ကိုယ်ကျင့်တရားမကောင်းတဲ့ သူ့လိုယောက်ျားမျိုးနဲ့ လမ်းခွဲဖြစ်ခဲ့တဲ့ ကျွန်မကိုယ်ကျွန်မ ကျေးဇူးတင်မိတယ်။

blank

ကျွန်မ သူငယ်ချင်းနဲ့ ကော်ဖီဆိုင် ထိုင်နေတုန်း ရည်းစားဟောင်းဆီက မက်ဆေ့ခ်ျတစ်စောင် ဝင်လာခဲ့တယ်။ သူပို့လိုက်တဲ့ မက်ဆေ့ခ်ျကို သူငယ်ချင်းနဲ့အတူ ဖွင့်ဖတ်ကြည့်လိုက်တယ်။ မက်ဆေ့ခ်ျမှာ ရေးထားတာကတော့“ချစ်ရေ ကို့ကို မှတ်မိသေးရဲ့လား။ ကိုအခု အိမ်ပေါ်ကနေ မောင်းချခံထားရတယ်။ ကို့မှာ ဆက်သွယ်စရာဘယ်သူမှမရှိလို့ ကို့ကို ကူညီပါဦးကွာ” တဲ့။ ကျွန်မ သူငယ်ချင်းက ကျွန်မကို မသွားဖို့ပြောတယ်။ လူကောင်းမဟုတ်တဲ့ ရည်းစားဟောင်းဆီ ပြန်ပါသွားမှာ မလိုလားဘူးလို့ သူငယ်ချင်းက ပြောပါတယ်။ ဒါပေမဲ့ သူတစ်ယောက်တည်း ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ သူတကယ်ပဲ အကူအညီလိုနေတာမှာပါလေ ဆိုတဲ့အတွေးနဲ့ ကျွန်မသူ့ကို သွားခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူငယ်ချင်းကတော့ ကော်ဖီဆိုင်မှာ မြည်တွန်တောက်တီးပြီး ကျန်နေခဲ့တာပေါ့။

သူ့ကို ခေါ်ဖို့ သူချိန်းတဲ့နေရာကို ကျွန်မကားမောင်းပြီး သွားလိုက်တယ်။ “ကျေးဇူးတင်ပါတယ် ချစ်ရယ်၊ ကိုယ့်မှာ ချစ်ကလွဲပြီး ဘယ်သူမှ မရှိပါဘူး။ အခုလည်း အိမ်ပေါ်ကနေ မောင်းချခံထားရလို့ ကို့မှာ သွားစရာနေရာမရှိဘူး။ အဲ့ဒါ ချစ်အခုနေနေတဲ့ တိုက်ခန်းကို လိုက်ခဲ့လို့ရမလား” လို့ သူပြောတယ်။ သူနဲ့ကျွန်မ ပြတ်သွားတာ (၂) နှစ်တိတိရှိပါပြီ။ ကျွန်မ သိက္ခာကို ငဲ့ပြီး သူ့ကို မလိုက်ခဲ့ပါနဲ့လို့ပဲ ငြင်းဆိုလိုက်ရပါတယ်။

ရည်းစားဟောင်းကို သူ့နေအိမ်ရှေ့ထိ ကျွန်မလိုက်ပို့ပြီး ကျွန်မ နေတဲ့တိုက်ခန်းကို ပြန်လာခဲ့လိုက်တယ်။ အတိတ်ရဲ့ နေ့ရက်တွေကို ပြန်လည်တူးဖော်ရင်း သူနဲ့ကျွန်မ ပြတ်သွားရတဲ့အကြောင်းတွေကို ပြန်လည်တွေးတောမိခဲ့တယ်။ သူနဲ့ ကျွန်မ ပြတ်ခဲ့ရတာကလည်း သူ့ကြောင့်ပါပဲ။ ကျွန်မတို့ ရည်းစားသက်တမ်း (၃) နှစ်မှာ ဖေဖေဝယ်ပေးထားတဲ့ တိုက်ခန်းကို ကျွန်မ ခေါ်ပြခဲ့မိတယ်။ တိုက်ခန်းမှာ ကျွန်မတစ်ယောက်တည်းနေတာ သူသိတော့ စိတ်မချလို့ နေ့တိုင်းလာမယ်လို့ ပြောပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်ရက်မှာ ကျွန်မသူငယ်ချင်း သူသူတစ်ယောက် ဖုန်းဆက်လာပါတယ်။ ကျွန်မ ရည်းစားက ကျွန်မတို့ဟာ Living together နေထိုင်နေပါတယ်ဆိုပြီး သူ့သူငယ်ချင်းတွေကြားမှာ သတင်းဖွထားပါသတဲ့။ ပြီးတော့ သူက ကျွန်မကို ခြေတော်တင်ဖို့ပဲ တွဲခဲ့တယ် အတည်လက်ထပ်ယူဖို့ စိတ်ကူးမရှိတဲ့အကြောင်း သူ့သူငယ်ချင်းတွေရဲ့ စကားဝိုင်းမှာ ပြောခဲ့တယ်လို့ သိရပါတယ်။ ကျွန်မ စိတ်တိုပြီး ဒေါသထွက်လွန်းလို့ အသားတွေတောင် တဆတ်ဆတ်တုန်လာခဲ့ပါတယ်။ ကျွန်မက သူ့ကို ယုံကြည်လို့ ကျွန်မတစ်ယောက်တည်းနေတဲ့ တိုက်ခန်းကိုတောင် အချိန်မရွေးဝင်ထွက်ခွင့်ပြုထားခဲ့တာ သူဒီလို ကွယ်ရာမှာ ဟားတိုက်နေဖို့ မဟုတ်ပါဘူး။ ပြီးတော့ သူပြောသလို ကျွန်မတို့ဟာ လင်မယားအရာလည်း မမြောက်ခဲ့ပါဘူး။ ဒါကို ဘာကြောင့် ပါးစပ်အရသာခံပြီးပြောနေသလဲဆိုတာကိုတော့ ကျွန်မလည်းနားမလည်ပါ။ ပြီးတော့ ဒီသတင်း နယ်မှာနေတဲ့ ကျွန်မဖေဖေနားထဲ ရောက်သွားခဲ့ရင် ကျွန်မဘယ်လိုနေရမလဲ။ မိသားစုကို ဘယ်လို မျက်နှာပြရမလဲ။ ကျွန်မရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့ ဒီလို ယောက်ျားမျိုးကို ဆက်ပြီး လက်တွဲဖို့ မဖြစ်နိုင်တော့တာကြောင့် ကျွန်မသူ့ကို လမ်းခွဲဖို့ ပြောလိုက်ပါတယ်။

အခုလည်း သူက ကျွန်မတိုက်ခန်းကို လိုက်ခဲ့ဖို့ ပြောပြန်တယ်။ သူ့လို နှုတ်မစောင့်စည်းတဲ့ ယောက်ျားမျိုး၊ မိန်းမသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးမထားတတ်တဲ့ ယောက်ျားမျိုးကို ချစ်သူအဖြစ် ပြန်ပြီး လက်မခံနိုင်သလို ကျွန်မနေထိုင်တဲ့ တိုက်ခန်းကိုလည်း ပြန်မခေါ်နိုင်ပါဘူး။ တခြားမိန်းကလေးတွေကိုလည်း ဒီလို နှုတ်မစောင့်စည်းတဲ့ ယောက်ျားမျိုး၊ ကိုယ့်ကျင့်တရားမကောင်းတဲ့ ယောက်ျားမျိုးတွေကို ဝေးဝေးကရှောင်ကြဖို့ ဒီနေရာကနေပဲ တိုက်တွန်းပြောကြားပါရစေ။