သမီးငယ်လေးတွေကို ဆုံးမရာမှာ ရှောင်ကြဉ်သင့်သည်များ

blank

သားသမီးတွေရဲ့ ဘဝကို အခြေခိုင်စေဖို့နဲ့ ဘဝခရီးလမ်းကို သာယာဖြောင့်ဖြူးအောင် လိုအပ်တဲ့ အတောင်အလတ်တွေ တပ်ပေးဖို့က မိဘတွေရဲ့ ဝတ္တရားပါ။ ဒီလို ပြုစုပျိုးထောင်ပေးဖို့ဆိုတာ လွယ်တဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ အပြောမတတ်တော့ဆဲသလို ဆိုသလို ဖြစ်မှာလဲ စိုးတာကြောင့် ငယ်ရွယ်တဲ့ သားသမီးငယ်တွေကို ထိန်းရတာသိပ်ကို ဂရုစိုက်ရပါတယ်။ ကိုယ်ဆုံးမလိုက်တဲ့ နည်းလမ်းမှန်ကန်မှု အပေါ်မူတည်ပြီး သူတို့ဘဝတွေ လှပသာယာခြင်း၊ ပင်ပန်းဆင်းရဲခြင်းတွေ ဖြစ်လာရတာပါ။

အောက်ဖက်မှာတော့ သမီးငယ်လေးတွေရှိသူတိုင်း သတိထား ရှောင်ကျဉ်သင့်တဲ့ ဆုံမနည်းလေးတွေပဲ ဖြစ်ပါတယ်။

၁။ “သမီး အရွယ်နဲ့ ဒါတွေမလုပ်နိုင်ပါဘူး။”

ဒီလိုပြောမယ့်အစား “လိုချင်တဲ့စိတ်နဲ့ လုပ်နိုင်တဲ့ အရည်အချင်းသာရှိပါစေ သမီးလိုချင်တဲ့ ပန်းတိုင် ရောက်ကိုရောက်မှာပါ” ဆိုတဲ့ အားပေးစကားက သိပ်ကို ထိရောက်မှာပါ။ သူမဆန္ဒတွေကို ပိတ်ပင်တားမြစ်ပြီး မရင့်ကျတ်သေးတဲ့ အလျှင်စလို အပြုအမူတွေကို ထိန်းချုပ်နေမယ့်အစား တတ်နိုင်သလောက် ကူညီဖေးမပေးပါ။ ကိုယ်ကစိတ်မချလို့ နေရာတကာ လိုက်လုပ်ပေးနေမယ်ဆို သူ့အရည်အချင်းတွေ လုပ်နိုင်စွမ်းတွေကို သတ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။

၂။ “ဒါတွေက သမီးနဲ့ အရမ်း အလှမ်းကွာလွန်းတယ်။ မဖြစ်နိုင်ပါဘူး။”

သမီးငယ်လေး မျှော်မှန်းထားတဲ့အရာက ကိုယ်နဲ့ လက်လှမ်းမမှီဦးတော့ ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတဲ့ အားလျော့စေမယ့် စကားမျိုး မပြောပါနဲ့။ ကိုယ်တတ်နိုင်သလောက် အကြံညဏ်ပေး၊ သူမကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ကြိုးစားဖို့ အခွင့်အရေးပေးလိုက်ပါ။ သူမဆန္ဒတွေကို ချုပ်ချယ်ကန့်သတ်လိုက်တာဟာ နင်ဒီလောက်နဲ့ပဲ ကျေနပ်၊ တစ်ဘဝလုံး ဒီလိုပဲ နေထိုင်သွားဆိုပြီး သူမဘဝလေးကို သတ်လိုက်တာနဲ့ အတူတူပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ “ဒါက ယောက်ျားလေးအလုပ် သမီးနဲ့မဆိုင်ဘူး။”

ဒီလို “ယောက်ျားဆိုဒါလုပ်၊ မိန်းမဆိုဒါလုပ်” စသဖြင့် ခွဲခြားသတ်မှတ်မှုတွေကြောင့် မိန်းကလေးတွေဟာ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ အခက်တွေ့ရတာပါ။ တကယ်တော့ ကိုယ့်ဘဝလမ်း ဖြောင့်ဖြူးဖို့အရေး ဘယ်သူ့ကိုမှအားမကိုးဘဲ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် အိမ်မှာပဲ ဖေဖေနဲ့မေမေ ရဲ့ တာဝန်ဝတ္တရားတွေကတစ်ဆင့် ဘက်ပေါင်းစုံမှာ လုပ်တတ်ကိုင်တတ်အောင် သင်ကြားပေးသင့်ပါတယ်။(ဥပမာ-ကားမောင်းတာ၊ အရေးပါတဲ့ ဆုံးဖြတ်ချက်ချတာ၊ အိမ်မှုကိစ္စဆောင်ရွက်တာ၊ ညှိနှိုင်းဆောင်ရွက်တာ)

၎။ “နေနေ သမီးမလုပ်နဲ့။ မေမေပဲ လုပ်လိုက်မယ်။”

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သူတို့အတွက် ဝန်ထုပ်ဝန်ပိုး လျော့သွားမယ်လို့ ထင်ရပေမယ့် ရေရှည်အတွက် ဆိုးကျိုးတွေ အများကြီးရှိနိုင်ပါတယ်။ ကိုယ်ကဘယ်လောက်ထိ သူ့ဘဝကိုလိုက်ပြီး အစစလိုက်လံလုပ်ပေးနေနိုင်မှာမို့လဲ။ ဒီလိုအစစ လိုက်လုပ်ပေးခြင်းအားဖြင့် သူဟာ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ စွမ်းအင်တွေ လျော့သွားပါလိမ့်မယ်။ အစစအရာရာ အဆင်သင့်ရနေတာများရင် ကိုယ့်ကိုယ်ကို အသိပညာ အတတ်ပညာတွေ ထပ်ပြီးလေ့လာဆည်းပူးလိုစိတ်တွေ လျော့နည်းသွားပါလိမ့်မယ်။ သူမအတွက် တစ်ခုတည်းသောအားပေးစကားကတော့ “သမီး ဘာမှမကြောက်နဲ့။ မေမေတို့ဘေးနားမှာရှိတယ်။ ကိုယ်စွမ်းရှိသလောက်သာကြိုးစား” ဆိုတာပါပဲ။

၅။ “သူ့လိုမျိုး မလုပ်နိုင်ဘူးလား။”

ကိုယ်တိုင်တောင် အခြားသူတွေနဲ့ နှိုင်းယှဉ်တာကို မနှစ်သက်နိုင်တာ သူမကိုလည်း အခြားသူတစ်ယောက်နဲ့ အမြဲနှိုင်းယှဉ်ပြောနေမယ်ဆို စိတ်အနှောင့်အယှက် ဖြစ်သွားစေနိုင်ပါတယ်။ သူမအစွမ်းအစ ရှိသလောက် သူစိတ်အားထက်သန်ရာကို ကူညီပံ့ပိုးပေးပါ။ အကယ်၍ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံသွင်းမယ်ဆိုရင်လည်း ကိုယ်တိုင်က စံပြဖြစ်အောင် နေပြခြင်းက အကောင်းဆုံးပုံသွင်းခြင်းတစ်မျိုးပါပဲ။

၆။ ” သမီးက တော်ရုံကောင်းလေးတွေနဲ့ မထိုက်တန်ပါဘူး။”

ကိုယ်ချစ်ရတဲ့ သူတစ်ယောက်နဲ့ လမ်းခွဲပြတ်စဲလိုက်တာဟာ အသည်းငယ်လွန်းတဲ့ မိန်းကလေးတွေအတွက် တကယ့်ကို ကြေကွဲစရာ အဖြစ်အပျက်တစ်ခုပါ။ ဒီဒါဏ်ရာတွေကို တော်တော်နဲ့လည်း မေ့ဖျောက်ဖို့မလွယ်ပါဘူး။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ သူတို့ကို အပြစ်တင် ဆူငေါက်နေမယ့်အစား ခံစားချက်လေးတွေ နားလည်ပေးပြီး လမ်းမှားမရောက်ဖို့ ဖေးမပေးသင့်ပါတယ်။ နောက်ထပ် အခြေအနေတစ်ခုက ကိုယ့်သမီးနဲ့ သူမလက်တွဲဖော် လုံးဝအဆင်မပြေဘူးလို့ယူဆရင်လည်း အပြင်းအထန်တားမြစ်ခြင်းထက် “သမီးလေးက ဒီထက်မက ထိုက်တန်ပါတယ်” ဆိုတဲ့ စကားလေးနဲ့ ကိုယ်လိုချင်တဲ့ ရလာဒ်ရဖို့ ပြောဆိုဆုံးမပါ။ ဒီလိုဆုံးမဖို့ သူမနဲ့ သူ့ချစ်သူ ဘာကြောင့်မထိုက်တန်လဲဆိုတဲ့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိဖို့လိုအပ်ပါတယ်။

 

မိန်ကလေးတွေကို ထိန်းသိမ်းရတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ခံစားမှုကို သိပ်ဦးစားပေးတတ်တဲ့ မိန်းကလေးတွေက ကိုယ်ပြောသမျှတွေကို စိတ်ထဲ အသေစွဲမြဲမှတ်သားထားတာကြောင့် သူတို့ကိုဆုံးမတဲ့အခါ အမြဲသတိထားရပါမယ်။ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ တတ်နိုင်သမျှထိန်းချုပ်ပြီး နားဝင်အောင် ဆုံးမခြင်းက အထိရောက်ဆုံး ဖြစ်ပါတယ်။

စကားလုံးတွေမှာ စွမ်းအားတွေရှိတာကြောင့် ကိုယ်သာမှန်မှန်ကန်ကန်ဆုံးမနိုင်မယ်ဆို အဆင့်အတန်းရှိတဲ့ မိန်းကလေး၊ အတွေးအခေါ်ထက်မြက်တဲ့ မိန်းကလေးတွေကို မွေးထုတ်ပေးနိုင်မှာမလွဲပါပဲ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။