မေမေ့အနေစုတ်ပေမယ့် သမီးအတွက်တော့ ရွှေထုတ်တဲ့ မြပုဝါပါ

blank

ဒီအဖြစ်အပျက်လေးကတော့ ကျွန်မနဲ့ ကျွန်မသမီးလေးရဲ့ တစ်ကယ့် ဖြစ်ရပ်မှန်လေးပါ။

ကျွန်မဘဝမှာ ကျောင်းဆိုတဲ့ ဝေါဟာရကို မရင်းနှီးခဲ့မှတော့ ပညာမတတ်တာအဆန်းတော့ မဟုတ်ပါဘူး။ ဒီတော့ ကျွန်မရဲ့ ဖတဆိုးသမီးလေးကို တစ်ခုခုသင်ပေးတော့မယ်ဆိုရင်လည်း သူနားလည်အောင် ရှင်းပြပြီး သင်ပေးဖို့ဆိုတာ ကျွန်မအတွက် ခက်ခဲပါတယ်။ ဘာကိုပဲ သင်ပေးချင်ပါစေ တတ်သလောက် မှတ်သလောက်ကိုပဲ ရှေ့ကနေ ဦးဆောင်လုပ်ပြပြီး သင်ကြားပေးရတာပေါ့။ ကျွန်မတို့က ဈေးထဲမှာ အသီးလေးတွေ ရောင်းပြီးအသက်မွေးပါတယ်။ ညနေဘက်ဆို နောက်နေ့ ဈေးထွက်ဖို့ နာနတ်သီးလေးတွေကို ခွဲစိတ် ပြင်ဆင်လေ့ရှိတယ်။

သမီးလေးကလည်း ကလေးဆိုတော့ အမေလုပ်သလို လိုက်လုပ်ကြည့်ချင်တာပေါ့။ ဒီတော့ သမီးလေးကို ဘေးကနေထိုင်ခိုင်းပြီး ကျွန်မခွဲပြတယ်။ အခုဆို သမီးလေးက နာနတ်သီးကို ကျွမ်းကျွမ်းကျင်ကျင် ခွဲတတ်နေပါပြီ။ တစ်နေ့ သမီးလေး ကျောင်းကအပြန် သူနဲ့ရွယ်တူ ကလေးလေးတွေ ရေခဲချောင်းသည်နားမှာ ဝိုင်းအုံပြီး ရေခဲချောင်း ဝယ်စားနေကြတယ်။ သမီးလေးလည်း စားချင်ရှာလို့နေမှာ ငေးကြည့်နေရှာတယ်။ ဝယ်ကျွေးရအောင်လည်း ကျွန်မ မတတ်နိုင်ပြန်ဘူး။ မိခင်မေတ္တာ ဆိုတာကလည်း ခက်သား။ မတတ်နိုင်ပေမယ့် သမီးကို ရေခဲချောင်း အရမ်းကျွေးချင်နေမိတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါနဲ့ ကျွန်မစဉ်းစားလိုက်တယ်။ နာနတ်သီးလေးတွေကို လေးထောင့်ပုံလေးတွေလှီး၊ တုတ်လေးစိုက်ပြီး ရေခဲပုံးထဲမှာ ထည့်လိုက်ရင် ရေခဲချောင်းလိုမျိုး ဖြစ်မှာပဲ ဆိုပြီး လုပ်ကြည့်လိုက်တယ်။ မှန်းချက်နဲ့ နှမ်းထွက်ကိုက်သွားပြီး ထင်တဲ့ အတိုင်း နာနတ်သီးစိတ်လေးတွေက အေးအေးမွှေးမွှေးလေးဖြစ်နေတော့ သမီးလေးကို ခေါ်ကျွေးလိုက်တယ်။

“ဘယ်လိုလဲ သမီး ကောင်းရဲ့လား။ ရေခဲချောင်းထက် ပိုကောင်းတယ်မလား” လို့မေးတော့ သမီးလေးက “ ကောင်းတယ် မေမေ ဒါကတောင် ပိုကောင်းသေးတယ်။” တဲ့။

အဲဒီအချိန်မှာ ကျွန်မတစ်ခုတွေးလိုက်မိတာ သမီးလေးကို ဒီလိုရေခဲချောင်းလေးတွေ ဈေးထဲမှာ စရောင်းကြည့်စေဖို့ပါပဲ။

ဒါနဲ့သူလည်း ရေခဲပုံးလေးလွယ်ပြီး မရောင်းတတ်ရောင်းတတ် သွားရောင်းရှာတယ်။

“နာနတ်သီးရေခဲချောင်း ဝယ်ကြဦးမလားရှင့်။” ဆိုပြီး အော်ရောင်းတော့တာပေါ့။ ပထမဆုံးနေ့မှာ တစ်ခုမှမရောင်းရဘဲ ပြန်လာတယ်။ ပြီးတော့ ကျွန်မကို မေးတယ်။ “မေမေ သူတို့ဘာလို့ သမီးရေခဲချောင်းတွေကို မဝယ်ချင်ကြတာပါလိမ့်။” တဲ့လေ။ ဒါနဲ့ ကျွန်မလည်း “သိချင်ရင် တခြားသူတွေ ဘယ်လိုရောင်းနေလဲ သွားလေ့လာလေ” လို့ ပြောလိုက်တယ်။

သမီးလေးလည်း ချက်ချင်းပဲ ဈေးထဲကို သွားပြီး လေ့လာတယ်။ သူများတွေက ဈေးနှုန်းလေးတွေနဲ့တကွ ဝယ်ချင်လာအောင် ဆွဲဆောင်ပြီး ပြောဆို ရောင်းကြတာကို တွေ့တယ်နဲ့ တူပါတယ်။

အိမ်ပြန်ရောက်တာနဲ့ စာရွက်လေးပေါ်မှာ နာနတ်သီးရေခဲချောင်းပုံစံလေးကို ဆွဲပြီး စားချင်စဖွယ်ဖြစ်အောင် အရောင်လေးခြယ်။ ပြီးတော့ ပုံလေးကို ရေခဲပုံးလေးမှာ ကပ်နေတယ်။ နောက်တစ်နေ့ ရောက်တဲ့အခါမှာတော့ ရေခဲပုံးလေးလွယ်ပြီး နှုတ်ကလည်း “နာနတ်သီး အရသာနဲ့ ရေခဲချောင်းလေးတွေ သုံးဆောင်ချင်ပါသလားရှင်။ တစ်ခုကို (၅) ဘတ်ပါ။ (၃) ခုယူမယ်ဆိုရင်တော့ လျှော့ဈေးနဲ့ (၁ဝ) ပဲ ကျပါတယ်။” ဒီလိုလေးအော်လိုက်တဲ့အခါ ကလေးလေးတွေလည်း စိတ်ဝင်စားပြီး တိုးဝှေ့ ဝယ်ယူကြပါတော့တယ်။

တစ်ဖြည်းဖြည်းနဲ့ ရောင်းရငွေလေးတွေစုပြီး စက်ဘီးလေးတစ်စီးဝယ် နိုင်ခဲ့ပါတယ်။ စက်ဘီးလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဈေးရောင်းနေတဲ့ သမီးလေးအနားမှာ ကလေးတွေ ဝိုင်းအုံပြီး ဝယ်နေကြတဲ့ မြင်ကွင်းလေးကို ကြည့်ပြီး ကျွန်မဖြင့် ကြည်နူးလိုက်ရတာ။ သမီးလေးဟာ အခြားသူတွေဆီကနေ သင်ယူပြီး ပြဿနာတွေ သူမဘာသာ ဖြေရှင်းလာနိုင်တာ တွေ့ရတော့ ကျွန်မကျေနပ်လိုက်တာ မပြောပါနဲ့တော့။ ကျွန်မမရှိတော့တဲ့ အခါလည်း သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်တော့မှာပါ။ ကျွန်မ သမီးလေးရဲ့ နောက်လာမယ့် ဘဝရှေ့ရေးအတွက် စိတ်ချသွားပါပြီ။

အထက်ပါ ဇာတ်လမ်းလေးကတော့ မိခင်ဖြစ်သူဟာ သူမကိုယ်တိုင် ပညာမတတ်တဲ့ မုဆိုးမတစ်ယောက်ဖြစ်ပေမယ့် သမီးငယ်လေးကို ဘဝမှာ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လမ်းညွှန်သင်ကြားပေးပုံလေးက တစ်ကယ့်ကို မှတ်သားလောက်ပါတယ်။ သူမရဲ့ ရိုးရှင်းလှတဲ့ သင်ကြားပြသမှုလေးတွေက သမီးငယ်လေးကို ကိုယ့်အနာဂတ်၊ ကိုယ့်အိပ်မက်တွေကို ကိုယ်တိုင် ပုံဖော်နိုင်ဖို့ လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။

အခုဆိုရင် သမီးငယ်လေးဟာ သူမရဲ့ စိတ်အားထက်သန်မှုတွေနဲ့ အပတ်တကုတ် ကြိုးစားခဲ့မှုတွေကြောင့် ဘွဲ့ရလို့ မူလတန်းကျောင်းလေးမှာ ကလေးလေးတွေကို အသိပညာတွေ မျှဝေပေးနေတဲ့ ဆရာမလေးဖြစ်နေပါပြီ။ သူမ ကျောင်းပညာရေးအတွက် ပညာသင်ဆုတွေလည်း ရရှိခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ သူမကိုယ်တိုင် ကျောင်းဆိုတာ ဘာမှန်းမသိခဲ့ပေမယ့် သူမ သမီးလေးကို ဒီလိုကျောင်းဆရာမ ဖြစ်တဲ့အထိ လမ်းညွှန်ပေးနိုင်ခဲ့တာ တကယ့်ကို ချီးကျူးဖွယ် ကောင်းလှပါတယ်။

ဘယ်လောက်ပဲ ဘဝခြေအနေ ဆင်းရဲချို့တဲ့နေပါစေ သားသမီးတွေကို လမ်းမှန်ရောက်ဖို့၊ ဘဝအခြေအနေမြင့်မားဖို့ သင်ကြားပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်ဆိုတာကို အထက်ပါ ဖြစ်ရပ်မှန်လေးက အကောင်းဆုံးသာဓက ပြသွားခဲ့ပါတယ်။

အသိတစ်ခုခုရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။