“သာယာတဲ့ ဆက်ဆံရေးတစ်ခုဖန်တီးဖို့ ဘာကြောင့် အချစ်တစ်ခုတည်းနဲ့ မလုံလောက်တာလဲ။”

blank

တစ်ခါတလေမှာ မိဘတွေအနေနဲ့ ကိုယ်ငယ်ငယ်ကမှားခဲ့တဲ့ အမှားတွေကို မလုပ်စေချင်တဲ့စိတ်၊ ကိုယ်မဖြစ်ခဲ့တာတွေကို သားသမီးကို ဖြစ်စေချင်တယ်ဆိုတဲ့စိတ်နဲ့ မျှော်လင့်ချက်တွေ အများကြီးထားမိတတ်ကြတယ်။ သူတို့ရဲ့ အကြောက်တရားတွေ၊ မျှော်လင့်ချက်တွေကို အခြေခံပြီး သားသမီးတွေကို လွှမ်းမိုး ဆက်ဆံကြတယ်။ သားသမီးနဲ့ မိဘဖြစ်ဖြစ်၊ အိမ်ထောင်ဖက်ချင်းပဲဖြစ်ဖြစ် ကိုယ့်ရင်ထဲက စိတ်မလုံခြုံမှုတွေနဲ့ ဆက်ဆံတဲ့အခါမှာ ရေရှည်မှာ အဆင်မပြေမှုလေးတွေ ရှိလာကြတယ်။

ကျွန်မတို့ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ရဲ့ သဘောတရားတစ်ခုက “ချစ်ရင် အနစ်နာခံနိုင်ရမယ်”ဆိုပြီး သတ်မှတ်တတ်ကြတာမျိုးပါ။ လက်တွဲဖော်တွေကလည်း သူတို့ပါတနာအပေါ် ပေးဆပ်အနစ်နာခံကြရတယ်။ မိဘတွေကလည်း သားသမီးတွေကို လိုအပ်တာထက်ပိုပြီး အနစ်နာခံကြရတယ်။ ဒါပေမဲ့ မလိုအပ်တဲ့ နေရာတွေမှာ အနစ်နာခံပေးတာမျိုးက ကြာလာတဲ့အခါမှာ ပေးဆပ်သူ အတွက်လည်း မပျော်ရွှင်စေသလို ဘေးက သူတွေကိုလည်း မပျော်စေပါဘူး။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မတို့ ဘာလုပ်ဖို့လိုပြီလဲဆိုရင် ကိုယ့်အနေနဲ့ လူတွေကို မှန်ကန်တဲ့ချစ်ခြင်းနဲ့ ချစ်နေမိတာလား၊ ဒါမှမဟုတ် အချစ်နဲ့ အနစ်နာခံခြင်းတွေကို ရောထွေးနေမိလား၊ ဒါမှမဟုတ် ကိုယ့်ငယ်ဘဝတုန်းက မပြီးပြည့်စုံမှုတွေကို ဖြည့်ဆည်းနေစေတာလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ ကြောက်စိတ်တွေကို အရင်ဆုံး ကုစားဖို့ မကြိုးစားဘဲ အခြားသူတွေအပေါ် လွှမ်းမိုးဖို့ ကြိုးစားနေမိပြီလားဆိုတာ ဆန်းစစ်သုံးသပ်ဖို့ အချိန်တန်ပါပြီ။

ဒီလိုမှလည်း ကျွန်မတို့ကိုယ်တိုင်လည်း ပျော်ရွှင်လာမှာဖြစ်သလို ကိုယ့်ဘေးက အိမ်ထောင်ဖက်၊ သားသမီးတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေအပေါ်မှာ မှန်ကန်တဲ့ချစ်ခြင်းတရား အပေါ်မှာ အခြေခံတဲ့ အချစ်မျိုးနဲ့ ဆက်ဆံနိုင်ဖို့ ဒီစာလေးဖတ်ပြီး သင့်ကိုယ်သင်သုံးသပ်နိုင်ပါစေနော်။