ပေါင်းသင်းဆက်ဆံရေးအဆင်မပြေလို့ စိတ်ညစ်နေလား။ ဒါလေးတွေ တလေးတစား လိုက်နာလိုက်ပါ။

blank

၁။ လူတိုင်းမှာ ကိုယ့်အပူနဲ့ကိုယ် ရှိတတ်ကြပါတယ်။ ဒါကြောင့် အခြားသူတွေနဲ့ ဆက်ဆံနေချိန်တွေမှာ အတတ်နိုင်ဆုံး သည်းခံစိတ်လေးနဲ့ ဆက်ဆံပေးပါ။ လူတိုင်းဟာ သူ့အကြောင်းတရားတွေနဲ့သူ ရုန်းကန်လှုပ်ရှားနေကြရတာမို့ ကတောက်ကဆဖြစ်တိုင်းသာ စိတ်လိုက်မာန်ပါ ဆုံးဖြတ်မယ်ဆို အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရမှာ မလွဲပါပဲ။ ဒါကြောင့် ဒေါသထွက်တော့မယ်ဆိုရင် လူတိုင်း လူတိုင်း သူတို့အပြုံးတွေရဲ့ နောက်ကွယ်မှာ အဆင်မပြေမှုတွေ ရှိနေနိုင်တယ်ဆိုတာ သတိရပါ။

၂။ ကိုယ်ဘယ်လောက်ပဲ ကောင်းအောင် ကြိုးစားနေထိုင်ပါစေ ကိုယ့်အပေါ် အကောင်းမမြင်ဘဲ အပြစ်တင် ဝေဖန်ချင်ကြသူတွေ ရှိပါတယ်။ ဒီလိုပါပဲ ကိုယ်ရှေ့ဆက်လျှောက်မယ့် လမ်းတွေကို အဖျက်သဘောနဲ့ တားမြစ်မယ့် သူတွေလည်း ရှိနေပါတယ်။ ဒါတွေကိုသာ ဂရုစိုက်နေမယ်ဆို ရှေ့ကိုရောက်မှာ မဟုတ်တော့ပါဘူး။ ဒီလိုစကားသံတွေကို လျစ်လျူရှုပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ပါ။ အရေးကြီးဆုံးက အဆိုးမြင်များတဲ့ ပတ်ဝန်းကျင်မှာ ကြာကြာ မကျင်လည်မိဖို့ပါပဲ။ အဆိုးမြင်စိတ်ဆိုတာ ကူးစပ်ရောဂါတစ်မျိုးလိုပါပဲ။

၃။ အာဃာတတွေ အမုန်းတရားတွေဆိုတာ အဆိပ်အတောက်တွေလိုပဲ အန္တရာယ်ကြီးလွန်းလှပါတယ်။ အပြင်က အဆိပ်အတောက်တွေက ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေတယ်။ အမုန်းတရားတွေကတော့ လူ့စိတ်ကို ဒုက္ခဖြစ်စေပါတယ်။ တစ်စုံတစ်ယောက်အပေါ် အမျက်ဒေါသထွက်နေတာက ဘာနဲ့တူလဲဆိုတော့ ကိုယ်အဆိပ်သောက်ပြီး သူများ ဒုက္ခရောက်မှာကို ထိုင်စောင့်နေတာနဲ့ တူပါတယ်။ ဒါကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့လာခဲ့ရင် သည်းခံခွင့်လွှတ်ပေးပြီး အမုန်းတရားတွေ အငြိုးတေးတွေကို ချေဖျက်လိုက်ပါ။ အတတ်နိုင်ဆုံး မေတ္တာထား ဆက်ဆံလိုက်တာက သာယာတဲ့ relationship တစ်ခု ပြန်တည်ဆောက်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။

၎။ တစ်ခါတစ်လေ ကိုယ်ချစ်မြတ်နိုးရတဲ့သူက ကိုယ့်ကို နာကျင်စေခဲ့တယ်ဆိုရင် မေ့ပျောက်ဖို့ သိပ်ကို ခက်ခဲလှပါတယ်။ ဒါပေမယ့် နာကျင်စရာတွေအားလုံးကို အတတ်နိုင်ဆုံး မေ့ဖျောက်ပြီး ကိုယ့်စိတ်ကို တည်ငြိမ်အောင် ပြန်တည်ဆောက်လိုက်ပါ။ တစ်ဖက်လူက ခွင့်လွှတ်ခြင်းနဲ့ မထိုက်တန်ဦးတော့ အနည်းဆုံးတော့ ခွင့်လွှတ်ခြင်းက သင့်စိတ်ကို အေးချမ်းစေမှာပါ။

၅။ ချစ်သူနှစ်ဦးဆိုရင်လည်း တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်နေကြတဲ့ အချိန်မှာ ချစ်သူနဲ့အတူရှိနေတဲ့ အချိန်ဆို ကမ္ဘာကြီးက နဂိုကထက် ပိုသာယာနေတတ်ပါတယ်။ ချစ်သူက ကြင်နာစွာပွေ့ဖက်ထားပြီဆိုရင်တော့ ဒီထက်လုံခြုံနွေး တဲ့ နေရာရှိပါအုံးမလားလို့ တွေးမိပါလိမ့်မယ်။ သို့ပေမယ့် အရာအားလုံး အစိုးမရတတ်တာမို့  ဒီအရာတွေအားလုံး တသမတ်ထဲ တွက်ထားလို့ မရပါဘူး။ ဒါကြောင့် ထင်မှတ်မထားတဲ့ အခြေအနေတွေ ကြုံလာခဲ့ရင်လည်း ကိုယ့်အပေါ် ကောင်းခဲ့တာတွေကို သတိရပြီး သည်းခံနားလည်ပေးဖို့ လိုအပ်ပါတယ်။ ဘဝတစ်လျှောက်လုံး လက်တွေမြဲမြံစွာ ကိုင်ဆုပ်ထားဖို့ လိုအပ်ပါတယ်။

၆။ လောကမှာ ဘယ်သူမှ ပြီးပြည့်စုံနေတယ် ဆိုတာမရှိပါဘူး။ ဒါကြောင့် ပြီးပြည့်စုံတဲ့ လူတစ်ယောက်ကို ရှာဖွေနေမယ်ဆိုရင်တော့ အချိန်တွေ အလဟသတ် ကုန်ဆုံး သွားပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် အားနည်းချက်တွေ မတူတာပဲ ရှိပါလိမ့်မယ်။ ကိုယ်တိုင်လည်း တစ်ဖက်လူအတွက် သိပ်ပြည့်စုံ လွန်းတယ်ထင်ရင် မှာသွားပါလိမ့်မယ်။ သာယာတဲ့ relationship တစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ တစ်ယောက်လိုအပ်ချက်တစ်ယောက် ဖြည့်ဆည်းပေးရင်း နားလည်မှုရှိရှိ လက်တွဲသွားဖို့ အရေးကြီးပါတယ်။

၇။ တစ်စုံတစ်ယောက်ကို သံသယရှိနေတယ်ဆိုရင် ရှိနေတဲ့ သံသယတွေကို အတတ်နိုင်ဆုံး ချေဖျက်လိုက်ပါ။ အဆိုးမြင်နေတာတွေကိုလည်း တတ်နိုင်သမျှ ဖယ်ခွာလိုက်ပါ။ ချစ်သူတွေဆိုလည်း အတော်များများ ကြည့်လိုက်ရင် “ နင်ငါ့ကိုတစ်ကယ်ချစ်ရဲ့လား “ ဒီလိုမေးခွန်းလေးတွေ ခဏခဏမေးတတ်ကြတယ်။ ဒါပေမယ့် ပြဿနာတစ်ခုကို ပြေလည်စေမယ့် “နင် ဒီကိစ္စ စိတ်ထဲမှာ တကယ်ကျေနပ်ရဲ့လား ” ဆိုတဲ့ အမေးမျိုးတော့ မေးခဲ ကြပါတယ်။ အမှန်တော့ ပထမမေးခွန်းလို သံသယတွေ များနေမယ့်အစား ပဋိပက္ခတွေကို ပြေလည်စေမယ့် ဒုတိယမေးခွန်းမျိုးလေးတွေနဲ့ နှစ်သိမ့်တတ်မယ်ဆိုရင် သာယာပျော်ရွှင်စရာ Relationship လေးတွေ ပိုင်ဆိုင်နိုင်မှာ မလွဲပါပဲ။

၈။ အဖော်အပေါင်းတွေနဲ့ ရှိနေတဲ့ အချိန်လေးတွေက ကြည်နူးပျော်ရွှင်စရာ ကောင်းတာ မှန်ပါတယ်။ သို့ပေမယ့် တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် အနားယူဖို့လည်း သီသန့်အချိန်လေးတွေ ထားရှိဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ တာဝန်ယူမှုတွေရဲ့ အဝေးကနေ ခေတ္တအနားယူဖို့ ကိုယ်ပိုင် အချိန်ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ ကိုယ့်စိတ်လေး လွတ်လွတ်လပ်လပ်ရှိနေချိန်မှာ ကိုယ့်ရင်ထဲက စကားသံတွေ ဆန္ဒတွေကို နားထောင်ပါ။ ကိုယ်ဝါသနာပါတဲ့ အရာလေးတွေ လုပ်ဆောင်ပါ။ ကိုယ်မရောက်ဖူးတဲ့ နေရာလေးတွေ သွားရောက်လည်ပတ်ခြင်းနဲ့ ညစ်နွမ်းနေတဲ့ စိတ်လေးတွေကို ကုစားလိုက်ပါ။ ဘယ် Relationship မှ စင်းလုံးချော အဆင်ပြေနေတယ်ဆိုတာ မရှိပါဘူး။ အရေးကြီးတာက အဆိုးတွေဖြစ်နေတာကိုပဲ ထိုင်စိတ်ညစ်မနေဘဲ ဘယ်လို အကောင်းဆုံး ရပ်တည်မလဲဆိုတာကို တွေးပြီး အကောင်းမြင်စိတ်လေးတွေနဲ့ ရှေ့ဆက် လျှောက်လှမ်းလိုက်ဖို့ပါပဲ။ ဘဝဆိုတာ ကိုယ်တွေးတဲ့၊ ယူဆထားတဲ့ပုံစံအတိုင်း ပုံပေါ်လာရတာပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။