စစ်မှန်တဲ့ ချစ်ခြင်းဆိုတာ ဘာလဲ။

blank

စစ်မှန်တဲ့ချစ်ခြင်းကို တစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပါယ်ဖွဲ့ဆိုတာခြင်း တူချင်မှ တူမယ်။ အနီရောင်မှာ အရောင်အသွေးတွေအများကြီးရှိသလို ချစ်ခြင်းမှာလည်း အရောင်အသွေးတွေ အများကြီးရှိပါတယ်။

တချို့ချစ်ခြင်းတွေက အချေစ်ကြီးပမဲ့ မျှော်မှန်းချက်တွေ အရမ်းများနေတဲ့ ချစ်ခြင်းတွေရှိနေတတ်တယ်။
အမေတစ်ယောက်အနေနဲ့ သားသမီးဘဝကို ပိုပြီးကောင်းစေချင်လို့၊ ပိုပြီးထူးချွန်စေချင်လို့၊ ပိုပြီး ပြောင်မြောက်စေချင်ချင်တဲ့အခါမှာ မျှော်မှန်းချက်တွေထားတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို ပိုပြီးကောင်းစေချင်တယ်၊ ဘဝပိုတိုးတက်ချင်စေတယ်၊ ပိုပျော်စေချင်တဲ့အခါမှာ မျှော်မှန်းချက်တွေထားတယ်။ အပေါ်ယံ ကြည့်တဲ့အခါမှာ မျှော်မှန်းချက်က မဆိုးဘူးပဲ၊ ပိုကောင်းအောင်လုပ်စေချင်တဲ့အရာတစ်ခုပဲလား။

ကျွန်မတို့တွေအနေနဲ့ ပိုပြီး နက်နဲတဲ့အလွှာကနေ ပြန်စဉ်းစားကြည့်ကြရအောင်။ မျှော်မှန်းချက်တစ်ခု ထားတယ်ဆိုတာက ထားတဲ့နေရာမှာ မိဘက သားသမီးကို ပိုပြီး ပညာတော်စေချင်လို့ ဆိုတာက ဘာကြောင့်ဖြစ်နိုင်မလဲ။ ကိုယ်ကိုယ်တိုင်အတွက်ကလည်း ကိုယ်သားသမီးထူးချွန်နေတယ်ဆိုတဲ့ ခံစားချက်ကို ပြည့်ဝစေဖို့၊ ဒါမှမဟုတ်ရင် ကျွန်မတို့တွေအနေနဲ့ သားသမီးတွေက လုပ်ငန်းမှာဆိုလည်း ပြောင်မြောက်အောင်လုပ်နေကြတယ်။ လူတော်တစ်ယောက်အဖြစ် ရပ်တည်နေကြတယ်ဆိုရင် လူတော်တစ်ယောက်ရဲ့ အမေ၊ ပြုစုပျိုးထောင်ပေးတာ မှန်သွားတယ်ဆိုတဲ့ ကိုယ့်စိတ်ခံစားချက်ကို ရချင်လို့ပါ။ ကိုယ့်စိတ်ကို ပြည့်ဝမှု ခံစားစေလို့ပါပဲ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မျှော်လင့်ချက်ရှိတာ ကောင်းတယ်။ မျှော်လင့်ချက်က ခက်ခဲမှောင်မိုက်နေချိန်မှာ မျှော်လင့်ချက် အလင်းတန်းတစ်ခုပေးသလိုပေါ့။ မျှော်မှန်းချက် အရမ်းများတာက ကျွန်မတို့ဆီမှာရှိတဲ့ ကြောက်စိတ်တွေ၊ မလုံခြုံတဲ့စိတ်တွေကနေ ဒီတစ်ယောက်က ဒီလိုလုပ်လိုက်ရင် ငါ ပိုပြီးတော့မှ စိတ်လုံခြုံမှုခံစားရမယ်။ ငါပိုပြီးတော့မှ စိတ်နေလို့ကောင်းမယ်။ အကယ်၍ သူတို့မျှော်မှန်းထားတဲ့အတိုင်းမဖြစ်လာဘူးဆိုရင် ကျွန်မတို့အရမ်း နာတယ်။ “ငါတို့ကနင့်ကို ကောင်းစေချင်လို့ ဖြစ်စေခဲ့တာ။” ဒါက အပေါ်လွှာကကြည့်ရင် ကောင်းသလိုမြင်ရပေမဲ့ အတွင်းအလွှာကကြည့်ရင် ဒီစိတ်တွေက ကိုယ့်ရဲ့အတွင်းထဲက ကြောက်စိတ်တွေကတစ်ဆင့် ကိုယ်ဘေးကချစ်တဲ့သူတွေကို “နင်တို့ဒီလိုဖြစ်နေမှ ငါနေလို့ပျော်မယ်”ဆိုတဲ့ စိတ်တွေဖြစ်သွားစေတတ်ပါတယ်။

အဲ့ဒါကြောင့်လည်း လူတစ်ယောက်ကို မျှော်မှန်းချက်မရှိဘဲ ချစ်ဖို့ဆိုတာ အရမ်းခက်တယ်။ စစ်မှန်တဲ့ချစ်ခြင်းနဲ့ ချစ်ဖို့ဆိုတာ အရမ်းခက်တယ်။ ဒါနဲ့ ပတ်သက်ပြီး သတိရှိဖို့ဆိုတာလည်း အင်မတန်ခက်ပါတယ်။ ကိုယ့်အကြောက်တရားတွေ၊ ကိုယ့်မပြီးပြည့်စုံမှုတွေကနေ မျှော်မှန်းချက်ထားပြီး လူတစ်ယောက်ကိုချစ်နေသေးသရွေ့ ဒီလူက ကိုယ်မျှော်မှန်းထားတဲ့အတိုင်းဖြစ်မနေတဲ့အခါ ကိုယ့်ဆီမှာ နာကျင်ခံစားတတ်တယ်။ မျှော်မှန်းချက်တွေ များနေသရွေ့ ကိုယ်ဘေးကသူတွေကို အရမ်းချစ်တယ်လို့ ပြောနေတတ်ပေမဲ့ သူလုပ်လိုက်တဲ့လုပ်ရပ်တိုင်းဟာ စိတ်ပျက်စေတဲ့ လုပ်ရပ်တွေဖြစ်စေနိုင်တယ်။

ကိုယ်လူတွေကိုချစ်နေတာက ကိုယ့်အတွင်းထဲက ကြောက်စိတ်တွေကို ဖြေသိမ့်ဖို့အတွက် သူတို့ဒီလိုဖြစ်မှ ငါဒီလိုလူဖြစ်မယ်ဆိုတဲ့ ကိုယ်ရဲ့တန်ဖိုးကို သူတို့နဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှုတွေ ပေးနေလား၊ ဒါမှမဟုတ်ရင် ကိုယ်ကိုယ်တိုင်က ပြည့်ဝတဲ့ စစ်မှန်တဲ့ချစ်ခြင်းနဲ့ ချစ်မိနေလားဆိုတဲ့အရာကို ပြန်လည်သုံးသပ်ကြည့်လိုက်ပါနော်။