သားသမီး ဆုံးမခြင်း အတတ်ပညာ

blank

လွန်ခဲ့တဲ့တစ်နှစ်လောက်ကပေါ့ ကျွန်မဟာ အိမ်ထောင်မှုထိန်းသိမ်းတတ်တဲ့ ပျော်ရွှင်တက်ကြွတဲ့ အိမ်ရှင်မကောင်းတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုခံစားခဲ့ရတယ်။ အိမ်အလုပ်တွေတစ်ဖက်နဲ့ ကလေးနှစ်ယောက်ကို ပြုစုရတာကိုက ကျွန်မကမ္ဘာပါပဲ။ သမီးကြီးက (၇)နှစ် နဲ့ သမီးငယ်ကတော့ (၄) နှစ်ပါ။ အခုနှစ်ပိုင်းရောက်လာတဲ့ အခါ သားသမီးတွေကလည်းကြီး၊ တာဝန်ဝတ္တရားတွေကလည်း များလာတဲ့ အခါ ကျွန်မစိတ်တွေ သိပ်မရှည်တော့ပါဘူး။ ဒီကြားထဲ သမီးကြီးလေးကလည်း (၈)နှစ်ထဲရောက်ကတည်းက အချိုးလေးတွေ ပြောင်းလာပါတယ်။ လူကြီးတွေကိုလည်း မလေးမစားနဲ့ ပမာမခန့် ပြုတတ်လာတယ်။ ကျွန်မစကားတွေလည်း သိပ်မနာခံချင်တော့ဘူး။ ကျွန်မကိုတောင် ပြန်အော်တတ်နေပြီ။ သူ့အရုပ်တွေကိုလည်း ဆော့ပြီးရင် ဒီတိုင်းပစ်ထားခဲ့တယ်။ တစ်အိမ်လုံးရှုပ်ပွနေအောင် လုပ်ပြီး ညီမလေးဖြစ်သူကို လွှဲချတတ်သေးတယ်လေ။

ဒီပုံစံတိုင်းဆိုရင်တော့ တစ်ခုခုလုပ်မှဖြစ်တော့မယ်ဆိုတာ ကျွန်မသိလိုက်တယ်။ ဒီလိုရိုင်းပြတဲ့ အပြုအမူအပြောအဆိုတွေကို ကျွန်မဆက်ပြီး သည်းမခံနိုင်တော့ဘူးလေ။

အဲဒါနဲ့ ကျွန်မသူ့ကို တင်းကြပ်တဲ့ စည်းကမ်းတွေထုတ်၊ ဆူပူကြိမ်းမောင်း၊ တစ်ခါတစ်လေ မျက်နှာတည်မျက်နှာထားနဲ့ လန့်အောင် အော်ပစ်လိုက်တယ်။ မှတ်လောက်သားလောက်အောင်လည်း ကြီးလေးတဲ့ အပြစ်တွေပေးပစ်သေးတယ်လေ။ ဒါပေမယ့် အဲဒီနည်းတွေ အလုပ်မဖြစ်ဘူးဆိုတာ ကျွန်မ သိလိုက်တယ်။

“သမီးကို မုန်းလို့ အခုလို လုပ်တာမလား” ဆိုပြီး သမီးကြီး ပြောလာတော့ ကျွန်မ ဝမ်းနည်းပက်လက် ခံစားလိုက်ရတယ်။ သမီးလေးရဲ့ ဝမ်းနည်းအားငယ်နေတဲ့ မျက်နှာလေးကိုကြည့်ပြီး ကျွန်မလုပ်ရပ်တွေအတွက် နှလုံးကြွေလုမတတ် ယူကြုံးမရ ဖြစ်ရပါတယ်။ ဒါပေမယ့်လည်း မိခင်တစ်ယောက် အနေနဲ့ သူ့ကို လမ်းမှန်ပြီး ကောင်းစားစေချင်တာကိုး။

ဒါနဲ့ အခြားမိဘတွေ သူတို့သားသမီးတွေ လိမ္မာရေးခြားရှိအောင် ဘယ်လိုတွေ သွင်သင်ဆုံးမနေလဲဆိုတာ စာအုပ်တွေဖတ်၊ အင်တာနက်ကနေတစ်ဆင့်လည်း လေ့လာကြည့်မိတယ်။ စာတွေဖတ်ပြီးသွားတဲ့နောက် ကျွန်မသမီးလေးကိုဘယ်လို ကိုင်တွယ်ဆုံးမရမလဲဆိုတာ ကောင်းကောင်း နားလည်သွားခဲ့ပါတယ်။ ကျွန်မရဲ့ ကြမ်းတမ်းတဲ့ ဆုံးမမှုတွေက သူ့အမူအရာတွေကို ပိုပြီး ကြမ်းတမ်းသွားစေမှာ ဆိုတာကို သဘောပေါက်သွားခဲ့တယ်။

ပထမဆုံး သူမရဲ့ စိတ်နေသဘောထားလေးတွေကို နားလည်အောင်လုပ်ပြီး အနုနည်းနဲ့ ကိုယ်လိုချင်တဲ့ ပုံစံလေးတွေ ရအောင်ဆွဲယူတယ်။ နောက်တော့ သူမလိုအပ်တာလေးတွေ ဖြည့်ဆည်းပေးရင်း ရင်းနီးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပြီး ကိုယ်ပြောချင်တာလေးတွေ နားဝင်အောင် ဆုံးမတယ်။ တစ်ခုခုဆို သူ့ကိုလည်း ကိုယ်ပိုင်ရွေးချယ်ခွင့် ပေးတယ်။ အခုဆို သမီးလေး ဟာ အတော်ကို ပြောင်းလဲနေပါပြီ။ မိသားစုနဲ့လည်း လိုက်လျောညီထွေ နေတတ်နေပါပြီ။

အခုဆို သမီးလေးဟာ ကျွန်မစေတနာ မေတ္တာတွေကို ကောင်းကောင်းနားလည် နေပါပြီ။ ကျွန်မလည်း နောက်ဆို ကလေးတွေကို တစ်ခုခုအမှားလုပ်ရင် ပြစ်တင်ကြိမ်းမောင်းတာမျိုးချည်း မလုပ်တော့ဘဲ နောက်ထပ်အမှားမလုပ်ဖို့ နားဝင်သာတဲ့ စကားလုံးလေးတွေနဲ့ပဲ ဆုံးမတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒေါသရှေ့ထားဖြေရှင်းခြင်းက ဘယ်သူ့ကိုမှ အကျိုးမဖြစ်ထွန်းစေဘူး ဆိုတာ ကျွန်မကောင်းကောင်း သိလိုက်ပြီလေ။

ကလေးတွေဆိုတာ ကိုယ်ဖြစ်ချင်တောတွေချည်း ပုံစံခွက်ထဲ ရိုက်သွင်းတာမျိုးထက် သူတို့ဆန္ဒလေးတွေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းပြောဆိုမှ လက်ခံတတ်တဲ့ သဘောတရားလေးကိုလည်း ကောင်းကောင်း နားလည်သွားခဲ့ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။