ရိုင်းစိုင်းမှုတိုင်းကို အရှုံးပေးလိုက်ပါ။

blank

သမီးရေ…။

မေမေဆယ်ကျော်သက်ဘဝလောက်တုန်းက ရပ်ကွက်ထဲက လူတချို့က အထင်လွဲမှုတစ်ချို့ကြောင့် အိမ်ရှေ့မှာ ဘိုးဘိုးနဲ့ ဘွားဘွားကို အော်ဆဲ ပြဿနာတွေရှာပါလေရော။ သမီးဘိုးဘိုးက မေမေတို့အားလုံးကို တံခါးတွေပိတ်၊ အားလုံးအိမ်ထဲမှာနေတဲ့။ ရန်တွေ့နေတဲ့လူတွေက ၃နာရီလောက်ကြာတော့ ငြိမ်သွားပါလေရော။

ကိုယ့်ကိုအော်ဆဲနေတဲ့ တစ်လျှောက်လုံး မေမေက မခံချိမခံသာတွေဖြစ်ပြီး တုံ့ပြန်ချင်တာပေါ့။ အဲ့ဒီအချိန်သမီးဘိုးဘိုးကမေးတယ်။ “သူကနင့်ကိုဆဲသလို နင်ပြန်ဆဲနိုင်မှာလား။ သူတစ်တစ်ခွခွပြောနေသလို နင်က ပြန်ပြောနိုင်မှာလား။ သူတို့ အော်နေသလို နင်အော်နိုင်မှာလား” တဲ့။ မေမေက “မအော်နိုင်ဘူး” လို့ပြောတော့ “အေး.. သူတို့က ဖေဖေတို့လို ပြဿနာကိုအေးအေးဆေးဆေး ဖြေရှင်းမယ့်ပုံလည်း မပေါ်တော့ ဖေဖေတို့က အခုကတည်းက အရှုံးပေးပြီး အိမ်ထဲမှာနေလိုက်တာကောင်းတယ်တဲ့။ တုံ့ပြန်ပြီး ရှုံးတာထက် မတုံ့ပြန်ဘဲ ရှုံးနေတာက ပိုမကောင်းဘူးလား” တဲ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အဲ့ဒီနေ့က စပြီး ကိုယ့်ကိုတစ်ဖက်သတ်ရန်တွေ့တဲ့စကားတွေကိုဆိုရင် မေမေအရှုံးပေးဖြစ်တယ်။ ကိုယ်နဲ့အတူတူ ပြဿနာကိုအေးအေးဆေးဆေးရှင်းမယ့်သူ၊ နားလည်မှုလွဲနေတာကို နားလည်ပေးနိုင်တဲ့သူမဟုတ်ရင် မေမေအရှုံးပေးဖြစ်ပါတယ်။ ပြီးတော့သူတို့ဆဲဆိုနေတာတွေက မေမေတို့မယူသေးသရွေ့ သူတို့ဆီမှာပဲရှိနေမှာ မဟုတ်လား။

သမီးလေးရဲ့မေမေ။