိုလည်း ပြောလိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ လမ်းခွဲစကားကို သူနဲ့ ကိုယ် နှစ်ယောက်တည်း ရှိတဲ့ အချိန်မှာပဲ အေးအေးဆေးဆေး ပြောဆိုပါ။

ကိုယ်က သူမမျှော်လင့်ထားတဲ့ အကြောင်းအရာ တစ်ခုကို ပြောလိုက်တဲ့အခါ သူဘယ်လိုတုန့်ပြန်မလဲ ဆိုတာ ဘယ်လိုမှ ကြိုခန့်မှန်းလို့ မရနိုင်ပါဘူး။ လူစည်ကားတဲ့ စားသောက်ဆိုင်လို နေရာမျိုးတွေမှာ တစ်ဖက်လူ မမျှော်လင့်ထားတဲ့ စကား ပြောလိုက်မိလို့ သူ့တုန့်ပြန်မှုကြောင့် လူတွေရဲ့ အာရုံစိုက်ခံရတာမျိုးတွေက နှစ်ယောက်လုံးအတွက် စိတ်ရှုပ်စရာကောင်းလှပါတယ်။ ရှက်စရာလည်း ကောင်းလွန်းပါတယ်။ ဒါကြောင့် လမ်းခွဲစကားကို နှစ်ယောက်လုံးအတွက် အဆင်ပြေမယ့် တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ ရွေးချယ်ပြောဆိုပါ။

၅။ သူ မမျှော်လင့်ထားတဲ့ အချိန်မှာ လမ်းခွဲစကား ရုတ်တရက်ပြောတာမျိုး မလုပ်ပါနဲ့။

ကိုယ်က သူ့ကို လမ်းခွဲမယ်ဆိုပြီး အစီအစဉ်ရှိလို့ သူနဲ့ ချိန်းတဲ့ အခါ အရင်ကလိုမျိုး သမရိုးကျ ချိန်းနည်းမျိုးနဲ့ ချိန်းတာမျိုး မလုပ်ပါနဲ့။ အနည်းဆုံးတော့ သူနဲ့ကိုယ် relationship ရှေ့ရေးအတွက် ပြောစရာလေးရှိလို့ ဆိုတာမျိုးလေးတော့ အရိပ်အမြွတ်ပြောထားဖို့ လိုပါတယ်။ တစ်ဖက်လူ ခံနိုင်ရည်ရှိအောင် ပြင်ဆင်လို့ ရသွားတာပေါ့။ ဘာမှ မျှော်လင့်မထားတဲ့ အချိန်မှာ လမ်းခွဲစကား ပြောလိုက်မယ်ဆိုရင် တစ်ဖက်လူအတွက် အရမ်း နာကျင်ရတဲ့အပြင် ဘယ်လိုမှလည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး။

၆။ သုံးနေကျ လမ်းခွဲစကားမျိုးနဲ့ ပြီးစလွယ် လမ်းခွဲလိုက်တာမျိုး မလုပ်ပါနဲ့။

“ငါနင်နဲ့ မပျော်တော့လို့၊ ငါနင်နဲ့ ဆက်ပြီး လက်တွဲဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့လို့” စတဲ့ လမ်းခွဲစကားမျိုးတွေက အရမ်းကို ယေဘုယျ ဆန်လွန်းပါတယ်။ နောက် “နင်က ငါ့လိုလူမျိုးနဲ့ မထိုက်တန်ပါဘူး။” “တစ်ကယ်တော့ နင်မမှားပါဘူး။ ငါ့အမှားတွေပါ။” “ငါက နင့်အတွက် မကောင်းခဲ့သူပါ။” စတဲ့ စကားတွေနဲ့ နှစ်သိမ့်တာက တစ်ဖက်လူကို ပိုနာကျင်စေပါတယ်။ ပြီးတော့ သင်သူတို့အတွက် ပြောဖို့ စကားမရှိတော့တာကို ပြသနေသလို ဖြစ်စေပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ “နင်နဲ့ငါ သူငယ်ချင်းအဖြစ် ဆက်နေသွားလို့ လည်း ရတာပဲ” ဆိုတဲ့ နှစ်သိမ့်စကားပါပဲ။ ကိုယ်ကစပြီး လမ်းခွဲစကား ပြောထားပြီးမှ သူငယ်ချင်းအဖြစ် ဆက်နေသွားကြမယ် ဆိုတဲ့ နှစ်သိမ့်စကားက တစ်ဖက်လူကို သိပ်ကို နာကျင်စေမှာပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။