လက်မထပ်ခင် ကြိုတင်ညှိနှိုင်း ဆွေးနွေးသင့်သော အကြောင်းအရာလေးများ

blank

ဘဝမှာ ကိုယ်နဲ့ တစ်သက်လုံးလက်တွဲရမယ့်သူက ကိုယ်နဲ့ ဘယ်လောက်ထိ အဆင်ပြေနိုင်မလဲဆိုတာ ခန့်မှန်းရခက်လှပါတယ်။ အကယ်၍ကိုယ်နဲ့ အပြင်ပန်းကြည့်ရင်တော့ အဆင်ပြေသယောင်ယောင်နဲ့ တစ်ကယ့်လက်တွဲတဲ့အချိန်မှာ အဆင်မပြေတာမျိုးတွေ အများကြီး ရှိတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်မထပ်ခင်မှာ ခေါင်းချင်းဆိုင် ဆွေးနွေးသင့်တဲ့ အကြောင်းအရာလေးတွေကို ဂန္တဝင် မဂ္ဂဇင်း အနေနဲ့ အောက်ဖက်မှာ ရေးသားတင်ဆက်လိုက်ပါတယ်။

၁။ သားသမီးတွေ ရလာရင် ဘယ်လောက်ထိ တာဝန်ယူနိုင်ကြမလဲ။

ဒီကိစ္စ သိပ်ကိုအရေးကြီးပါတယ်။ အိမ်ထောင်ပြုပြီးသွားရင် အလုပ်ကတစ်ဖက် အိမ်ထောင်တာဝန်တွေကတစ်ဖက်နဲ့ မအားလပ်ကြတဲ့ကြားထဲ သားသမီးတွေ ရလာတဲ့အခါ လင်နဲ့မယား တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမ မပေးနိုင်ဘူးဆို တဖြည်းဖြည်းနဲ့ ပဋိပက္ခတွေ ရှိလာနိုင်ပါတယ်။ ဘာကိုမှ လေးလေးနက်နက် မစဉ်းစားဘဲ လက်ထပ်ပြီးရင်တော့ အားလုံး အဆင်ပြေသွားမှာပါဆိုတဲ့ အတွေးနဲ့ လက်ထပ်လိုက်ကြတာတော့ သိပ်ကိုအန္တရာယ်ကြီးလွန်းပါတယ်။

၂။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး တစ်ယောက်အခြေအနေတစ်ယောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပြီလား။

နှစ်ယောက်တစ်ဘဝ ပေါင်းစည်းလိုက်ကြတော့မှာမို့ ဘာပြဿနာပဲရှိရှိ အတူ မျှဝေဖြေရှင်းရတော့မှာပါ။ ဒါကြောင့် ငွေရေးကြေးရေး ကိစ္စတွေကို လက်မထပ်ခင် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြဖို့ လိုအပ်ပါတယ်။ ကိုယ်က အားနာပြီး ထိန်ချန်ထားမယ်ဆိုရင်တော့ နောင်တစ်ချိန်ကျမှ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်ခြင်းအားဖြင့် ကိုယ့်လက်တွဲဖော်ဟာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ စီမံနိုင်လဲဆိုတာလည်း အကဲခတ်လို့ ရသွားပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ငွေကြေးကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုညှိနှိုင်း သုံးစွဲကြမလဲ။

တစ်ချို့သူတွေက ငွေစုဆောင်းရတာ ဝါသနာပါတယ်။ အချို့ကတော့ ငွေကိုရှာပြီးရင် သုံးပစ်ချင်ကြပါတယ်။ ဒီလိုသာသူနဲ့ကိုယ်ဆန့်ကျင်ဘက် character တွေ ရှိနေမယ်ဆို ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်က ငွေပိုငွေလျှံလေးရှိလာရင် အကျိုးရှိတာတစ်ခုခု လုပ်ချင်။ သူကတော့ အပျော်ခရီးသွားရတာမျိုး၊ ဇိမ်ခံပစ္စည်းတွေ အတွက်သုံးစွဲချင်တာမျိုးတွေ ထိပ်တိုက်ဖြစ်လာတဲ့အခါ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် လက်မထပ်ခင်မှာ ကြိုတင်စဉ်းစားသင့်တဲ့ အချက်လေးတွေကို ညှိနှိုင်းထားဖို့ လိုအပ်ပါတယ်။

၎။ ဘာသာရေးယုံကြည်မှု မတူညီခဲ့ရင် ဘယ်လိုညှိနှိုင်း ရပ်တည်ကြမလဲ။

ကိုယ့်အိမ်ထောင်ဘက်က ကိုယ်နဲ့ ဘာသာမတူဘူး၊ သို့ပေမယ့် လက်ထပ်ဖို့ ဆုံးဖြတ်ပြီးနေပြီဆိုရင်တော့ ဘာသာရေးယုံကြည်မှုနဲ့ ပတ်သက်ပြီး နားလည်မှု ယူထားသင့်ပါတယ်။ တစ်ယောက်ကိုးကွယ်ယုံကြည်မှု တစ်ယောက် မပုတ်ခတ်ဘဲ လေးစားပေးနိုင်မယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။

၅။ ဘဝကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်သန်းချင်တာလဲ။

တစ်ချို့ လူတွေက အားလပ်ချိန်တွေမှာ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ်နေရတာ ကြိုက်ပေမယ့် အချို့ကတော့ ချစ်သူကို အနားမှာ အမြဲတစ်ပူးကပ်ကပ်နေရတာမျိုး နှစ်သက်ကြပါတယ်။ ဒါ့အပြင် ထမင်းစားတဲ့အခါလည်း တစ်ယောက်က မျက်နှာချင်းဆိုင်ပြီး မိသားစုထမင်းဝိုင်း အနှစ်သာရလေးတွေ ခံစားချင်တယ်။ အခြား တစ်ယောက်ကတော့ အပြင်ထွက်စားရတာ ဝါသနာပါတယ်။ ဒီလိုကိစ္စရပ်တွေကစလို့ အခြားအခြားသော ကိစ္စတွေမှာလည်း ဒီလို မတူညီတဲ့စရိုက် သဘာဝလေးတွေကို လက်မထပ်ခင်ကတည်းက သေချာညှိနှိုင်းထားဖို့ လိုအပ်ပါတယ်။

၆။ ရေရှည် နေထိုင်သွားချင်တဲ့ ပတ်ဝန်းကျင် အနေအထား။

တစ်ချို့က အေးချမ်းတိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်အနေအထားလေးကို မိသားစုနဲ့ အတူနေထိုင်ဖို့ ဆန္ဒရှိကြတယ်။ တစ်ချို့ကျပြန်တော့လည်း လူတွေရှုပ်ထွေး စည်ကားတဲ့မြို့ထဲမှာ နေထိုင်ချင်ကြတယ်။ ဒါကလည်း အစထဲက နှစ်ယောက်ညှိညှိနှိုင်းနှိုင်းနဲ့ ရွေးချယ်ဖို့ တိုင်ပင်ထားသင့်တဲ့ ကိစ္စပါ။ ဒီလိုနေထိုင်တဲ့နေရာက ကိုယ့်စိတ်ကို ကျေနပ်ပျော်ရွှင်အောင် စွမ်းဆောင်နိုင်သလို၊ စိတ်ဖိစီးမှု များစေတာမျိုးလည်း ဖြစ်နိုင်တာကြောင့် တစ်သက်လုံး စိတ်ချမ်းမြေ့စေဖို့ လက်မထပ်ခင်ကတည်းက ကြိုတင်ဆွေးနွေးသင့် ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။