Facebook သုံးစဉ် ချစ်သူတို့ သတိထား ရှောင်ကြဉ်ဖို့ရာ

blank

ဒီနေ့ခေတ်မှာ Facebook ဆိုတာ လူတွေရဲ့ နေ့စဉ်ဘဝအထိ လွှမ်းမိုးနေတဲ့ မရှိမဖြစ်အရာ တစ်ခုလို့တောင် တင်စားလို့ရနေပါပြီ။ ဒီ လူသုံးများတဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook ကို သင့်တင့်မျှတစွာသုံးမိရင်တော့ ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေ အများကြီး ရလာနိုင်ပါတယ်။ သို့ပေမယ့်လည်း “တန် ဆေး လွန် ဘေး” ဆိုတဲ့ စကားလည်းရှိတာမို့ တစ်ခါတစ်လေ လွဲမှားစွာ သုံးစွဲမိရင်တော့လည်း မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်ပွားလာတတ်ပါတယ်။

ဥပမာ- တစ်ချို့ဆို ဘာမဟုတ်တဲ့ ပို့စ်လေးတွေကတစ်ဆင့် ပြဿနာတက်ကြ၊ အခင်အမင်တွေ ပျက်ကုန်ကြတာမျိုးတွေတောင် ရှိကြပါတယ်။ အခုဆို လူတော်တော်များများဟာ ပျော်ရွှင်တာပဲ ဖြစ်ဖြစ်၊ ဝမ်းနည်းတာပဲဖြစ်ဖြစ် လူမှုကွန်ယက်တွေပေါ် ရင်ဖွင့်ကြ၊ ကိုယ်အဆင်မပြေနေတဲ့ အချိန် အခြားသူတွေ ပျော်ရွှင်နေတာ ကြည့်ပြီး အားငယ်ကြနဲ့ စိတ်ဓါတ်ပိုင်း ဆိုင်ရာတွေလည်း ပျက်ပြားလာပါတော့တယ်။

ဒီနေ့ ဂန္ထဝင်က တင်ဆက်ပေးမှာကတော့ facebook သုံးတဲ့အခါ သတိထားရှောင်ကြဉ်သင့်တဲ့ ကျင့်ဝတ်လေးတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် relationship ရှိနေတဲ့သူတွေ သတိထား ဖတ်ရှုဖို့ တိုက်တွန်း လိုက်ရပါတယ်။

၁။ သင်တို့ နှစ်ယောက် ကြားမှာ ရှိတဲ့ ပြဿနာတိုင်းကို လူသိရှင်ကြား ချမပြပါနဲ့။

သင်နဲ့ သင့်ချစ်သူကြားမှာ ရှိတဲ့ မပြေလည်မှုလေးတွေ၊ သင့်ချစ်သူအပေါ် ဘယ်လောက်ထိ နာကျည်းနေလဲဆိုတာတွေကို status ရေးပြီး ပေါက်ကွဲတာမျိုး၊ ဝမ်းနည်းပြတာမျိုးတွေက ရုတ်တရက်ကြည့်ရင် စိတ်ထွက်ပေါက် တစ်ခုလို့ ထင်ရပေမယ့် တစ်ကယ်တမ်းကျ ကိုယ့်အခက်အခဲတွေကို စာနာပြီး ဖေးမပေးမယ့်သူ facebook မှာ ဘယ်နှစ်ယောက် ရှိနိုင်မှာမို့လဲ။ တစ်ချို့ဆို သင့်ကိုကြည့်ပြီး သူတို့က သင့်ထက်သာတယ်ဆိုပြီး ဝမ်းသာတဲ့သူတောင် ရှိနိုင်ပါသေးတယ်။ ဒါကြောင့် နှစ်ဦးကြား မှာရှိတဲ့ ပဋိပက္ခလေးတွေကို လူသိရှင်ကြား ဖော်ပြနေမှာထက် မိမိချစ်သူနဲ့ပဲ အတတ်နိုင်ဆုံး ညှိနှိုင်းဖြေရှင်းလိုက်ပါ။

၂။ ချစ်သူနဲ့ မိမိကြားမှာ ရှိတဲ့ ရင်းနီးမှုတွေကို လူမှုကွန်ယက်ပေါ်မှာ အမြဲ ဖော်ပြမိနေတာမျိုး တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

ကိုယ့်ချစ်သူ ကိုယ့်ကို ဘယ်လောက် ဂရုစိုက်ကြောင်း၊ ဘယ်လောက် ချစ်မြတ်နိုးကြောင်း သူငယ်ချင်းတွေရှေ့မှာ ထုတ်ပြောချင်ကြတာ လူတွေရဲ့သဘာဝပါ။ သို့ပေမယ့်လည်း ချစ်သူနှစ်ဦးကြားမှာရှိတဲ့ ရင်းနီးမှုဟာ ကာယကံရှင် နှစ်ယောက်နဲ့ပဲ သက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့ အတွက် လူမှုကွန်ယက်ပေါ် ဖော်ပြဖို့တော့ သိပ်မသင့်တော်ပါဘူး။

၃။ ရည်းစားဟောင်းအကြောင်းကို facebook ကနေ မသိမသာ ကြည့်မိနေတာမျိုး တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

ကိုယ်ရဲ့ ရည်းစားဟောင်းအကြောင်းကို ဘာရယ်မဟုတ် ကြည့်ဖြစ်ကြတာ သဘာဝပါ။

အကြောင်းအမျိုးမျိုးနဲ့ပေါ့။ ဥပမာ-

– ကိုယ် မရှိတော့တဲ့ အချိန် သူဘယ်လို ကျန်ခဲ့မလဲဆိုတာ သိချင်လို့။

– သူက ကိုယ်မရှိတော့မှ ပို အဆင်ပြေနေလား၊ ပို တိုးတက်လာလား သိချင်လို့။

  • တစ်ချို့ကျ ကိုယ်မရှိတဲ့အချိန်မှာ တစ်ဖက်လူ ဖရိုဖရဲ ကျန်ခဲ့တာကို  ကြည့်ပြီး ကျေနပ်နေချင်လို့။
  • သူနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ အခဲ မကျေတာလေးတွေကို အခွင့်သင့်ရင် ရှင်းချင်လို့ ။

သူနဲ့ကိုယ် ရှေ့ဆက်လို့ မရလို့တောင် လမ်းခွဲလိုက်ကြပြီပဲ။ ဒီလိုတွေ လိုက်ကြည့်နေလို့ သူ့အကြောင်းတွေ သိတော့ရော ဘာထူးမှာလဲ။ ကိုယ့်ရဲ့ လက်ရှိချစ်သူက ကိုယ် ရည်းစားဟောင်းကို မမေ့နိုင်သေးတာကို သတိထားမိပြီး စိတ်မကောင်း ဖြစ်သွားရုံကလွဲ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ ဒါ ဟာ ဘယ်လိုမှကို မရှိသင့်တဲ့ အကျင့်ဆိုးတစ်ခုပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်သည်။

၎။ ရည်းစားဟောင်းနဲ့ facebook မှာ သူငယ်ချင်းလုပ်တာမျိုး ရှောင်ကြဉ်ပါ။

ကိုယ်နဲ့ လမ်းခွဲလိုက်ပြီးသား လူတစ်ယောက်နဲ့ အပြင်မှာပဲဖြစ်ဖြစ်၊ facebook ပေါ်မှာပဲ ဖြစ်ဖြစ် သူငယ်ချင်းအဖြစ်ရှိနေသေးတာ သိပ်တော့ သဘာဝမကျလှပါဘူး။ ဒီလိုသာဆက်ပေါင်းသင်းကြမယ်ဆို တစ်ချိန်က ချစ်ခဲ့၊ ရင်းနီးခဲ့တာတွေ ပြန်သတိရ။ လက်တွေ့ဘဝမှာကျ သူနဲ့ ဘယ်လိုမှ လက်တွဲလို့ အဆင်မပြေပြန်ဆို ကိုယ်ပဲ ကြားထဲက ဗျာများနေရမှာပါ။ ဒါကြောင့် အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ။

၅။ မိမိချစ်သူကို facebook ပေါ်မှာ တစ်ချိန်လုံး မယုံသင်္ကာနဲ့ လိုက်စစ်ဆေးနေတာမျိုး မလုပ်ပါနဲ့။

လူတော်တော်များများ လုပ်လေ့လုပ်ထ ရှိတဲ့ အကျင့်တစ်ခုပါပဲ။ မိမိချစ်သူ ဘယ်သူနဲ့ စကားပြောနေလဲ၊ ဘာတွေပြောကြလဲ။ ချစ်သူက ကိုယ့်မကြိုက်တဲ့ status တစ်ခုခု တင်ထားပြီဆို ပြဿနာတွေတက်ကြ ဒီလိုအဖြစ်အပျက်တွေက ချစ်သူတွေကြားမှာ ရိုးရာတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ဒီလိုနောက်က တစ်ကောက်ကောက် လိုက်ကြည့်နေတာဟာ ကိုယ့်ချစ်သူကို မယုံကြည်ရာလည်း ကျပါတယ်။ သင့်ရဲ့ အလွန်အကျွံ စိုးရိမ်တတ်တဲ့ အကျင့်က သင်တို့ကြားက ဆက်ဆံရေးကို တစ်ချိန်မှာ အကြီးအကျယ် အနှောင့်အယှက် ဖြစ်သွားနိုင်ပါတယ်။

၆။ အပြင်က အခြေအနေကို ဖုံးကွယ်ပြီး လူမြင်ကောင်းအောင် facebook ပေါ်မှာ ဖော်ပြတာမျိုး မပြုလုပ်ပါနဲ့။

တစ်ချို့လူတွေဟာ facebook ပေါ်မှာတော့ အခြားသူတွေ အားကျလောက်အောင် ချစ်ပြ၊ ကြင်နာပြကြနဲ့ တစ်ကယ့်လက်တွေ့ဘဝမှာ တော့ အဲလောက် အဆင်မပြေကြတာတွေ လည်း အများကြီးပါ။ တစ်ယောက် wall ပေါ်တစ်ယောက် ပုံတွေတင်ကြ၊ postတွေ ရေးကြနဲ့ အပြင်မှာကျ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကအစ နားလည်မပေးနိုင်ကြတဲ့ စုံတွဲတွေ အများကြီးပါ။ ဒီလို ကမ္ဘာအတုပေါ်မှာ လူကြားကောင်းအောင် သာယာနေဖို့ထက် လက်တွေ့ဘဝမှာ နားလည်မှုရှိရှိနဲ့ သာယာပျော်ရွှင်နေဖို့ပဲ လိုအပ်တာပါ။

နောက်ဆုံးအနေနဲ့ အထူးသတိပေးချင်တာကတော့ facebook ဆိုတာ မိတ်ဆွေတိုးပွားဖို့၊ အသိပညာ အပြန်အလှန်မျှဝေဖို့ သုံးကြတဲ့ လူမှုကွန်ယက် သက်သက်မျှသာ ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာတွေကို ချပြဖို့ ဒိုင်ယာရီတစ်ခု မဟုတ်ဘူးဆိုတာ သတိထားဖို့ လိုပါတယ်။ ကိုယ့်အကြောင်းတွေ ဖြစ်တဲ့အတွက် ကိုယ်ဖော်ပြချင်သလို ဖော်ပြခွင့်ရှိတာ မှန်ပါတယ်။ တစ်ကယ့် အရှိတရားကို ဖုံးကွယ်ပြီး ဖော်ပြတာမျိုးတော့ မဖြစ်စေနဲ့ပေါ့။ သင့်ပတ်ဝန်းကျင်ကို သင်သာယာပျော်ရွှင်နေတာကိုပဲ ချပြတဲ့အခါ သင်ဝမ်းနည်းနေရင်တောင် သင့်အနားမှာ ဖေးမမယ့်သူ မရှိဘဲ ဖြစ်သွားပါလိမ့်မယ်။

သင့်အတွက် တွေးစရာတစ်ခုခု ရလိုက်မယ်ဆို သူငယ်ချင်းတွေ အတွက်လည်း SHARE ပေးလိုက်ပါအုံးနော်။