လက်ထပ်လိုက်ရတဲ့ အိမ်ထောင်ရှင်မတစ်ဦးအနေနဲ့ ဘာတွေကို ဆုံးရှုံးလိုက်ရလဲ။

blank

အဲ့ဒီနေ့က ကျွန်တော့်ဇနီးသည်နဲ့ ကျွန်တော် စကားများရန်ဖြစ်ခဲ့ကြတယ်။ ဖြစ်ရတဲ့အကြောင်းကလည်း ဘာမှ အထွေအထူး မဟုတ်ပါဘူး။ ကျွန်တော် အလုပ်ကနေ ပင်ပင်ပန်းပန်းနဲ့ ပြန်လာတဲ့ နေ့တစ်နေ့ပေါ့။ အိမ်ထဲ ဝင်သွားတော့ သမီးကို သူ ဧည့်ခန်းထဲမှာ စာပြပေးနေခဲ့ပါတယ်။ ကျွန်တော်လည်း ပင်ပန်းတာနဲ့ အဝတ်အစားလဲပြီး အနားယူဖို့ အိပ်ခန်းထဲကို ဝင်သွားခဲ့တယ်။

အဝတ်အစားလဲပြီး အေးဆေးထိုင် တီဗွီကြည့်မလို့ ပြင်ဆင်နေတုန်းမှာ ကျွန်တော့်ဇနီး အိပ်ခန်းထဲ ဝင်လာပြီး မနက်စာအတွက် နွားနို့မကျန်တော့လို့ ကျွန်တော့်ကို သွားဝယ်ခိုင်းတယ်။ ခုမှ အလုပ်က ပြန်လာလို့ အနားယူမယ် ကြံရုံရှိသေး ဒီမိန်းမ လူကို လာခိုင်းနေတယ်ဆိုပြီး ကျွန်တော် ဒေါသထောင်းခနဲ ထသွားတာပေါ့။ “ငါ တစ်နေကုန် ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ထားရတာ ဝယ်ချင်ရင် မင်းဘာသာမင်း သွားဝယ်ပါလား။” လို့ ကျွန်တော်သူ့ကို အော်ပြောလိုက်တော့ သူက ဒီလိုပြန်ပြောတယ်။ “ကျွန်မလည်း အိမ်မှုကိစ္စတွေနဲ့ တစ်နေကုန် အလုပ်ရှုပ်နေရတာပါပဲ။ ဒါပေမဲ့ ဒါတွေကို လုပ်နေရတယ်လို့တော့ မမြင်မိပါဘူး။ ကျွန်မ မိသားစုအတွက်ပဲလေ။ ကျွန်မအလုပ်က ဝင်ငွေမရှိဘူးဆိုပေမယ့် ကျွန်မလည်း ပင်ပန်းရတာချင်းတော့တူတူပါပဲ။ ခုက သမီးလေး မနက်ဖြန်စာမေးပွဲ ဖြေရတော့မှာမို့ သူစာကြည့်တာကို ကျွန်မ စောင့်ပေးဖို့ လိုအပ်နေတာကြောင့် ရှင့်ကို နွားနို့သွားဝယ်ဖို့ အကူအညီတောင်းရတာပါ။ ” လို့ ပြောတယ်။

ကျွန်တော် အလုပ်မှာ ပင်ပန်းလာတာကော ဒေါသထွက်တာတွေကော စုပေါင်းပြီး “ငါကတော့ တစ်နေကုန် မင်းတို့စားဖို့သောက်ဖို့ ပိုက်ဆံရှာနေရတာ။ မင်းကတော့ အိမ်မှာ အေးဆေးနှပ်နေပြီး အလုပ်မရှိ အကိုင်မရှိနဲ့” လို့ သူ့ကို အော်မိလိုက်တယ်။ ပြီးတော့ “မင်း ငါနဲ့ ယူလိုက်ရလို့ ဘာတွေများ ဆုံးရှုံးသွားရလို့လဲ ငါက လိုလေသေးမရှိ ရှာကျွေးထားတာပဲ မဟုတ်လား” လို့ ထပ်ပြောလိုက်သေးတယ်။ ကျွန်တော် အဲ့ဒီလို ပြောပြီး သူ့မျက်နှာလေး အိုစာသွားတယ်။ တစ်အောင့်ကြာတော့ သူ မျက်ရည်တွေ ဝဲတက်လာတယ်။

ပြီးတော့ တုန်ခါနေတဲ့ အသံတွေနဲ့ သူ ကျွန်တော့်ကို ဒီလိုတွေ ပြောလာခဲ့တယ်။“ကျွန်မက အလုပ်မရှိ အကိုင်မရှိတဲ့လား။ ကျွန်မ ရှင်နဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာ ကျွန်မဝါသနာ ပါလွန်းတဲ့ ရှေ့နေအလုပ်ကို စွန့်လွှတ်ခဲ့တယ်။ အစကတော့ မိသားစု စီးပွားရေး အခြေခိုင်သွားတဲ့အခါမှ ကျွန်မဝါသနာကို ဆက်ပြီးအကောင်အထည်ဖော်တော့မယ်လို့ ဆုံးဖြတ်ထားခဲ့တာပဲ။ ဒါပေမဲ့ မမျှော်လင့်ဘဲ ကျွန်မတို့ ဘဝထဲကို သမီးလေး ဝင်ရောက်လာခဲ့တယ်။ သမီးလေး ကို ပြုစုပျိုးထောင်ဖို့အတွက် ကျွန်မ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ခဏ မေ့ထားလိုက်ပါတယ်။ ဟုတ်ပါတယ် ရှင်ပြောသလို ကျွန်မက အလုပ်မရှိ အကိုင်မရှိ မိန်းမတစ်ယောက်ပါပဲ။ ဒါပေမဲ့ ကျွန်မ အိမ်ထောင်ရှင်မ တစ်ဦးရဲ့ တာဝန် ဝတ္တရားတွေကို မပျက်မကွက် ကျေပွန်ခဲ့တယ်။ ရှင်နဲ့ ယူလိုက်လို့ ဝါသနာနဲ့ အလုပ်ကို ဆုံးရှုံးခဲ့ရတယ်။ မိသားစုကိုလည်း စွန့်ခွာခဲ့ရတယ်။ အပျိုတစ်ယောက် ရဲ့လွတ်လပ်မှုတွေကိုလည်း ဆုံးရှုံးခဲ့ရတာပါပဲ။ ဒါပေမဲ့ ကျွန်မရှင့်ကို အပြစ်မတင်ခဲ့ပါဘူး။ ကျွန်မဘဝတစ်ခုလုံး သမီးလေးနဲ့ ရှင့်ဆီမှာပဲ ရင်းနှီးမြုပ်နှံထားခဲ့တာပါ။ ပြောပါဦး ရှင့်မှာရှိတဲ့ ဆုံးရှုံးမှုတွေက ကျွန်မ ဆုံးရှုံးရတာတွေထက် ပိုနေလို့လား။”  ဆိုပြီး သူကပြောပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူပြောတော့မှ ကျွန်တော်တို့ လက်ထပ်ဖြစ်ခဲ့တဲ့ အကြောင်းကို ကျွန်တော် ပြန်စဉ်းစားမိသွားတယ်။ သူ့ဘက်က မိဘတွေ သဘောမတူတဲ့ကြားက သူကျွန်တော်နဲ့ လက်ထပ်ခဲ့တယ်။ ကျွန်တော်တို့ယူပြီး ကတည်းက လင်ယောက်ျားဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စတွေ လုပ်မယ့်သူမရှိလို့ ဥပဒေကျောင်းကနေ နှုတ်ထွက်ခဲ့ရတယ်။ စီးပွားရေး အခြေအနေကောင်းရင်တော့ သူ့ကို ကျောင်းပြန်တက်ခိုင်းမလို့ပါပဲ။ ဒါပေမဲ့ မမျှော်လင့်ဘဲ သမီးလေးကရလာတော့ သူ ကျောင်းဆက်တက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ခဲ့ဘူး။ ကျွန်တော်ကြောင့်နဲ့ သူကျောင်းထွက်ထားရတော့ ပညာရေးကို ဦးစားပေးတဲ့ သူ့မိဘတွေက ကျွန်တော့်ကိုမကြည်ဘူး။ ဒါကြောင့် စီးပွားရေးပိုင်းနဲ့ ပတ်သက်ပြီး မိဘတွေကို အကူအညီတောင်းလို့ မရခဲ့ပါဘူး။ ကျွန်တော်တို့ ဘေးကျပ်နံကျပ် အခြေအနေပေါင်းစုံကို ဖြတ်သန်းခဲ့ကြဖူးပါတယ်။ အခု ဒီအခြေအနေထိ ရောက်လာနိုင်တာကလည်း ကျွန်တော်က ရှာပြီး သူစုဆောင်းကောင်းခဲ့လို့ပါ။ အိမ်ထောင်မှု တစ်ခုမှာ အိမ်ရှင်မရဲ့ အစီအမံကောင်းတွေကလည်း တစ်ထောင့်တစ်နေရာကနေ အရေးပါပါတယ်။ ကျွန်တော် အလုပ်မှာ အဆင်မပြေဖြစ်ခဲ့တာနဲ့ပဲ သူ့အပေါ် ပုံချလိုက်မိတယ်။ စိတ်မကောင်းဖြစ်ပြီး သူ့ကို ငဲ့ကြည့်မိတော့ တိတ်တိတ်လေး ရှိုက်ငိုနေတာကို မြင်လိုက်ရတယ်။

ကျွန်တော် သူ့ပခုံးလေးကို လက်နဲ့ ခပ်ဖွဖွ ဆုပ်ကိုင်ပြီး “ကိုယ် တောင်းပန်ပါတယ်။ ကိုယ်မှားသွားပါတယ်။ နောက်ခါ ဒီလို စကားမျိုးတွေ မပြောတော့ပါဘူး။ မင်းဟာ ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက်ပါ။ ကိုယ်အခုလို ပြောမိသွားတာကလည်း ဒီနေ့ အလုပ်မှာ အဆင်မပြေ ဖြစ်လာလို့ပါ။ မင်းကိုယ့်ကို နားလည်ခွင့်လွှတ်ပေးမယ် မဟုတ်လား။” လို့ ပြောမိတော့ သူမျက်ရည်တွေကို ချက်ချင်းသုတ်ပြီး ကျွန်တော့်ကို ဒီလို ပြန်ပြောတယ်။ “ကျွန်မနားလည်ပါတယ် ပြီးတော့ ကျွန်မကို အိမ်ထောင်ရှင်မကောင်းတစ်ယောက်လို့ ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” တဲ့။ အချိန်တိုအတွင်းမှာပဲ သူ့ဘဝ၊ သူကျွန်တော့်ကြောင့် စွန့်လွှတ်ခဲ့ရတာတွေကို နားလည်နိုင်ခဲ့တဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ကျေးဇူးတင်မိတယ်။ အဲ့ဒီနေ့ကစပြီး ကျွန်တော် သူ့ကို နာကျင်စရာ စကားလုံးတွေနဲ့ မထိုးနှက်ဖြစ်တော့ဘူး။

ကျွန်တော်တို့ဟာ ချစ်လို့ ကြိုက်လို့ လက်ထပ်ခဲ့တာပါ။ နှလုံးသားချင်းက ဆက်နွယ်နေတာဖြစ်လို့ သူ စိတ်မချမ်းသာရင် ကျွန်တော်လည်း စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကူညီမပေးနိုင်ခဲ့ရင်တောင် သူ့ကို စိတ်ချမ်းသာအောင်တော့ ထားရမယ် မဟုတ်လား။ ဒါကြောင့် ဒီကနေ့ ကစပြီး သူ့ကို အရင်ကထက်ပိုပြီး ယုံကြည်မယ်။ လေးစားမယ်။ ပိုပိုပြီး ချစ်သွားမယ်လို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ်။ ဘယ်လိုလဲ ကျွန်တော့် ဆုံးဖြတ်ချက်က မှန်ကန်တယ် မဟုတ်လား။