သမီးလေးအတွက် – ကိုယ့်စွမ်းအားတွေကို ယုံကြည်တတ်ဖို့ မေ့မေ့အကြံပေးစာ

blank

ချစ်ရတဲ့ သမီးလေးရေ

ဒီနေ့မေမေ ရုံးကပြန်လာတော့ မေမေတွေးနေမိတယ်။ သမီးလေးတော့ အိမ်ရှေ့ပေါ်တီအောက်မှာ မေးလေးထောက်ပြီး မေ့မေ့ကို စောင့်နေတော့မယ် ဆိုတာရယ်၊ မေမေပြန်လာတာကို မြင်ရလို့ ပျော်နေတဲ့ သမီးလေး မျက်နှာလေးကို မြင်ယောင်ကြည့်လိုက်တော့ ဒီနေ့ အဆင်မပြေဖြစ်ခဲ့တဲ့အရာတွေ အားလုံး ပျောက်သွားသလို ခံစားလိုက်ရတယ်။

သမီးလေးက မေမေ့ ဘဝမှာ အဲ့လောက်ထိ အရေးပါနေတာကို သမီးတွေးတောင် တွေးမိမှာ မဟုတ်ပါဘူး။ သမီးမှတ်ထား… တစ်ခါတစ်လေ ကိုယ့်တန်ဖိုးဟာ ကိုယ်ထင်ထားတာထက်ပိုပြီး ကြီးကျယ်ခမ်းနားနေတတ်တယ်။ သမီးလေး နောက်ဆို လူတန်းစားမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံရတော့မယ်။ လောကဓံမျိုးစုံနဲ့လည်း ရင်ဆိုင်ရတော့မယ်ဆိုတော့ သမီးလေး အခုမေမေပြောမယ့် အကြောင်းအရာလေးတွေကို ဂရုတစိုက် နားထောင်စေချင်တယ်။

ကိုယ့်ကိုယ်ကို ဘဝမှာ ဘာမှ အရေးမပါဘူးဆိုပြီး အားငယ်ဝမ်းနည်းနေတဲ့ သူတွေကို သူတို့ကိုယ်သူတို့ တန်ဖိုးထားတတ်လာအောင် ပြုပြင်ပေးလို့ ရတဲ့ အစွမ်းသတ္တိတွေ သမီးလေးမှာ ရှိနေတယ်။

တစ်ခါတစ်လေ ကိုယ်လုပ်သမျှအဆင်မပြေတာမျိုး၊ ပတ်ဝန်းကျင်က မလေးမစား ဆက်ဆံတာမျိုးတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့ တဲ့အချိန်လေးတွေ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒီလိုလူမျိုးတွေနဲ့ကြုံလာတဲ့အခါ သူတို့အားဖြစ်စေမယ့် စကားလေးတွေနဲ့ နှစ်သိမ့်ပေးဖို့ လိုအပ်သလို သမီးလေးကိုယ်တိုင်ကလည်း သူတို့ကို လေးလေးစားစား ဆက်ဆံပေးဖို့ လိုအပ်တယ် သမီး။

ဒီလိုသူတို့ကို အလေးအနက်ထား ဆက်ဆံတာမျိုးကြုံရတဲ့အခါ သူတို့ဘယ်လောက် တန်ဖိုးရှိတဲ့လူလဲဆိုတာ ပြန်သတိရသွားပါလိမ့်မယ်။ သူတို့ဘဝသူတို့ အားရလာပြီး စိတ်ဓါတ်ခွန်အားတွေ ပြန်လည် တက်ကြွလာပြီဆိုရင်တော့ သမီးလေး ကုသိုလ်တွေ အများကြီး ရသွားပါပြီ။

ငယ်ငယ်က သမီးလေး ဆရာမအတွက် ပန်းလေးခူးပေးတဲ့အချိန်လေးတွေ၊ သူငယ်ချင်းတွေအတွက် အနစ်နာခံခဲ့တာလေးတွေနဲ့ ကြုံရင်ကြုံသလို အများအကျိုးလုပ်ဆောင်ခဲ့တာလေးတွေ ပြန်တွေးကြည့်လိုက်သမီး။ အရမ်းကြည်နူးစရာကောင်းတယ်။

နောက်တစ်ချက်က သမီးလေး ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေရဲ့ ဘဝကို သမီးလေးရဲ့ အစွမ်းနဲ့ တတ်နိုင်သလောက် ကူညီဖေးမပေးပါ။ အခြားလူတွေကို ကူညီဖို့အတွက်ဆို ကိုယ်တိုင်ကလည်း စိတ်ပိုင်းရော ရုပ်ပိုင်းပါ အတိုင်းအတာ တစ်ခုအထိ ပြည့်စုံနေဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်တောင် ဘဝကို အလိုမကျဘဲ အမြဲ စိတ်ညစ်စိတ်ပျက်နေတဲ့ လူတစ်ယောက်အနေနဲ့ အခြားသူတွေကို ကူညီဖေးမပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သမီးကိုယ်သမီး အရင်ဆုံး စိတ်ဓါတ်တွေ ရင့်ကျတ်လာအောင် ပြုပြင်ပြောင်းလဲလိုက်ပါ။

သမီးလေး ပတ်ဝန်းကျင်မှာ ဝမ်းနည်းအားငယ်သူတွေ တွေ့လာရင် သူတို့ခံစားချက်တွေကို နားထောင်ပြီး ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီဖေးမပေးပါ။ လူတွေကို စိတ်ထိခိုက်ဝမ်းနည်းအောင် လုပ်ဖို့လွယ်ပေမယ့် ဝမ်းနည်းအားငယ်နေတဲ့ လူတွေကိုတော့ ပြန်လည် ထူထောင်လာအောင်လုပ်ဖို့ အရမ်းကို ခက်ခဲပါတယ်။ ဒါကြောင့် အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေနဲ့ ဝေဖန်အကြံပြုပေးပါ။ အားလုံးခြုံပြီးပြောရရင်တော့ သမီးလေးရဲ့ စွမ်းအားတွေနဲ့ ပြိုလဲနေတဲ့သူတွေကို ကူညီပေးဖို့ပါပဲ။

သမီးမှာ အရာရာကို ပြုပြင်ပြောင်းလဲနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိနေတယ်။ အိမ်မှာဆိုလည်း သမီးလေးက အမှိုက်တွေ ရှုပ်ပွနေရင်မကြိုက်တော့ မေမေတို့ လူကြီးတွေ အခုဆို အမှိုက်လေးတွေ ဂရုတစိုက် သိမ်းလာကြတယ်။ နောက်သမီးလေးက တိရိစ္ဆာန်လေးတွေ ချစ်တတ်တော့ ဒေါသကြီးတတ်တဲ့ ဖေဖေတောင် အခုဆို အိမ်ကခွေးလေးတွေကို ကြင်နာတတ်လာပြီ။ ဒီလိုပဲ သမီးလေးက ပန်းပင်လေးတွေမြင်ရင် ကြည်နူးတတ်တော့ မေမေတို့ ပန်းပင်တွေစိုက်ကြတယ်။ အခုဆို မေမေတို့ ခြံဝင်းလေး စိမ်းစိုပြီး ကျက်သရေရှိနေပြီလေ။ သမီးလေးက ဒီအရွယ်မှာတောင် ဒီလောက် စွမ်းအားတွေ ရှိနေတာ။

ဒီစွမ်းအားတွေကို ယုံကြည်လိုက်သမီး။ သမီးကြီးလာတဲ့ အခါမှာလည်း သမီးပတ်ဝန်းကျင်ကလူတွေကို အကောင်းဘက်ကို ပြောင်းလဲလာအောင် သမီးစွမ်းဆောင်နိုင်မှာ မလွဲဘူး။

ချစ်လှစွာသော

မေမေ