ချစ်စိတ်တွေကို နှလုံးသားကထိန်းချုပ်တာမဟုတ်ပါဘူး၊ ဦးနှောက်က ထိန်းချုပ်နေတာပါ

blank

လူတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် ဦးနှောက်နဲ့မဆုံးဖြတ်တော့ဘူး၊ နှလုံးသားစေစားရာအတိုင်းလိုက်နာကြတယ်လို့ လူသားတိုင်းလိုလို မှတ်ယူထားကြပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲချစ်ချစ်၊ ချစ်ခြင်းမေတ္တာဆိုင်ရာ ခံစားချက်တွေကို ဦးနှောက်က ထိန်းချုပ်ထားတယ်ဆိုတာကို မကြာသေးခင်ကမှ သုတေသနပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စိတ္တဗေဒပညာရှင်တွေရဲ့ လေ့လာချက်တွေအရ လူတစ်ယောက်ကို ချစ်တဲ့ချစ်ခြင်းရဲ့အတိမ်အနက်ကို ဦးနှောက်က ထိန်းချုပ်ထားပြီး “ချစ်ခြင်းတွေလျော့ချင်လား၊ ပိုတိုးပြီး ချစ်ချင်လား၊ လမ်းခွဲပြီးနောက် ချစ်ခြင်းတွေကို မျက်ကွယ်ပြုချင်လား” စတဲ့ လုပ်ငန်းဆောင်တာတိုင်းကို “love regulation” လို့ခေါ်တဲ့ ဦးနှောက်လုပ်ရိုးလုပ်စဉ်တစ်ခုက ဆောင်ရွက်ပေးနေပါတယ်။

“ဦးနှောက်က နှလုံးသားကို အုပ်ချုပ်တယ်” ဆိုတဲ့အကြောင်းကို ရှာဖွေဖော်ထုတ်ဖို့ ပညာရှင်တွေဟာ ချစ်သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့ ချစ်သူအယောက် ၂ဝနဲ့ လောလောလတ်လတ်အသည်းကွဲထားတဲ့သူ အယောက် ၂ဝကို အသုံးပြုပြီး စမ်းသပ်လေ့လာခဲ့ပါတယ်။

စမ်းသပ်နည်းကတော့ သူတို့ကို လက်ရှိတွဲနေတဲ့ချစ်သူ (သို့) ရည်းစားဟောင်းရဲ့ ပုံကိုပြပြီး ခံစားချက်တွေကို အရှိအတိုင်း ထုတ်ပြောခိုင်းတာပဲဖြစ်ပါတယ်။ ခံစားချက်တွေကို ထုတ်ပြောနေစဉ်မှာ ဦးနှောက်လှိုင်းတွေကို တိုင်းတာတဲ့ကိရိယာကို တပ်ဆင်ထားပါတယ်။ ချစ်သူအကြောင်း ကောင်းတာတွေပဲ ပြောနေပြီး ချစ်ခြင်းမေတ္တာတွေဖြစ်ပေါ်နေချိန်မှာ ဦးနှောက်လှိုင်းတွေဟာ တုန်ခါမှုမြန်ဆန်လာပြီး၊ မကောင်းတာပြောပြီး အမုန်းပွားနေတဲ့အချိန်မှာ ဦးနှောက်လှိုင်းတွေဟာ တုန်ခါမှုနှေးကွေးသွားတာကို တွေ့ရပါတယ်။

ပညာရှင်တွေရဲ့ ဒီစမ်းသပ်ချက်ကြောင့် လူတွေရဲ့ အချစ်အပေါ်ထားရှိတဲ့သဘောတရားတွေ ပြောင်းလဲသွားကြပါတယ်။ အရင်တုန်းက လူတွေက “ချစ်ခြင်းမေတ္တာဆိုတာ တားဆီးထိန်းချုပ်နိုင်တဲ့အရာမဟုတ်ဘူး” လို့ ယူဆထားတဲ့အတွက် အချစ်တွေကို ထိန်းချုပ်ဖို့ မကြိုးစားကြပါဘူး။ ဒါပေမဲ့ ဒီစမ်းသပ်ချက်အကြောင်းကို သိပြီးတဲ့အခါမှာတော့ အချစ်ကို ဦးနှောက်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားလာပါတော့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီစမ်းသပ်ချက်ကို ပြုလုပ်ခဲ့တဲ့ပညာရှင်တစ်ဦးကတော့ “ဒီလိုစမ်းသပ်တာဟာ အချစ်ကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ အချစ်ကြောင့် ဖြစ်ပေါ်လာနိုင်မယ့် စတေးမှုတွေ၊ ပေးဆပ်မှုတွေ၊ နာကျင်ခံစားမှုတွေကို ကြိုတင်ထိန်းချုပ်ပြီး အချစ်စိတ်ကို စေစားနိုင်မယ့် သခင်တစ်ယောက်ဖြစ်လာစေဖို့ပါ” လို့ ပြောဆိုခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီစမ်းသပ်ချက်အတိုင်း ချစ်သူရဲ့ကောင်းကွက်လေးတွေကိုတွေးတောရင်း ချစ်ခြင်းတွေ ပြန်လည်နွေးထွေးအသက်ဝင်လာနိုင်တယ်ဆိုရင် ဒါဟာ အဖိုးတန်တဲ့ ကြိုးစားမှုတစ်ခုလို့ ဆိုနိုင်တယ်မဟုတ်ပါလားရှင်။

စိတ်ဝင်စားစရာကောင်းတယ်ဆိုရင် SHARE လိုက်ပါ။